သံတွဲမြို့ကို စစ်အုပ်စုကဆက်တိုက်ဗုံးကြဲနေသလို AAကလည်း နယ်မြေတိုးချဲ့သိမ်းပိုက်နိုင်ဖို့ ဆက်ကြိုးစားနေ
- BVJ

- 1 day ago
- 1 min read
သူရ/BVJ_သြဂုတ် ၂၃၊ ၂၀၂၆

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ နာမည်ကြီးငပလီကမ်းခြေတည်ရှိရာသံတွဲမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
နောက်ဆုံးအနေနဲ့ သြဂုတ်လ ၂၂ ရက်နေ့ တစ်ရက်တည်းမှာတင် တိုက်လေယာဉ် ၁၀ စင်းနဲ့ ဗုံးအလုံးရေ ၁၀၀ ခန့်အထိကြဲချတိုက်ခိုက်ခဲ့ကြောင်း AA အဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ဇူလိုင်လ ၂၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲလေဆိပ်နဲ့စစ်ကောင်စီရဲ့ ခလရ (၅၆)တပ်ရင်းတို့ကိုပါ အပြည့်အဝထိန်းချုပ်ထားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဇူလိုင် ၁၉ ရက်နေ့ကစပြီး သံတွဲမြို့နယ်တွင်းက ကျေးရွာတွေနဲ့ အရပ်သားပစ်မှတ်တွေကိုဦးတည်ကာ သြဂုတ် ၁ ရက်နေ့ကစပြီး ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။ ဒီလိုဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ဒေသခံပြည်သူ အနည်းဆုံးသုံးဆယ်နီးပါးသေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေအပါအဝင် လူနေအိမ်အများအပြားလည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

လက်ရှိမှာ AAတပ်ဖွဲ့က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုနဲ့ ချင်းပြည်နယ်က ၁ ခု၊ စုစုပေါင်း မြို့နယ် ၁၅ ခုကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်ပြီး ဒေသန္တရအုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ထားပြီးဖြစ်ပါတယ်။
စစ်အုပ်စုကတော့ ရခိုင်ပြည်နယ်အတွင်းမြို့တော်နဲ့စစ်ဌာနချုပ်အချို့မှာသာ ခံစစ်နဲ့ပိတ်မိနေပြီး AAကအောက်ပါအတိုင်း ထိုးစစ်ကိုအရှိန်မြှင့်ထားပါတယ်။

အမ်းမြို့ (နပခ စစ်ဌာနချုပ်): ရခိုင်ပြည်မှာ စစ်အုပ်စုတပ်တွေအဓိကအခြေစိုက်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိတဲ့ အမ်းမြို့ကို AAကဝိုင်းပတ်ပိတ်ဆို့ကာ အခြေစိုက်တပ်ရင်းတွေ တစ်ခုပြီးတစ်ခုထိုးဖောက်တိုက်ခိုက်နေပါတယ်။
စစ်တွေမြို့ (မြို့တော်): ပြည်နယ်မြို့တော် စစ်တွေကတော့ ကုန်းလမ်း၊ ရေလမ်းအားလုံး AA ရဲ့ ပိတ်ဆို့မှုကိုခံထားရပြီး စစ်ကောင်စီက မြို့မကျစေဖို့ လေ ကြောင်းနဲ့ ရေတပ်ပစ်ကူတွေကိုသာ အဓိကအားကိုးပြီးခုခံနေရပါတယ်။
ကျောက်ဖြူမြို့: တရုတ်နိုင်ငံရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ ကျောက်ဖြူမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေရှိနေသေးပေမဲ့ ပတ်ဝန်းကျင်ကျေးရွာတွေနဲ့ နယ်မြေအများစုကိုတော့ AAကစိုးမိုးထားပါတယ်။

ဒါ့အပြင် AAတပ်ဖွဲ့က ရခိုင်ရိုးမတောင်တန်းကိုဖြတ်ကျော်ပြီး အိမ်နီးနားချင်း တိုင်းဒေသကြီးတွေဘက်အထိပါ စစ်ဆင်ရေးတွေကိုတိုးချဲ့လာနေပါတယ်။ မကွေးတိုင်းဘက်မှာဆိုရင် ငဖဲမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတွေနဲ့ နယ်စပ်တောင်ကြားလမ်းတွေကို ထိုးဖောက်တိုက်ခိုက်နေပါတယ်။
ဧရာဝတီတိုင်းဘက်မှာလည်း ရခိုင်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ရေကြည်၊ လေးမျက်နှာ၊ သာပေါင်းနဲ့အင်္ဂပူမြို့နယ်တွေရဲ့ နယ်စပ်ကျေးရွာတွေအထိ AA စစ်ကြောင်းတွေရောက်ရှိလာပြီး စစ်ကောင်စီတပ်တွေနဲ့အပြင်းအထန် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။




Comments