နှစ်ပေါင်းသုံးဆယ်ကျော်တပ်စွဲထားတဲ့ ဝင်းဝစစ်တပ်စခန်းကို တစ်လကျော်ကြာတိုက်ခိုက်ပြီး KNLAနဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်
- BVJ

- 2 minutes ago
- 1 min read
ယူဂရင်း/BVJ_မတ် ၁၂၊ ၂၀၂၆

စစ်အုပ်စုက တနင်္သာရီတိုင်း၊မြိတ်-ထားဝယ်ခရိုင်၊သရက်ချောင်းနယ်မြေထဲက ထားဝယ်-မြိတ် အမှတ်(၈)လမ်းမှတ်ကြီး မင်းဒပ်ကျေးရွာအတွင်းမှာ နှစ်ပေါင်း(၃၀)ကျော်အခြေချတပ်စွဲထားတဲ့ ဝင်းဝတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က မတ် ၁၁ရက် ညနေလေးနာရီအချိန်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
ဝင်းဝစခန်းကို ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ (၇)ရက်နေ့ မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လကျော်အကြာ မနေ့က ညနေလေးနာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကြောင်းနဲ့ တိုက်ပွဲအတွင်း အသက်နဲ့ခန္ဓာပေးဆပ်ခဲ့တဲ့ သူရဲကောင်းတွေ၊ ပြည်သူလူထုတွေနဲ့ တိုက်ပွဲအတွက် အဘက်ဘက်ကပံ့ပိုးကူညီအားပေးခဲ့တဲ့ ပြည်သူလူထုတွေအားလုံးကိုအသိအမှတ်ပြုတယ်လို့ KNUက ဖော်ပြပါတယ်။
ဒါ့အပြင် “မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ်(၂)လက်အောက်ခံတပ်ရင်းများ၏ ရဲရဲရင့်ရင့်စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပေးဆပ်ကြသောခေါင်းဆောင်(အရာရှိ)များ၊ စစ်သည်တော် (ကျား/မ)များအားလုံး၊ မဟာမိတ်အဖွဲ့များအားလုံးကိုလည်း အသိအမှတ်ပြု တန်ဖိုးထားဂုဏ်ပြုအပ်ပါသည်”လို့ ပြောထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ကရင်လွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ်(၂)ဦးဆောင်မှုနဲ့ K.N.L.A တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄)အထူးကွန်မိုတော်တပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်းနဲ့ တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းလက်နက်ခဲယမ်းတွေကိုလည်း ရရှိခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်အတွင်းမှာ မြိတ်ထားဝယ်ခရိုင်၊ အမှတ်(၄)တပ်မဟာနယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကရင်အမျိုးသားကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့နဲ့စစ်အုပ်စုတို့အကြား တိုက်ပွဲ(၅၅)ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီအတွင်းမှာ စစ်အုပ်စုဘက်က (၁၇၃)ဦးသေဆုံးကာ (၈၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ စစ်အုပ်စုတပ်စခန်းတွေဖြစ်တဲ့ ထီးထာ၊ မယ်သမီခီး၊ အီးသာခေး၊ မောတောင်နဲ့ မောမစား တပ်စခန်းတို့ ကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ KNUကထုတ်ပြန်ချက်အရ သိရပါတယ်။




Comments