EUထောက်ပံ့ငွေ ယူရို ၁၀.၅သန်းအတွက် NUGအပါအဝင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းပေးဖို့တောင်းဆို
- BVJ

- 2 minutes ago
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၂၅၊ ၂၀၂၆

ဥရောပသမဂ္ဂ (EU)ကပေးအပ်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့ငွေ ယူရို ၁၀ ဒသမ ၅ သန်းကို အာဏာသိမ်းစစ်အုပ်စုဆီမပေးအပ်ဖို့ဆိုပြီး စစ်ကိုင်းတိုင်းသပိတ်အင်အားစုတွေက မနေ့က ဩဂုတ်လ ၂၄ ရက်နေ့မှာ အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ရေဘေးဒုက္ခခံစားနေရသူ ၁ ဒသမ ၂ သန်းကျော်အတွက် လူသားစာနာထောက်ထားကူညီထောက်ပံ့ငွေပေးအပ်မှာဖြစ်ကြောင်း EUက အခုလ သြဂုတ် ၁၃ရက်မှာကြေညာပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ Ursula Von der Leyen နဲ့ ECHO ညွှန်ကြားရေးမှူးချုပ် Maciej Popowski တို့ဆီကိုလိပ်မူထားတဲ့အိတ်ဖွင့်ပေးစာကို အဖွဲ့အစည်း ၄၃ခုပါဝင်တဲ့ စစ်ကိုင်းဒေသတွင်းအင်အားစုက စုပေါင်းပေးပို့ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီစာထဲမှာ ကူညီထောက်ပံ့ငွေတွေကို လူသတ်စစ်အုပ်စုကတဆင့်ကူညီဆောင်ရွက်မှုမလုပ်ဘဲ အမှန်တကယ်လိုအပ်နေတဲ့ပြည်သူတွေဆီ အမြန်ဆုံးနဲ့တပြေးညီထိရောက်မှုရှိစွာရောက်ရှိဖို့အတွက် အရပ်ဘက်လူထုအဖွဲ့အစည်းတွေ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့နဲ့ ပြည်သူလူထုကိုတရားဝင်ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGတို့နဲ့ ပူးပေါင်းညှိနှိုင်းပြီး နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့်အကူညီတွေပေးအပ်ဖို့ဆိုပြီး တိုက်တွန်းတောင်းဆိုထားတာပါ။
ဒါ့အပြင် အခြားကူညီနိုင်မယ့်အဖွဲ့အစည်းတွေရှိရင်လည်း အကူအညီတွေရရှိနိုင်ဖို့အတွက် လမ်းညွှန်ကူညီပေးဖို့ဆိုပြီးလည်း မေတ္တာရပ်ခံထားပါတယ်။

လက်ရှိမှာစစ်ကိုင်းတိုင်းအပြင် ဧရာဝတီတိုင်း၊လေးမျက်နှာမြို့မှာပါ ရေဘေးကြုံတွေ့နေရတဲ့အတွက် လေးမျက်နှာမြို့ကပြည်သူတွေအတွက်ပါ လိုအပ်တဲ့အကူအညီတွေဖြစ်ဖို့မျှော်လင့်ကြောင်းလည်း စာထဲမှာဖော်ပြပါတယ်။
အခုစာကို ရေဘေးခံစားနေတဲ့ဒေသတွေဖြစ်တဲ့ ရွှေဘို၊ ဝက်လက်၊ရေဦး၊တန့်ဆည်၊ဒီပဲယင်း၊ဘုတလင်၊မုံရွာ၊အရာတော်၊ချောင်းဦး၊ စစ်ကိုင်း၊မြင်းမူ၊ မြောင်၊ယင်းမာပင်၊ဆားလင်းကြီး၊ ပုလဲနဲ့ကနီမြို့နယ်တွေက သပိတ်ကော်မတီ၊အင်အားစုတွေနဲ့ကျောင်းသားသမဂ္ဂတွေက စုပေါင်းပေးပို့ထားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ လက်ရှိမှာစစ်ကိုင်းတိုင်းအတွင်းက ရေဘေးဒုက္ခခံစားနေရတဲ့ပြည်သူတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ရမယ့်အစား ရေဘေးလှူဒါန်းတဲ့ပြည်သူတွေကိုဖမ်းဆီးခြင်း၊ ရိက္ခာတွေကိုသိမ်းဆည်းခြင်း၊ ပစ္စည်းတင်လာတဲ့ကားသမားတွေနဲ့ကားတွေကို ဖမ်းဆီးသိမ်းယူခြင်း၊ရေဘေးသင့်ဒေသကို ရည်ရွက်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ဒရုန်းနဲ့တိုက်ခိုက်ခြင်းတို့ကိုပြုလုပ်နေကြောင်းလည်း အိတ်ဖွင့်စာထဲမှာထည့်သွင်းဖော်ပြထားပါတယ်။
ပုံစာ-စစ်ကိုင်းတိုင်းအတွင်းရေဝင်ပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)




Comments