PLAစခန်းတွေကို NUGတပ်ဘက်ကဝင်ရောက်စီးနင်းမှု NUGတပ်သားအချို့ မိုင်းထိမှန်မှုတွေရှိခဲ့ကြောင်း PLAအတည်ပြု
- BVJ

- 2 days ago
- 1 min read
အေတီ/BVJ_ဇွန် ၂၂၊ ၂၀၂၆

မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ တပ်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းမှုပြုလုပ်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က သတင်းထုတ်ပြန်ထားပါတယ်။
NUGလက်အောက်ခံတပ်တွေ PLAတပ်စခန်းတွေကိုဝင်ရောက်စီးနင်းမှုတွေပြုလုပ်ခဲ့တာမှာ PLAတပ်စခန်းပတ်ဝန်းကျင်ကထောင်ထားတဲ့မိုင်းတွေထိမှန်ပြီး NUGတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိမှုတွေရှိကြောင်း PLAတပ်ဖွဲ့ပြော ရေးဆိုခွင့်ရှိသူကိုဝေယံဖြိုးမိုးက BVJကိုအတည်ပြုပါတယ်။
"လောလောဆယ်ကျွန်တော်တို့ကြားသလောက်တော့ သူတို့ဘက်ကPDF ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရတယ်။ ကျဆုံးဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာတာရှိတယ်။ အဲ့အခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ တော်တော်လေးဝမ်းနည်းရတယ်။ ပြီးသွားတော့ ကျွန်တော်တို့စခန်းလုံခြုံရေးအရ ပုံမှန်ထောင်ထားတဲ့မိုင်းတွေဖြစ်တယ်"
NUGတပ်ဘက်က လူအင်အား၈၀လောက်နဲ့ ရုတ်တရက်ဝင်ရောက်စီးနှင်းတဲ့အတွက် မိုင်းရှင်းလင်းရေးအသေအချာမလုပ်နိုင်ဘဲဆုတ်ခွာခဲ့ရတဲ့အတွက် အခုလိုအဖြစ်မျိုးဖြစ်ရတာဖြစ်ကြောင်း ကိုဝေယံဖြိုးမိုးကထပ်ဖြည့်ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး NUGဘက်က တစုံတရာထုတ်ပြန်တာမတွေ့ရသေးသလို PLAတပ်စခန်းတွေကို NUGဘက်ကဘာကြောင့်ရှင်းလင်းရတယ်ဆိုတဲ့ အချက်ကိုသိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
NUGအစိုးရဘက်ကတာဝန်ရှိတဲ့သူတွေကို မေးမြန်းအတည်ပြုနိုင်ဖို့ကြိုးစားနေပြီး နောက်ဆက်တွဲသတင်းတွေကိုလည်း BVJကဆက်လက်ဖော်ပြပေးသွားပါမယ်။




Comments