ယင်းမာပင် တပ်ရင်း(၂၀)အမှု နစ်နာသူနဲ့သက်သေတွေပူးပေါင်းပါဝင်ဖို့ NUG ထုတ်ပြန်
- BVJ

- 2 hours ago
- 1 min read
မိုနာ/BVJ_မတ် ၁၂၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းအတွင်းဖြစ်ပွားခဲ့တဲ့ ရဲမေတစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က မတ်လ ၁၁ရက်မှာထုတ်ပြန်ပါတယ်။
အဲ့ဒီအမှုကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်းနဲ့ လက်ရှိမှာလည်း သက်ဆိုင်ရာ တပ်ရင်းက တာဝန်ရှိသူ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ သံသယ တရားခံတို့ကို ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့အတွက် အခင်းဖြစ်ပွားခဲ့တဲ့ ပလဖ နယ်မြေကင်းစခန်းရှိ သက်သေတွေကိုလည်း လွှဲပြောင်းမိန့်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒ့ါအပြင် အဲ့ဒီအမှုနဲ့ပတ်သက်ပြီး အွန်လိုင်းမှာမပျံ့နှံ့ခင်ထဲက လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ကြောင်းနဲ့ နစ်နာသူ(တိုင်တန်းသူ)နဲ့ ကျူးလွန်သူဟုသံသယရှိသူ (တိုင်တန်းခံရသူ)တွေဟာ စစ်ဘက်ဆိုင်ရာ ဥပဒေတွေကို လိုက်နာရသူတွေဖြစ်ကြတာကြောင့် စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီဖမ်းဆီးထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်လျက်ရှိတယ်လို့လည်း NUGကထုတ်ပြန်ပါတယ်။
ဒါကြောင့် “နစ်နာသူနှင့် သက်သေများအနေဖြင့် ပူးပေါင်းပါဝင်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။နစ်နာသူနှင့်သက်သေများ ဘေးကင်းလုံခြုံရေး နှင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်”လို့ ပြောထားပါတယ်။
ဒီအမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးအစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်သလို ပူးပေါင်းပါဝင်ကျူးလွန်သူတွေကိုလည်း ဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမယ်လို့လည်း NUGထုတ်ပြန်ချက်မှဖော်ပြပါတယ်။
ယင်းမာပင်တပ်ရင်း(၂၀)ရဲ့တပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တစ်ဦးဟာ တပ်ရင်းရဲ့ခွင့်ပြုချက်မရှိဘဲ ကျေးရွာအတွင်းအလှူခံတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာလနောက်ဆုံးပတ်မှာ တပ်ရင်းကဖမ်းဆီးပြီး ပလဖရုံးအချုပ်ခန်းထဲပို့ဆောင်ချုပ်နှောင်ခဲ့ပါတယ်။ အဲ့ဒီဖမ်းဆီးချုပ်နှောင်ထားချိန်အတွင်းမှာ ကြိုးနဲ့တုတ်၊ပါးစပ်အဝတ်စည်းပြီး နှစ်ရက်ဆက်အဓမ္မပြုကျင်ခံခဲ့ရသလို နှိပ်စက်ညှင်းပန်းမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ (၃)နှစ်သမီးငယ်နဲ့ရဲမေတို့ကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို ပြုလုပ်ခဲ့ကြောင်းနဲ့ ကာယကံရှင်ကပြောထားပါတယ်။
အဲ့ဒီအမှုနဲ့ပတ်သက်ပြီး အမြန်ဆုံးစုံစမ်းစစ်ဆေးပေးဖို့နဲ့ ကျူးလွန်သူတွေကိုထိထိရောက်ရောက် အရေးယူဖို့ဆိုပြီး ဗကသများအဖွဲ့ချုပ်၊ Progressive Voice၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ စစ်ကိုင်းတိုင်းသပိတ်အင်အားစု၊ မြန်မာမွတ်စ်စလင်အစည်းအရုံး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ-GSC၊ အညာပစ်တိုင်းထောင်လေးများ၊ အမျိုးသမီးမဟာမိတ်အင်အားစု တို့အပါအဝင် အမျိုးသမီးအဖွဲ့တွေ၊ ဒေသတွင်း ကူညီကယ်ဆယ်ရေးတွေ၊ သပိတ်ကော်မတီတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်း စတဲ့ အဖွဲ့အစည်း ၁၄၉ ဖွဲ့က မတ်လ ၉ရက်မှာ စုပေါင်းတောင်းဆိုချက်ထုတ်ပြန်ထားပါတယ်။




Comments