top of page

ကမ္ဘာမြေ‌ပေါ် ကျရောက်မယ့် အာကာသအန္တရာယ်တွေကိုစောင့်ကြည့်ကာကွယ်ဖို့ဆိုပြီး အာဏာသိမ်းစစ်အုပ်စုလုပ်နေ

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

ယူဂရင်း/BVJ_ သြဂုတ် ၂၄၊ ၂၀၂၆

ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံကိုသွားခဲ့တဲ့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဟာ အာကာသနဲ့ဂြိုလ်တုနည်းပညာတွေအတွက် ရုရှားနဲ့သဘောတူညီမှုတွေရယူပြီး လေးခုကိုMOU ရေးထိုးခဲ့ကြပါတယ်။

အဲ့ဒီလေးခုထဲမှာ လာမယ့် ၂၀၂၈ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတွေနဲ့ယာဉ်တွေကို စေလွှတ်ဖို့၊ ကမ္ဘာပေါ်ကျရောက်မယ့် အာကာသအန္တရာယ်တွေကိုကာကွယ်ဖို့ဆိုတဲ့အချက်တွေပါဝင်ကြောင်း စစ်အုပ်စုသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။


"၂၀၂၈ ခုနှစ်မှာ ကျွန်မတို့မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့စေလွှတ်နိုင်ရေး၊ ဒါက အဓိကအရေးအကြီးဆုံးအချက်ပါ။ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေး Station မြန်မာနိုင်ငံမှာတည်ဆောက်ဖို့၊ GNSS Station တည်ဆောက်ဖို့ဆွေးနွေးခဲ့ပါတယ်။ အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့အရာတွေကိုစောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်ဖို့၊ အဲဒီ လေးခုကို ကျွန်မတို့ MoU ရေးထိုးနိုင်ခဲ့ပါတယ်"လို့ ဒေါ်ခိုင်ခိုင်စိုးပြောတာကို ဒီနေ့ သြဂုတ် ၂၄ရက်ထုတ် နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။

အာဏာသိမ်းသမ္မတဟာ ရုရှားကိုသွားရောက်ချိန်မှာ နှစ်နိုင်ငံသဘောတူစာချုပ် ၁၂ခုကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ရုရှားအနေနဲ့မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးတိုးမြှင့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေလာလုပ်ဖို့ဆိုပြီး ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ဒါ့အပြင် စွမ်းအင်ကဏ္ဍမှာလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့ကိစ္စ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့၊ နျူကလီးယားကဏ္ဍစတဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးခဲ့သလို ထားဝယ်ရေနက်ဆိပ်ကမ်းမှာ LNG စက်ရုံတည်ဆောက်ပြီးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို LNG နဲ့ သဘာဝဓာတ်ငွေ့တွေတင်ပို့ရောင်းချဖို့အတွက် ဆွေးနွေးခဲ့ကြသေးတယ်လို့ ဒေါ်ခိုင်ခိုင်စိုးကပြောပါတယ်။

ပြီးတော့ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့အတွက်လည်း ရုရှားသမ္မတပူတင်နဲ့ဆွေးနွေးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။


အာဏာသိမ်းသမ္မတဟာ အခုလ သြဂုတ် ၁၇ရက်က ရုရှားသွားအပြီးမှာ ဘယ်လာရုစ်နိုင်ငံကိုဆက်သွားခဲ့ပြီး အဲ့ဒီမှာလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် သဘောတူညီချက်တွေရခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ-ရုရှားနိုင်ငံ၊မော်စကိုမြို့က အာကာသမှတ်တမ်းပြတိုက်ကို အာဏာသိမ်းသမ္မတ သြဂုတ် ၁၉ရက်ကသွားကြည့်ခဲ့ပုံ။(ဓါတ်ပုံ-PPIB)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page