၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ရဲဘော်တွေအတွက် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနား MNDAAပြုလုပ်
- BVJ
- Apr 18
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၈ ၊ ၂၀၂၅

၁၀၂၇ စစ်ဆင်ရေး ပထမအကျော့နဲ့ ဒုတိယအကျော့ တိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တပ်ဖွဲ့ဝင်တွေကို အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားကို ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ ရန်လုံကျိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) က မနေ့ ဧပြီ ၇ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို ရန်လုံကျိုင်း သူရဲကောင်းဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်အပါအဝင် ထိပ်တန်းခေါင်းဆောင်ပိုင်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့နဲ့ ဒုတိယအကျော့ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်အချို့လည်း အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့ကြသလို ကျဆုံးရဲဘော်တွေရဲ့ မိဘဆွေမျိုးများလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးအတွင်း MNDAA သိမ်းယူထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးရမယ့်သတင်းတွေ ထွက်ပေါ်နေချိန် အခုလို ကျဆုံးရဲဘော်တွေအတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။ လားရှိုးမြို့ကို MNDAA က စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးရမယ့်အခြေအနေနဲ့ပတ်သက်ပြီး MNDAAဘက်က တရားဝင်ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆို၊ ကြူကုတ်(ပန်ဆိုင်း)၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ၊ မော်ထိုက်၊ ကုန်းကြမ်း၊ လောက်ကိုင် စတဲ့မြို့တွေကို MNDAA က သိမ်းယူထိန်းချုပ်ထားပါတယ်။ လားရှိုးမြို့ကို MNDAA က သိမ်းယူထိန်းချုပ်ပြီးနောက်ပိုင်း စစ်ရေးရပ်တန့်ဖို့ တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ဖိအားပေးမှုတွေရှိလာခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို ပိတ်ဆို့ဖြတ်တောက်မှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
Comments