မင်းတုန်းနယ်ဘက် စစ်တပ်အင်အားဖြည့်စစ်ကြောင်းထိုးနေတာကြောင့် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ဆိုင်နေ
- BVJ

- 22 minutes ago
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၂၇၊ ၂၀၂၆

မကွေးနဲ့ ရခိုင်အစပ်ဒေသဖြစ်တဲ့ မင်းတုန်းနယ်ဘက်ကို အာဏာသိမ်းစစ်တပ်ဘက်က ပြည်သူ့စစ်မှုထမ်းတွေနဲ့အင်အားဖြည့်စစ်ကြောင်းထိုးလာတာကြောင့် ဒေသတပ်ဖွဲ့တွေနဲ့စစ်ဆိုင်နေကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မင်းတုန်းမြို့နယ်ထဲကို စစ်တပ်ဘက်က ပေါ်တာဆွဲလာတဲ့စစ်မှုထမ်းတပ်သားသစ်တွေ အပါအဝင် ခန့်မှန်းအင်အားထောင်ဂဏန်းနဲ့စစ်ချီလာတာကြောင့် ဒေသကိုကာကွယ်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။
အခုလ သြဂုတ် ၂၀ရက်ကနေ မနေ့က ၂၆ရက်အထိမှာလည်း မင်းတုန်းဘက်ကနေမင်းလှမြို့နယ် ရှမ်းတပ် ရခ စခန်းဘက်ကိုဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ကြောင်းကိုလည်း ဗမာပြည်ကာကွယ်ရေးတပ် - USBAက မနေ့ကထုတ်ပြန်ထားပါတယ်။
အဲ့ဒီ၂၃ရက်နေ့တိုက်ပွဲအတွင်းမှာတော့ စစ်တပ်ဘက်ကအထိနာပြီး အင်အား (၁၀၀) ၀န်းကျင်ပါ စစ်ကြောင်းထဲက (၂၀)ကျော်သေကာ (၃၀) ၀န်းကျင်ဆေးရုံရောက်သွားကြောင်းနဲ့ ၂၄ရက်နေ့မှာတော့ အင်အား ၂၀၀ ဝန်းကျင်ထပ်ဖြည့်လာတယ်လို့ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ ဖေားကား(၁) စီး ၊မီးစက် (၁) လုံးအပြင် ခဲယမ်း အချို့သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမင်းတုန်းဘက်အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက"အခုကစစ်ကြောင်းတွေရှိသေးတယ်။ တိုက်ပွဲတွေကလည်း ဟိုနေရာဖြစ်၊ဒီနေရာဖြစ်ပေါ့။ ဒီဘက်ကလူတွေကလည်း အမြဲစောင့်ကြည့်နေပြီး ကိုယ်အသာစီးရနိုင်တဲ့အခြေအနေလောက်ကြရင်တိုက်တာမျိုးဆိုတော့ တိုက်ပွဲမပြတ်ဘူး"လို့ Burma VJကိုပြောပါတယ်။
မင်းတုန်းပကဖတာဝန်ခံ ကိုဗဟိန်းကလည်း ပေါ်တာဆွဲခံရပြီး မင်းတုန်းနယ်ဘက်အတင်းအဓမ္မပို့ခံလိုက်ရတဲ့ ပြည်သူ့စစ်တွေအနေနဲ့လည်း ကိုယ့်တပ်ထဲကအရာရှိတွေကိုလုပ်ကြံပြီး လက်နက်ယူထွက်ပြေးလာဖို့နဲ့ လုပ်ကြံနိုင်ပါကလည်း ဗိုလ်မှူးကြီးအဆင့်ဆို ကျပ်သိန်းတစ်ထောင်နဲ့ ဒုဗိုလ်အဆင့်ဆို ကျပ်သိန်းတစ်ရာအထိ ရာထူးအလိုက်အဆင့်ဆင့်ဆုချပေးမှာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာရေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(အေအေ)သိမ်းပိုက်ထားတဲ့ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ဒေသနဲ့နယ်မြေထိစပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာဝတီ၊မကွေးတိုင်းနဲ့ချင်းပြည် (တောင်ပိုင်း)တို့ကို အင်အားအများအပြားနဲ့စစ်ကြောင်းထိုး ထိုးစစ်ဆင်နေတာကြောင့် အေအေတပ်ဖွဲ့အပါအဝင် ဒေသတော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။




Comments