top of page

ဧပြီ ၂၁ရက် ငလျင်ကြီးလှုပ်မယ်လို့သတင်းလွှင့်ခဲ့သူကို စစ်ကောင်စီဖမ်းဆီး

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/ယူဂရင်း_ ဧပြီ ၂၄၊ ၂၀၂၅


အခုလ ဧပြီ ၂၁ ရက်မှာ ငလျင်ကြီးတခုလှုပ်ခတ်မယ်လို့ John (Palmistry) Tiktok အကောင့်ကနေ သတင်းအမှားဖြန့်ဝေခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီက မနေ့က ဧပြီ ၂၃ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။


ဧပြီ၂၂ ရက်မှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြဝတီရပ်ကွက် တိုးချဲ့ကွက်သစ်ရပ်၊ ရွှေညောင်ပင်လမ်းက နေအိမ်မှာ သွားရှာပြီး John (Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။


အခုဖမ်းဆီးခဲ့တဲ့ ဂျွန်မိုးသဲဟာ အရင်ကလည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ် ဆန္ဒပြပွဲတွေမှာ အကြိမ်၂၀ ခန့်ပါဝင်ခဲ့တာကြောင့် မုံရွာနယ်မြေရဲစခန်းကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်အရေးယူခဲ့ပေမယ့် အသက်မပြည့်သူ ကလေးသူငယ်ဖြစ်တဲ့အတွက် မိဘအုပ်ထိန်းမှုအောက် ကောင်းမွန်စွာနေထိုင်ဖို့ မုံရွာခရိုင်တရားရုံးကအမိန့်ချမှတ်ခံထားရသူ ဖြစ်ကြောင်း၊ ၂၀၂၁ မေ ၂၈ ရက်မှာတော့ ကော့ကရိတ်မြို့ကနေတဆင့် KNDO တပ်ရင်း ၆မှာ သင်တန်းသွားတက်ခဲ့ကြောင်းနဲ့ အဲ့ဒီနောက် အဖွဲ့အစည်းတွေအွန်လိုင်းကနေအလှူငွေ ကောက်ခံထောက်ပံ့ပေးနေသူဖြစ်ကြောင်း စစ်ကောင်စီသတင်းတွေမှာ ဖော်ပြပါတယ်။


၂၀၂၁ စက်တင်ဘာလ တတိယပတ်ခန့်က မုံရွာမြို့ကိုပြန်လည်နေထိုင်ချိန်မှာ အောက်တိုဘာ ၃၀ ရက်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)/၅၂(က)တို့နဲ့ အမှုဖွင့်ကာ မုံရွာခရိုင်တရားရုံးကနေ ၂၀၂၂ အောက်တိုဘာလမှာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တာကြောင့် မန္တလေးမြို့ လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းမှာရောက်ရှိခဲ့ပြီး ၂၀၂၃ ဇွန်လမှာ ပြန်လည် လွတ်မြောက်လာတာလို့ သိရပါတယ်။


ထောင်ကနေလွတ်ပြီး ဗေဒင်လက္ခဏာပညာအားအသုံးချကာ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်ဖို့ရည်ရွယ်ကာ Tiktok အကောင့်ကနေအကြမ်းဖက်အဖွဲ့အစည်းတွေ၊ ငလျင်တွေနဲ့ပတ်သက်တဲ့ ပိုစ့်တွေရေးသားဖော်ပြခဲ့တာကို စိစစ်တွေ့ရှိတာကြောင့် ဂျွန်မိုးသဲကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။


ဧပြီ ၂၁ရက် ညနေသုံးနာရီမှာ ငလျင်ကြီးလှုပ်ခတ်မယ်ဆိုတဲ့ ကောလဟာလကြောင့် မန္တလေး၊ စစ်ကိုင်းနဲ့ ရန်ကုန်မြို့က ဒေသခံတွေဟာ နေအိမ်တွေမှာမနေရဲဘဲ လမ်းတွေပေါ် ထွက်တိမ်းရှောင်နေကြတာမျိုး ဖြစ်ခဲ့ပါသေးတယ်။

Kommentarer


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page