ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းဖို့ တရုတ်ကွန်မြူနစ်ပါတီဆုတောင်းပေး
- BVJ

- 12 minutes ago
- 1 min read
BVJ_ဇွန် ၂၆၊ ၂၀၂၆

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ကိုဆုတောင်းပေးခဲ့ကြသူအားလုံးကိုကျေးဇူးတင်ဂုဏ်ပြုကြောင်းနဲ့ လွတ်မြောက်ရေးအတွက်ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလှုံ့ဆော်မှုအဖွဲ့က ဒီနေ့ ဇွန် ၂၆ရက်မှာ ကြေညာပါတယ်။
မွေးနေ့ဆုတောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်ဝိုင်းဝန်းပါဝင်ပေးကြလို့ ကျေးဇူးတင်တဲ့အထဲမှာ တစ်ဦးတစ်ယောက်ချင်းစီနဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအားလုံးပါဝင်ကြောင်း ဖော်ပြထားပါတယ်။
အဲ့ဒီထဲမှာ ဥရောပသမဂ္ဂနဲ့အဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ယူနိုက်တက် ကင်းဒမ်း၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နော်ဝေ၊ အရှေ့တီမောနဲ့ ဖိလစ်ပိုင်တို့အပြင် ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၊ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့(Human Rights Watch)၊ နိုင်ငံတကာအကြီးအကဲဟောင်းများအဖွဲ့(The Elders)၊ လူ့အခွင့် အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR)၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်ကလွှတ်တော်အမတ်တွေ စတဲ့လွှတ်တော်တွေ၊ သံရုံးတွေ၊ အဖွဲ့အစည်းတွေကလည်း မွေးနေ့ဆုတောင်းသဝဏ်လွှာတွေထုတ်ပြန်ခြင်းနဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ လူသားချင်းစာနာထောက်ထားရေး စသည့် အချက်တို့ကိုပါ ထည့်သွင်းထုတ်ပြန်လာတဲ့အတွက် အဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းအသီးသီး တို့ကိုလည်းကျေးဇူးတင်ဂုဏ်ပြုကြောင်းပြောထားပါတယ်။

ဒ့ါအပြင် "ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက်မွေးနေ့အခမ်းအနားသို့ ကာလရှည်ကြာမိတ်ဆွေ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့်အရာအားလုံး ကောင်းမွန်ပါစေကြောင်း မွေးနေ့ဆုတောင်းပေးပို့ပါသော တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဌာနနှင့် နှုတ်အားဖြင့် ဆုတောင်းမေတ္တာပေးပို့ကြပါသော နိုင်ငံတကာသံတမန်များအားလည်း အထူးကျေးဇူးတင်ပါသည်"လို့ NLD ကထုတ်ပြန်ပါတယ်။
သူတို့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်တဲ့တိုင် ဆက်လက်ကြိုးပမ်းလှုံ့ဆော်သွားမှာဖြစ်ကြောင်းနဲ့ အားလုံး ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အသက်ရှိထင်ရှားရှိနေကြောင်းသက်သေပြဖို့အတွက် Proof of Lifeကမ်ပိန်းလှုပ်ရှားမှုတွေနဲ့ တောင်းဆိုမှုတွေပြုလုပ်နေကြပေမယ့် စစ်အုပ်စုကလျစ်လျှူရှုမသိကျိုးကျွန်ပြုနေတာကြောင့် ကမ်ပိန်းကိုအရှိန်မြှင့်ဆက်လုပ်သွားမယ်လို့လည်း ဇွန် ၂၁ကြေညာထားပါတယ်။




Comments