top of page

တော်လှန်ရေးတပ်ဖွဲ့ဖမ်းဆီးစစ်ဆေးချိန်မှာ ပျံလွန်တော်မူခဲ့တဲ့ရွာဦးကျောင်းဆရာတော်အတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့ဒေသခံတွေလိုလား

  • Writer: BVJ
    BVJ
  • Aug 26
  • 1 min read

မိုနာ/BVJ_သြဂုတ် ၂၆၊ ၂၀၂၆

ပျံလွန်တော်မူသွားတဲ့ ရွာဦးကျောင်းထိုင် အရှင်ဣန္ဒာစာရ
ပျံလွန်တော်မူသွားတဲ့ ရွာဦးကျောင်းထိုင် အရှင်ဣန္ဒာစာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ရဲ့ ဖမ်းဆီးခံထားရတဲ့ ရွာဦးကျောင်းထိုင်ဆရာတော် အရှင်ဣန္ဒာစာရဟာဖမ်းဆီးခံရချိန်မှာပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီကပြောပြချက်အရ သိရပါတယ်။


သက်တော် ၅၂နှစ်ရှိပြီဖြစ်တဲ့ ဆရာတော်ဟာ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်အတွင်းက ရွှေဒါးကျကျေးရွာကနေ အခုလ သြဂုတ် ၁၈ရက်ညမှာ ချောင်ဦးတော်လှန်ရေးအဖွဲ့တွေကလာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး မနေ့က ၂၅ရက်နေ့မှာတော့ ဆရာတော်ရဲ့ရုပ်အလောင်းကိုလာယူဖို့ဆိုကာ ချောင်းဦးပလဖက အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံကပြောပါတယ်။


"စစ်မေးစရာရှိလို့ဆိုပြီး လက်နက်တွေနဲ့လူတွေအများကြီးနဲ့ညဆယ်နာရီလောက်မှာလာဖမ်းသွားတာ။ အဲ့ဒါမနေ့ကကျတော့ အလောင်းလာယူဖို့ဆိုပြီးပြောလို့သွားယူပြီး အဲ့နေ့ပဲစျာပနလုပ်ပေးလိုက်ကြပြီ။ ဆရာတော်မှာဒဏ်ရာတွေလည်းတွေ့တယ် ရိုက်နှက်ထားတာတွေရောဆိုတော့ ဒေသတွင်းကလူတွေအားလုံးကတော့ ဆရာ‌တော်အတွက်ဝမ်းနည်းနေတယ်။တရားမျှတမှုကိုလိုချင်နေကြပါတယ်"လို့ Burma VJကိုပြောပါတယ်။
ဆရာတော်ခန္ဓာကိုယ်မှာတွေ့ရတဲ့ဒဏ်ရာနဲ့လက်သန်းထိပ်မှာအသားမရှိတော့ကြောင်းပြသနေပုံ(ဓါတ်ပုံ-Mizzima)
ဆရာတော်ခန္ဓာကိုယ်မှာတွေ့ရတဲ့ဒဏ်ရာနဲ့လက်သန်းထိပ်မှာအသားမရှိတော့ကြောင်းပြသနေပုံ(ဓါတ်ပုံ-Mizzima)

ဆရာတော်ကိုဖမ်းဆီးချိန်က အတူဖမ်းဆီးသွားတဲ့သူတွေရှိပြီး အဲ့ဒီထဲကပြန်လွတ်လာတဲ့သူတွေရှိသလို ‌အခုလက်ရှိအချိန်ထိဖမ်းဆီးထားသူ (၇)ဦးခန့်ရှိနေတာကြောင့်လည်း သူတို့အတွက်လည်းစိုးရိမ်မှုတွေရှိနေကြပါတယ်။ဒါကြောင့် ဖမ်းဆီးထားသူတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း ဒေသခံတွေကတောင်းဆိုမှုတွေရှိနေပါတယ်။


ဒါပေမယ့်လက်ရှိအချိန်ထိလည်း ဒီကိစ္စနဲ့ဆက်စပ်ပြီး ရွာထဲမှာလာရောက်ဖမ်းဆီးမှုတွေရှိနေတာကြောင့် ဆရာတော်ပျံလွန်တော်မူတဲ့အပေါ်ဝေဖန်မှုတွေမလုပ်ရဲသလို ဒါနဲ့ပတ်သက်ပြီးလည်း သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းတွေကိုတိုင်တန်းမှုတွေမလုပ်ရဲကြဘူးလို့ ဒေသခံကပြောပါတယ်။


ပျံလွန်တော်မူသွားတဲ့ဆရာတော်ဟာ ဒေသတွင်းမှာ ဒကာ၊ဒကာမတွေနဲ့အတူပြည်သူ့စစ်ဖွဲ့ဖို့လုပ်ဆောင်နေတာကြောင့် ဒလန်ဆိုပြီးဖမ်းဆီးစစ်ဆေးတာဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် Burma VJအနေနဲ့ဒီပေါ်မှာသီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ချောင်းဦးပလဖဘက်ကလည်း အခုချိန်ထိတရားဝင်ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page