ထိုးစစ်ကိုခုခံရင်း ကလေးမြို့UGရဲဘော် ၄ ဦးကျဆုံး
- BVJ

- 20 minutes ago
- 1 min read
မိုနာ/BVJ_သြဂုတ် ၂၅၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာမှာဖြစ်တဲ့ အာဏာသိမ်းစစ်တပ်နဲ့တိုက်ပွဲအတွင်းမှာ ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က ရဲဘော် ၄ ဦးကျဆုံးခဲ့တယ်လို့ အဖွဲ့က ဒီနေ့ သြဂုတ် ၂၅ရက်မှာထုတ်ပြန်ပါတယ်။
ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က ရဲဘော် ကျော်မိုးဝင်း (ခ) မဆိုး (အသက် ၂၇ နှစ်)၊ ရဲဘော် ဇင်ကိုလတ် (အသက် ၂၈ နှစ်)၊ ရဲဘော် ကျော်စိုးအောင် (အသက် ၂၈ နှစ်)နဲ့ ရဲဘော် အောင်မြင့်ဝင်း (အသက် ၄၃ နှစ်) တို့ဟာ အခုလ သြဂုတ် ၁၅ရက် ၁၀း၃၀အချိန်မှာ စစ်အုပ်စုရဲ့ထိုးစစ်ကို ရဲဝင့်စွာခုခံကာကွယ်ရင်းကျဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
ရဲဘော်လေးဦးရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်နဲ့နိုင်ငံနဲ့လူမျိုးအပေါ် အနစ်နာခံပေးဆပ်မှုတို့ကို ဂုဏ်ယူလေးစားဦးညွတ်အလေးပြုကြောင်းနဲ့ ဆုံးရှုံးမှုအတွက်မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းတို့ကို UGအဖွဲ့ကပြောထားပါတယ်။
ကလေးမြို့ မြို့ပြစီမံချက် UGအဖွဲ့ဟာ ကလေးမြို့အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုကိုပြောက်ကျားနည်းနဲ့ စစ်ဆင်ရေးတွေဖော်ဆောင်တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီး ချင်းညီနောင်စစ်ဆင်ရေးဖြစ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာလည်း မဟာမိတ်အဖြစ်ပါဝင်တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ-ဖလမ်း လမ်းပိုင်းကို ပြီးခဲ့တဲ့ ဇူလိုင်လလယ်ထဲက စစ်တက်ဘက်ကစစ်ကြောင်းချီတက်လာတာဖြစ်ပြီး အဲ့ဒီလမ်းကြောင်းအတွင်း တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားကာ အထိနာကျဆုံးမှုတွေလည်းရှိခဲ့ပါတယ်။




Comments