မြိုင် ပကဖတာဝန်ခံ ဗိုလ်လက်ယာကို မကွေးကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြု
- BVJ

- 32 minutes ago
- 1 min read
မိုနာ/BVJ_မတ် ၁၃၊ ၂၀၂၆

မကွေးတိုင်း၊မြိုင် ပကဖတာဝန်ခံ ဗိုလ်လက်ယာကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က မနေ့က မတ်လ ၁၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဧကဒသမပုံမှန်အစည်းအဝေးခေါ်ယူကျင်းပပြီး ကြားကာလ မကွေးဖက်ဒရယ်ယူနစ် ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးတွေနဲ့ရှေ့နေချုပ်တို့ကို အတည်ပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့ကြေညာချက်အရ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဒုတိယဝန်ကြီးချုပ်အဖြစ် ဦးချစ်ဝင်းမောင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးလက်ယာ(ခ) ဖိုးကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ သယံဇာတနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကိုလတ်၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်သူရ၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမိုးမင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းအောင်ဝင်း(ခ) ဦးဆလိုင်း၊ ရှေ့နေချုပ် ဒေါ်မေရီ တို့ကို လွှတ်တော်ကကန့်ကွက်မယ့်သူမရှိ ထောက်ခံခန့်အပ်ခဲ့ကြတာဖြစ်ပါတယ်။
အခုအတည်ပြုခန့်အပ်လိုက်တဲ့ ကာကွယ်ရေးဝန်ကြီးဗိုလ်လက်ယာဟာ ရဲကနေ CDMလုပ်ထားတဲ့ ရဲ စီဒီအမ်တစ်ဦးလည်းဖြစ်ပြီး သူ့ရဲ့တပ်ဖွဲ့ဟာ ဒေသတွင်းငွေကြေးတောင့်တင်းတဲ့လက်နက်ကိုင်တပ်ဖွဲ့အဖြစ်လည်း လူသိများထင်ရှားပါတယ်။

အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ အပါအဝင် ယူနစ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်၊ မကွေးဖက်ဒရယ်ယူနစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်း၊ ပြည်နယ်၊ ဒေသနဲ့ ဖက်ဒရယ်ယူနစ်တွေက လွှတ်တော်၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗဟိုအလုပ်မှုဆောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဗဟိုအလုပ်ကော်မတီ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယူနစ်အလုပ်မှုဆောင်၊ ကြားကာလရွေးချယ်ရေးကော်မရှင်အဖွဲ့ဝင်တွေ၊ ကြားကာလအစီအမံရေးဆွဲရေးမှာ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ အစုအဖွဲ့(၇)ဖွဲ့က အဖွဲ့ဝင်တွေ စတဲ့သူတွေတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း အစည်းအဝေးကိုသဝဏ်လွှာပေးပို့ခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အနေနဲ့ ကိုယ့်ယူနစ်အတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ လူထုအသိုက်အဝန်းကြားပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ထွန်းလာစေဖို့ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍက ဆက်လက်ဦးဆောင်ပေးဖို့ကို တိုက်တွန်းထားပါတယ်။
ဒ့ါအပြင် တာဝန်ထမ်းဆောင်မယ့်အစိုးရအဖွဲ့ဝင်တွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးအတွက် ခိုင်မာတဲ့အုတ်မြစ်တွေချမှတ်နိုင်တဲ့ အစည်းအဝေးဖြစ်ဖို့လည်း ဆုတောင်းပေးထားပါတယ်။
NUGအနေနဲ့လည်း လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အခြားအင်အားစုတွေနဲ့လက်တွဲကာ”ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကော်မတီ”ကိုဖွဲ့စည်းနိုင်ဖို့ အလေးထားကြိုးပမ်းနေကြောင်းနဲ့ မကြာမီကာလအတွင်းမှာအကောင်အထည်ဖော် ဖွဲ့စည်းနိုင်တော့မယ်လို့လည်း သဝဏ်လွှာထဲမှာ ထည့်သွင်းပြောထားပါတယ်။




Comments