အရပ်သားတွေလက်နက်အပ်ဖို့ မင်းတပ်တပ်ဖွဲ့ ထုတ်ပြန်
- BVJ

- Feb 27, 2025
- 1 min read
BVJ/ဇော်_ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်ရဲ့ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာနေကြတဲ့ အရပ်သားတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက ရထားတဲ့ လက်နက်ခဲယမ်းဖြစ်စေ၊ အခြားနည်းနဲ့ ရထားတဲ့ တိုက်ခိုက်ရေး မောင်းပြန်ရိုင်ဖယ်နဲ့ တခြားလက်နက်ခဲယမ်းဖြစ်စေ လက်ဝယ်မကိုင်ဆောင်ထားဖို့နဲ့ ရောင်းဝယ်ဖောက်ကားတာတွေ မလုပ်ကြဖို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) က မနေ့က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အရပ်သားတွေလက်ထဲမှာရှိနေတဲ့ ပစ္စည်းတွေကိုလည်း နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီကို လာမယ့် မတ်လ ၁၅ ရက် နောက်ဆုံးထားအပ်နှံပြီးတော့ သတ်မှတ်ထားတဲ့ ဆုကြေးနဲ့ ဝယ်ယူထားတာဆိုပါကလည်း ခိုင်လုံတဲ့ အထောက်အထားနဲ့တန်ဖိုးကို ထုတ်ယူနိုင်ကြောင်းပြောထားပါတယ်။
လက်နက်အပ်ခိုင်းတာနဲ့ပတ်သက်ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တာဝန်ရှိသူတွေကို Burma VJက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေဆိုလာတာမရှိသေးပါဘူး။
လက်နက်တွေကို မတ်လ ၁၅ရက်ထက်ကျော်လွန်ပြီး ကိုင်ဆောင်တာ၊ ရောင်းဝယ်ဖောက်ကားတာ ပြုလုပ်ခဲ့ရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့အကြောင်းကိုလည်း ထည့်သွင်းဖော်ပြပါတယ်။
အခုလိုထုတ်ပြန်ချက်ထုတ်ရတာဟာ မိမိတို့ထိန်းချုပ်နယ်မြေအတွင်းမှာ လက်နက်ခဲယမ်းထိန်းချုပ်နိုင်ရေးနဲ့ အရပ်သားတွေကို လက်နက်ခဲယမ်းနဲ့ဖောက်ခွဲရေးပစ္စည်း အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။




Comments