အရှင်ဖမ်းမိထားတဲ့ နပခ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် နှစ်ဦးပုံ AA တပ်ဖွဲ့ ထုတ်ပြန်
- Zayar Oo
- Dec 22, 2024
- 1 min read
BVJ/အေတီ _ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၄

ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အရှင်ဖမ်းမိထားတဲ့ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ဓာတ်ပုံကို အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။
အမ်းမြိုနယ်အတွင်း သိမ်းပိုက်ဖို့ နောက်ဆုံးကျန်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ AA တပ်ဖွဲ့က အချိန်နှစ်ပတ်ခန့်ကြာ အချိန်ယူထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရပါတယ်။ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့သလို၊ လက်နက်ကြီးပစ်ကူတွေအပြင် ရဟတ်ယာဉ်တွေနဲ့ စစ်ကူအင်အား (၁၅၀) ခန့်၊ သုံးကြိမ်ပံ့ပိုးပေးခဲ့တယ်လို့ AA တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။
နောက်ဆုံးမှာတော့ နပခတိုင်းစစ်ဌာနချုပ် နယ်မြေအားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လည် (၁) နာရီ (၄၀) မိနစ်မှာ AA တပ်ဖွဲ့က အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာချုပ်ကျသွားပြီးနောက် အမ်းမြိုနယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းနဲ့ ပလက်ဝမြို့အပါအဝင် AA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ မြို့ ၁၄ မြို့ ရှိသွားပြီဖြစ်ပါတယ်။
အမ်းမြို့မတိုင်ခင် AA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ ၁၃ မြို့က ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း AA တပ်ဖွဲ့က ဂွမြို့နယ် ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဂွမြို့ရဲ့ သုံးပုံနှစ်ပုံခန့်ကို သိမ်းပိုက်ရရှိထားပြီလို့ သိရပါတယ်။ဂွမြို့ကို သိမ်းပိုက်နိုင်လိုက်ရင် AA တပ်ဖွဲ့ဆက်သိမ်းဖို့ကျန်တဲ့မြို့က စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင် ၃ မြို့ပဲ ကျန်ပါတော့မယ်။




Comments