အလုပ်သမားတစ်ဦးကို ကျားဖြန့်ဂိုဏ်းကလူတွေက နှိပ်စက်နေတယ်လို့ ယူဆရတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ စုံစမ်းမှုတွေ လုပ်ဆောင်နေ
- BVJ

- Feb 10, 2025
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၉ ၊ ၂၀၂၅

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ နိုင်ငံခြားသားတစ်ဦးလို့ ယူဆရသူတစ်ဦးကို နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က ခြေရာခံစုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဗီဒီယိုဖိုင်မှာပါရှိတဲ့နေရာဟာ မြန်မာနိုင်ငံနယ်စပ် အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရှိတဲ့နေရာမှာဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယူဆထားပါတယ်။
(၄) မိနစ်ခန့်ကြာတဲ့ ဗီဒီယိုဖိုင်မှာ အင်္ကျီအဝါရောင်နဲ့ ပျောက်ကြားဘောင်းဘီ ဝတ်ဆင်ထားတဲ့ လူတစ်ဦးက နိုင်ငံခြားသားတစ်ဦးလို့ ယူဆရသူတစ်ဦးကို လက်ပြန်ကြိုးတုပ်ထားပြီး ခြေထောက်နဲ့ ပြင်းပြင်းထန်ထန် ကန်ကျောက်နေပြီး နှိပ်စက်နေတာကို တွေ့ရတာလည်း ဖြစ်ပါတယ်။
ယင်းဗီဒီယိုဖိုင်ကို လူမှုကွန်ရက် (Facebook) မှာ Follower ၃ ဒသမ ၃ သန်းကျော်ရှိတဲ့ Drama-addict အကောင့်ပိုင်ရှင်တစ်ဦးက တင်ထားတာဖြစ်ပြီး ပြင်းပြင်းထန်ထန် နှိပ်စက်နေသူဟာ ကျားဖြန့်ဂိုဏ်းအဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ရေးသားထားပါတယ်။ လျှို့ဝှက်ကင်မရာနဲ့ ရိုက်ယူထားပြီး လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုကိုတော့ လူမှုကွန်ရက်စံနှုန်းတွေနဲ့ မကိုက်ညီလို့ဆိုပြီး Facebook က ဖယ်ရှားခဲ့ပါတယ်။
နှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်နေရာဟာ မြန်မာနယ်စပ် တရုတ်ကျားဖြန့်ဂိုဏ်းတွေရှိရာ Zhongfa ကုမ္ပဏီရဲ့ဝင်းထဲမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ Drama-addict အကောင့်မှာ ရေးသားထားပါတယ်။ Zhongfa ကုမ္ပဏီဝင်းထဲမှာ နိုင်ငံတကာကနေ လူကုန်ကူးခံရပြီး ကျားဖြန့်လုပ်သား ၈၀၀ ကျော်ရှိနေပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အီသီယိုပီးယား၊ ယူဂန္ဓာ၊ ကင်ညာနဲ့ ထိုင်းနိုင်ငံသားတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး နေရာအတိအကျ သိရှိရဖို့ ထိုင်းရဲတပ်ဖွဲ့က ကြိုးစားနေပြီး ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ ယင်းဗီဒီယိုဖိုင်အခြေအနေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး ရဲမှူးကြီး Thatchai Pitaneelaboot ကလည်း ပြောကြားထားပါတယ်။
Ref: Bangkok Post




Comments