"အမျိုးသမီးရဲဘော်များ၏ ကျား-မတန်းတူရေးမျှော်လင့်ချက်" (အထူးဆောင်းပါး)
- Zayar Oo
- Dec 31, 2024
- 5 min read
“အများကြီး ပြောင်းလဲပစ်ရမယ်။ တကယ့်အမျိုးသမီးတွေထဲက အရည်အချင်းရှိတယ်၊ စွမ်းဆောင်ရည်ရှိတယ်။ တကယ်ပေးဆပ်အနစ်နာခံတဲ့အမျိုးသမီးတွေ ရှိတယ်ဆိုရင် တကယ်နေရာပေးသင့်တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေကိုယ်တိုင်ကလည်း ကိုယ်အရည်အချင်းရှိတယ်ဆိုရင် ကိုယ်တိုင်ယုံကြည်ရမယ်၊ ယုံကြည်ပြီးတော့ ကိုယ်တိုင်အခွင့်အလမ်းကိုရှာပြီး အရည်အချင်းကို ထုတ်ဖော်ပြသရမယ်”

ဆောင်းပါးရှင် - မိုနာ
အသက် ၂၃ နှစ်အရွယ် မန္တလေးသူလေး လွင်ဂူးဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အကြောင်း သူငယ်ချင်းတွေနဲ့အတူ နေ့စဉ်တိုင်း ဆန္ဒဖော်ထုတ်သူတစ်ဦးဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေအတွင်း သူမရဲ့သူငယ်ချင်းတွေ ပါသွားတဲ့အခါမှာတော့ လက်နက်ကိုင်သင်တန်းတက်ထားတဲ့ လွင်ဂူးတစ်ယောက် အိမ်မှာပဲခြေရာဖျောက်နေခဲ့ရပါတယ်။ သို့ပေမဲ့ စစ်အုပ်စုရဲ့ အချုပ်ခန်းနဲ့ အကျဉ်းထောင်တွေထဲက သူငယ်ချင်းတွေဆီကိုပဲ လွင်ဂူးရဲ့ စိတ်တွေက ရွက်လွှင့်နေခဲ့တယ်။
“သူတို့အတွက် လက်စားပြန်ချေချင်တဲ့စိတ်၊ သူတို့အားလုံးကို ပြန်သွားခေါ်ချင်တဲ့စိတ်၊ အထဲမှာအဆင်ရော ပြေကြပါ့မလား၊ ဘယ်လိုနေ,နေကြမလဲဆိုတဲ့အတွေးတွေ ခေါင်းထဲအပြည့်ပဲ” လို့ လွင်ဂူးက ပြန်ပြောပြပါတယ်။ သူငယ်ချင်းတွေအကုန်လုံးအတွက် အပြင်မှာရှိနေတဲ့ သူက ပိုကြိုးစားရမယ်၊ သူတို့အားလုံးကို စစ်အုပ်စုလက်ထဲက ပြန်ခေါ်ထုတ်မယ်ဆိုတဲ့စိတ်နဲ့ လွင်ဂူးတစ်ယောက် စစ်ကိုင်းနယ်ဘက်ထွက်ကာ လက်နက်စွဲကိုင်တော်လှန်နေကြတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ဖြစ်ခဲ့တယ်။ လက်နက်ကိုင်အဖွဲ့ထဲ ရောက်ရှိသွားချိန်မှာတော့ သူမအထင်နဲ့ အမြင်လွဲခဲ့ရပါတယ်။
“လက်နက်ကိုင်ရမယ်လို့လည်း ထင်ထားတာ။ လက်တွေ့မှာကျ တပ်ဖွဲ့တိုင်း အလိုလို အမျိုးသမီးတွေဆို ရုံးပိုင်းဆိုင်ရာတွေမှာပဲ ထားကြတာများတယ်။ ရှေ့တန်းမှာ မိန်းကလေးပါလာရင် နောက်ဆံတင်းရမှာစိုးလို့ တိုက်ခိုက်ရေးပညာသင်ပေးကြပေမဲ့ တိုက်ပွဲတွေမှာဆို အမျိုးသမီးတွေကို မခေါ်ကြတာများတယ်” လို့ လွင်ဂူးက ဆိုပါတယ်။ ရဲဘော်လွင်ဂူးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်းမှာ သတင်းပြန်ကြားရေးတာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
အသက် ၂၀ အရွယ် ပအိုဝ်းတိုင်းရင်းသူလေး လွေးပိုး (အမည်လွှဲ) ဆိုရင်လည်း သူတာဝန်ထမ်းဆောင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ စစ်သင်တန်းတက်စဉ်ကတည်းကပင် လက်နက်ကိုင်ဆောင်ခွင့် မရခဲ့ပါဘူး။ “ဘာလုပ်နိုင်မှာလဲ သေနတ်ကိုင်ဖို့ အားလည်းမရှိဘူးဆိုပြီး လှောင်ခံ၊ ဟားခံခဲ့ရတယ်” လို့ Lesbian အဖြစ် ခံယူထားသူ လွေးပိုးက ဆိုပါတယ်။ သူမဟာ အမျိုးသားလိုပဲဝတ်စားဆင်ယင်လေ့ရှိသူ LGBT တစ်ဦးဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီးတွေဟာ အမျိုးသားတွေ နည်းတူ လူထုသပိတ်လှုပ်ရှားမှုတွေမှတဆင့် လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေအထိ အင်တိုက်အား တိုက်လက်တွဲပါဝင်နေကြပေမဲ့ သူတို့တွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အမျိုးသမီးဖြစ်တည်မှုအပေါ် အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုတွေ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြရပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ နိုင်ငံရေးမှူးတာဝန်ယူထားသူ အသက် (၂၈) နှစ်အရွယ် ရိုးအံ့မင်းကလည်း လက်ရှိတော်လှန်ရေးတစုံလုံးကို ခြုံကြည့်ရင် အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိနေတယ်လို့ သုံးသပ်ပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ သူ့လက်အောက်မှာရှိတဲ့ အမျိုးသားတွေကို အုပ်ချုပ်ရတာ အဆင်မပြေသလို စစ်သင်တန်းသားဘဝ၊ စစ်မေဖြစ်စဘဝမှာလည်း အမျိုးသားတွေရဲ့ ပြောစကားဟာ အမျိုးသမီးတွေရဲ့ ပြောစကားထက် ပိုပြီးသြဇာလေးနက်တယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိခဲ့တာကို ရိုးအံ့မင်းက သတိပြုမိပါတယ်။ သူမက အခုလို ဥပမာပေးပါတယ်။
“ဥပမာ-မိန်းကလေး ပြောတာနဲ့ ယောကျ်ားလေးပြောတာနဲ့ဆို မိန်းကလေးပြောတာဆို သိပ်ပြီး မနာခံချင်ကြဘူး။ သိပ်မယုံကြည်ဘူး၊ သိပ်မလေးစားဘူး။ မဟာမိတ်နဲ့ ဆက်ဆံတဲ့အခါလည်း ကျမတို့ ဒါမျိုးကြုံရတယ်။ ကျမတို့က အသက်က ငယ်တယ်၊ မိန်းကလေးက ဖြစ်တယ်ဆိုတဲ့ဟာမှာ rank အရ တာဝန်အရ အတူတူဖြစ်နေရင်တောင်မှ ကျမတို့နဲ့ မပြောချင်ဘူး။ မင်းထက် ဘယ်သူကပိုကြီးလဲ၊ ကြီးတဲ့သူနဲ့ ပြောချင်တယ်ဆိုတဲ့ဟာမျိုးတွေ ရှိတယ်”
ဘယ်နေရာတွေမှာ ခွဲခြားဆက်ဆံခံရလဲ
အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ကြိုးစားကြပေမဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေအဖြစ် လေ့ကျင့်မှုတွေ ပြုလုပ်၊ လိုအပ်တဲ့သင်တန်းတွေကို အမျိုးသားတွေနဲ့တန်းတူ တက် ရောက်ခဲ့ပေမယ့်လည်း လက်နက်အင်အားမပြည့်စုံတာ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု အားနည်းတာ၊ မိန်းမသားဖြစ်တာတွေကြောင့် နောက်တန်းလို့ခေါ်တဲ့ ချက်ပြုတ်ရေးပိုင်း၊ ဆေးတပ်သား တာဝန်တွေ၊ ရုံးပိုင်းဆိုင်ရာ၊ ထောက်ပို့စတဲ့ နေရာအများစုမှာသာ တာဝန်ယူရတာ တာဝန်ပေးခံရတာ များခဲ့ပါတယ်။

ကရင်နီအမျိုးသာများကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှာဆိုရင် တပ်စိတ်မှူးကနေ တပ်ရင်းမှူးအထိ ဒီမိုကရေစီနည်းကျ လွတ်လပ်စွာရွေးချယ်ခွင့်ရှိပေမဲ့ တိုက်ခိုက်ရေးနဲ့ပတ်သက်ပြီး အမျိုးသမီးတွေကို ရာထူးအမြင့်တွေ ရွေးချယ်ကြတာမျိုး၊ ရွေးချယ်ခံရတာမျိုး မရှိခဲ့ပါဘူး။ “အမျိုးသမီးတွေကို အရည်အချင်းမရှိဘူးလို့ ထင်နေကြတာကြောင့်ပါ။ “အမျိုးသမီးတယောက်က တပ်ထဲရောက်လာပြီဆိုရင် အားလုံးအမြင်မှာ “ရုံးပိုင်း၊ ဘဏ္ဍာငွေရှာဖွေရေးနဲ့ ယောက်ျားတွေအတွက် ယူနီဖောင်းအင်္ကျီချုပ်ဖို့”လို နေရာမျိုးမှာပဲ အားဖြည့်ဖို့ အလိုအလျောက်ဆုံးဖြတ်ထားကြတာ” လို့ မကြသေးခင်ကမှ ဖွဲ့စည်းထားတဲ့ KNDF ရဲ့ ဂျဲန်ဒါတန်းတူညီမျှရေးဌာန (GED) တာဝန်ရှိသူတွေက ပြောပါတယ်။
ကရင်နီ (ကယား)တပြည်နယ်လုံးရှိ လက်နက်ကိုင်တပ်ဖွဲ့အားလုံးထဲမှာ အင်အားအများဆုံးဖြစ်တဲ့ KNDF မှာ အမျိုးသမီးအရာရှိ (၂၇) ဦးသာ ရှိနေခြင်းဟာ အရမ်းနည်းပါးတဲ့ပမာဏလို့ သူတို့က ဆိုပါတယ်။ “ဒီအသစ်ဖွဲ့ လိုက်တဲ့ GED ကလွဲရင် ကျန်တဲ့ဌာနတွေမှာလည်း ဌာနမှူးတွေအားလုံးက အမျိုးသားတွေပဲဖြစ်နေတယ်။ ဆုံးဖြတ်ချက်ချလို့ရတဲ့နေရာမှာတော့ အမျိုးသမီးတွေကို နေရာပေးမှုက နည်းနေဆဲပါပဲ”
လက်ရှိနွေဦးတော်လှန်ရေးပုံပေါက်မလာခင်ထဲကကို မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို လေ့လာကြည့်ရင် ပါတီတခုမှာဖြစ်စေ၊ အဖွဲ့အစည်းတခုမှာဖြစ်စေ ထိပ်ပိုင်းဦးဆောင်သူ တစ်ကနေငါးအတွင်း ရောက်ရှိနေတဲ့ အမျိုးသမီးအရေအတွက်ဟာ လက်ချိုးရေလို့တောင်ရပြီး အလွန်ရှားပါးတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မ တော် (PLA) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က သုံးသပ်ပါတယ်။ “အထူးသဖြင့်တပ်တွေမှာဆိုရင် ပိုဆိုးတယ်။ တပ်တွေမှာ အကန့်အသတ်တွေများတဲ့အခါ အမျိုးသမီးတွေထိပ်ဆုံးနေရာကိုရောက်လာဖို့က တော်တော်လေး အားနည်းတယ်” လို့ သူမက ပြောပါတယ်။
ဥပမာ - NUG ကို ကြည့်မလား၊ BPLA ကိုကြည့်မလား၊ PLAကို ကြည့်မလား၊ ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ကို ကြည့်မလား၊ ထိပ်ပိုင်းမှာတာဝန်ယူဦးဆောင်သူတွေဟာ အမျိုးသားတွေသာများပြီး အမျိုးသမီးတွေ ထိပ်ဆုံးမှာနေရာယူမှုဟာ တော်တော်လေး အားနည်းနေသေးတယ် လို့ ဒေါ်နီနီကျော်က ဆိုပါတယ်။
“အများကြီး ပြောင်းလဲပစ်ရမယ်။ တကယ့်အမျိုးသမီးတွေထဲက အရည်အချင်းရှိတယ်၊ စွမ်းဆောင်ရည်ရှိတယ်။ တကယ်ပေးဆပ်အနစ်နာခံတဲ့အမျိုးသမီးတွေ ရှိတယ်ဆိုရင် တကယ်နေရာပေးသင့်တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေကိုယ်တိုင်ကလည်း ကိုယ်အရည်အချင်းရှိတယ်ဆိုရင် ကိုယ်တိုင်ယုံကြည်ရမယ်၊ ယုံကြည်ပြီးတော့ ကိုယ်တိုင်အခွင့်အလမ်းကိုရှာပြီး အရည်အချင်းကို ထုတ်ဖော်ပြသရမယ်”လို့လည်း သူမက တိုက်တွန်းပါတယ်။
ဘာကြောင့် ခွဲခြားဆက်ဆံခံရတာလဲ
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ နွေဦးတော်လှန်ရေးနဲ့အတူ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးကိုလည်း ပူးတွဲလုပ်ဆောင်နေကြပေမဲ့ လက်နက်ကိုင်တော်လှန်ရေး အမျိုးသမီးရဲမေတွေ အပေါ် ခွဲခြားဆက်ဆံမှုတွေဟာလည်း တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း ပုံစံအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲဖြစ်တယ်လို့ စုံစမ်းမေးမြန်းထားတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ် ဖွဲ့တွေက ဖြေဆိုကြပါတယ်။

ခွဲခြားဆက်ဆံမှုတွေထဲမှာ မြင်သာတဲ့ခွဲခြားဆက်ဆံမှုနဲ့ မမြင်သာတဲ့ခွဲခြားဆက်ဆံမှုတွေဟာ အလွှာစုံ၊ နေရာစုံမှာ ပုံစံမျိုးစုံနဲ့ရှိနေတယ်လို့ KNDF ဂျဲန်ဒါတန်းတူညီမျှရေး ဌာနတာဝန်ရှိသူတွေက ပြောပါတယ်။
“မမြင်သာတဲ့ ခွဲခြားဆက်ဆံမှုတွေမှာတော့ လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေနဲ့ အလိုအလျောက် ခွဲခြားဆက်ဆံပြီးသားဖြစ်နေတာတွေပေါ့။ ဥပမာ- ရာထူးကြီးတဲ့ လူတယောက်ရဲ့ အဝတ်ကို အမျိုးသမီးရဲဘော်တွေကို လျှော်ခိုင်းတာမျိုး။ အစည်းအဝေးမှတ်တမ်းမှတ်ရမယ်၊ အခမ်းအနားတခုခုမှာ ကြိုဆိုဧည့်ခံရမယ်ဆိုရင် အမျိုးသမီးတွေအလုပ်လို့ သတ်မှတ်ပြီးခိုင်းလိုက်တာမျိုး။ ဒါတွေက KNDF မှ မဟုတ်ဘဲ နေရာတိုင်းမှာ ရှိနေတုန်းပါပဲ”
အညာဒေသလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မကွေးတိုင်း၊ ပွင့်ဖြုမြို့နယ်အခြေစိုက် မင်းဘူးခရိုင် တပ်ရင်း(၇) ပြန်ကြားရေးတာဝန်ယူထားသူ ရဲဘော်(အမျိုးသား)ကတော့ သူတို့ရဲ့တပ်ဖွဲ့တွင်း အမျိုးသမီးတပ်ဖွဲ့ဝင်ပါဝင်မှုဟာ သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိပြီး အဲဒီအမျိုးသမီးတွေဟာလည်း ရုံးပိုင်းဆိုင်ရာနဲ့ စားဖိုဆောင်စီမံချက်ပြုတ်ရေး တွေမှာသာ ပါဝင်လုပ်ဆောင်ကြတယ်လို့ ပြောပါတယ်။ “လိုအပ်လာတဲ့အချိန်တွေ ဆိုရင်တော့ အမျိုးသမီး စစ်သည်တွေကို ရှေ့တန်းမှာ သုံးကောင်းသုံးနိုင်တာပေါ့။ လောလောဆယ်တော့ သုံးနိုင်တာမရှိသေးပါဘူး” လို့ သူက ဆိုပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်အခြေစိုက်အနေနဲ့ ၂၀၂၁ ခုနှစ် မေလမှာ ဖွဲ့စည်းတည်ထောင်ခဲ့ ပေါက်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဟာဆိုရင် ဦးဆောင်သူဟာ အသက် (၄၆)နှစ်အရွယ် ဒေါ်လွင်လွင်မြင့်ဖြစ်ပါတယ်။ သူတို့တပ်ဖွဲ့ ထဲကို ဝင်ရောက်လာတဲ့ အမျိုးသမီးတွေဟာ ထမင်းချက်ဖို့၊ ဝင်ရောက်လာတာမျိုးမဟုတ်ကြဘဲ စစ်အာဏာရှင် ကို အပြုတ်တိုက်ချင်လို့ ဝင်ရောက်လာကြသူတွေမို့ အမျိုးသမီးတွေကို စစ်ရေးမစ်ရှင်တွေမှာ ပါဝင်ခွင့်ပေးခဲ့တယ်လို့ ဒေါ်လွင်လွင်မြင့်က ပြောပါတယ်။
ဟိုအရင်တုန်းကတည်းက မီးဖိုချောင်ထဲမှာပဲ အထားခံကြရတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့စွမ်းရည်နဲ့ လုပ်နိုင် စွမ်းတွေကို ပြသပြီး ခွဲခြားဆက်ဆံခံရမှုတွေကို လက်တွေ့ကျကျလုပ်ပြကြဖို့ လိုတယ်လို့ ဒေါ်လွင်လွင်မြင့်က အကြံပြုပါတယ်။ သူမကိုယ်တိုင်ကမူ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးအတွက် ဦးတည်ပြီး တပ်ဖွဲ့ကို ဦးဆောင်ခဲ့ပေမဲ့ ဒေသတွင်းတပ်ဖွဲ့တွေ အချင်းချင်းခွဲခြားဆက်ဆံခံရမှုတွေကြောင့် လက်နက်ကိုင်တော်လှန် ရေးကို စိတ်ကုန်စိတ်ပျက်ခဲ့ရတဲ့အကြောင်း အခုလိုပြောပြပါတယ်။
“ကျမတို့ မြန်မာတွေက နည်းနည်းတော့ခက်တယ် ပြောရမယ်။ တလမ်းတည်းသွားသူ၊ မြေပြင်မှာ ရှိသူတွေကို အတူလက်တွဲ လုပ်ဖို့ထက် .. လုပ်နိုင်သူတွေကို မလုပ်ချင်တော့အောင် ဝိုင်းပြီး တိုက်ခိုက်ကြတယ်။ နောက်တခုက... ကျမက လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့တဲ့အခါမှာ ပြည်သူကိုပဲ မျက်နှာမူတယ်.။ ပြည်သူ့ဆီက အခွန်ကောက်တာမျိုး ကျမ မလုပ်ခဲ့ဘူး။ အဓိကအကျဆုံးအချက်က ကျမကပြည်သူကို မခြိမ်းခြောက်ဘူး။ ဒါပေမယ့်.. အများကြီး မြင်ရကြားရ အဆင်မပြေတာတွေရှိတယ်.။ ကျမက ဘယ်သူနဲ့ မဆို လက်တွဲနိုင်ခဲ့ပါတယ်။ ကျမတို့ ရည်ရွယ်တဲ့လမ်းကြောင်းက တခုတည်းပဲလေ. ဘယ်သူနဲ့မဆို လက်တွဲလုပ်နိုင်ရမှာပဲ။ အဲဒီအပေါ်မှာ စိတ်ပျက်ခဲ့တယ်လို့ တိတိကျကျပဲ ပြောချင်ပါတယ်”
ဒါကြောင့် ဒေါ်လွင်လွင်မြင့်ဟာ ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်နေရာကို စွန့်လွှတ်ကာ ချင်းပြည်နယ်အတွင်းက ရွာလေးတရွာက စာသင်ကျောင်းမှာ ကျောင်းသားကျောင်းသူတွေကို စာသင်ပေးနေပါတယ်။ သို့ပေမဲ့ လက်နက်ကိုင်အဖွဲ့တခုရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူပီပီ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက အမျိုးသမီးရဲဘော်တွေနဲ့ပတ်သတ်ပြီး ဒေါ်လွင်လွင်မြင့်က “တိုက်ပွဲထဲကို မလိုက်နိုင်သူတွေကို သင့်တော်ရာမှာ နေရာချ ထားသင့်ပြီးတော့ တကယ့်ကို တိုက်ခိုက်ရည်ရှိတဲ့ အမျိုးသမီးတွေကို တိုက်ခိုက်ခွင့် ပေးသင့်ပါတယ်။ ဒါမှသာ အမျိုးသမီးတွေအနေနဲ့ တိုက်ပွဲအဆုံးအထိ တက်တက်ကြွကြွ ပါဝင်နိုင်မှာ” လို့ ဆိုပါတယ်။
BPLA ရဲ့ နိုင်ငံရေးမှူး ရိုးအံ့မင်းကတော့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်း အမျိုးသားတွေရဲ့ အခန်းကဏ္ဍကို အလေးပေးတဲ့၊ ဖိုဝဒါကြီးစိုးတဲ့လက္ခဏာတွေဟာ နဂိုကတည်းက ရှိနှင့်နေတာကို သတိပြုမိပါတယ်။ “အမျိုးသမီး တွေက စစ်ရေးနဲ့မဆိုင်ဘူး၊ ခေါင်းဆောင်မှုနဲ့မဆိုင်ဘူး ခေါင်းဆောင်အမျိုးသမီး ဦးဆောင်တဲ့အခါမှာ မလိုက်နာချင်တာမျိုးတွေက အငုံစိတ်ထဲမှာရှိပါတယ်။ စစ်သည်တွေ စစ်မေတွေစိတ်ထဲမှာ ရှိကြပါတယ်” လို့ ရိုးအံ့မင်းက ပြောပါတယ်။
အမျိုးသမီးရဲဘော်တွေဟာ ခန္ဓာဗေဒအရ ကွဲပြားခြားနားမှုရှိတဲ့ အမျိုးသမီးဖြစ်ခြင်းအပေါ်မှာ မူတည်ပြီး ဖိုဝါဒကြီးစိုးတဲ့ လူ့အဖွဲ့အစည်းအတွင်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်အမျိုးသမီးတွေရဲ့ စိန်ခေါ်မှုဟာ အမျိုးသားတွေထက် ကြီးမားနေပါတယ်။ KNDF ရဲ့ ဂျဲန်ဒါတန်းတူညီမျှရေးဌာန တာဝန်ရှိသူတွေကတော့ အခုလိုမေးခွန်းထုတ်ပါတယ်။
“မြင်သာတဲ့ခွဲခြားဆက်ဆံမှုတွေမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုကို အားပေးတဲ့ ပြောဆို၊ စနောက်၊ ပြုမူတာတွေလည်းပါ,ပါတယ်။ ဒီလိုအပြုအမူတွေကို လုပ်ဆောင်နေတဲ့သူတွေ လုံးဝမရှိပါဘူးဆိုပြီး ဘယ်တပ်ဖွဲ့က အာမခံနိုင်လဲ”
ဂျဲန်ဒါသဘောတရားတွေကို နားမလည်ကြဘဲ လူမှုအဖွဲ့အစည်းအတွင်းက ပုံသေကားချပ်သတ်မှတ်ချက်တွေကို အမှန်လို့ တရားသေလက်ခံထားကြသူတွေဟာ သူတို့ရဲ့ ခွဲခြားဆက်ဆံမှုတွေကိုပင် ခွဲခြားဆက်ဆံမှုဖြစ်တယ်လို့ လက်မခံချင်ကြဘူးလို့ KNDF ရဲ့ ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ဆိုပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တိုင်းမှာ စစ်ပုံသွင်းခြင်း (Militarization) ဆိုတာရှိပြီး စစ်ပုံသွင်းခြင်းက ဖိုဝါဒဆန်တဲ့ အသုံးအနှုန်း၊ သဘောတရားတွေနဲ့ အများကြီးသက်ဆိုင်တာကြောင့်လည်း ဒီလိုခွဲခြားဆက်ဆံမှုတွေ ရှိနေဆဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။
လက်ရှိဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းနေကြသလဲ
BPLA တပ်ဖွဲ့တွင်းမှာတော့ အဲ့ဒီလိုခွဲခြားဆက်ဆံခံရမှုတွေကို ဖြေရှင်းဖို့အတွက် အဆင့်ဆင့် တိုင်ကြားနိုင်တဲ့ နည်းလမ်းကို ဖော်ဆောင်ပေးထားပြီး ရာထူးအလိုက် ပြစ်မှု၊ ပြစ်ဒဏ်တွေကို ချမှတ်လေ့ရှိပါတယ်။ ခွဲခြားဆက်ဆံခံရမှုတွေကို တိုက်ရိုက်တိုင်ကြားလို့ရအောင် အဆင့်အလိုက် စီစဉ်ပေးထားသလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက် ယှက်မှုလိုမျိုးမှာတော့ ကွပ်ကဲရေးမှူးရုံးအထိ တိုင်ကြားနိုင်ပြီး လိုအပ်ရင် ကော်မတီပါဖွဲ့ အမြန်ဆုံးဆောင် ရွက်ပေးတယ်လို့ နိုင်ငံရေးမှူး ရိုးအံ့မင်းက ပြောပါတယ်။

“ကျမတို့က နှုတ်နဲ့ abuse လုပ်တာလား၊ ကိုယ်ထိ လက်ရောက်လား၊ အကြည့်နဲ့ abuse လုပ်တာလား။ ဒါမျိုးတွေကို ခွဲခြားပြီး ဆင်ခြင်သုံးသပ်တယ်။ လိုအပ်တယ်ဆိုရင် စုံစမ်းစစ်ဆေးဖို့အတွက် ကော်မတီဖွဲ့ပြီး အမြန်ဆုံးဆောင်ရွက်တယ်။ ခွဲခြားဆက်ဆံမှုတွေရှိလာရင် ကာယကံရှင်က မတိုင်ကြားနိုင်ရင်တောင်မှ ဘေးကနေလည်း တိုင်ကြားလို့ ရတယ်။ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုလိုဟာမျိုးတွေကို ကိုယ့်ရဲ့အထက်လူကြီးက လုပ်တယ်ဆိုရင် သူ့ထက်ပိုကြီးတဲ့အထက်လူကြီးကို တိုင်လို့ရတယ်။ အဲ့ဒါမှမဟုတ်ဘဲနဲ့ အဲ့ဒီလိုကိစ္စမျိုးမှာဆိုရင် ဒီကွပ်ကဲရေး ရုံးကို တိုင်လို့ရတယ်။ ကျန်တဲ့ကိစ္စမျိုးတွေမှာဆိုရင်တော့ ကျမတို့က အဆင့်ကျော်လို့မရဘူး”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဒေသမှာတော့ “တပ်တွင်းမှာ အမျိုးသမီးစစ်သည်တွေကို မူဝါဒကို သီးသန့်ချမှတ်ထားတာမျိုးမဟုတ်ဘဲ Gender Equality နဲ့ သွားပါတယ်”လို့ စစ်ဒေသရဲ့ ပြန်ကြားရေးတာဝန်ခံစောဒိုရှင်းက ပြောပါတယ်။
တော်လှန်ရေးသက်တမ်း နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ကတော့ ကျား - မရေးရာမညီမျှမှုတွေကို ဖြေရှင်းဖို့အတွက် တန်းတူအခွင့်အရေးရှိတယ်လို့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အခုလိုရှင်းပြပါတယ်။
“လက်ရှိကျွန်မတို့ အမျိုးသမီးတွေအတွက် အထူးစီမံချက်ဆောင်ရွက်တာမျိုးတွေ ရှိပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်က သူ့မှာလုပ်နိုင်တယ်၊ ဆောင်ရွက်နိုင်တယ်ဆိုရင် ကျွန်မတို့က အရာရှိရာထူးတွေ မြှင့်တင်ပေးတာမျိုးတွေ ရှိပါတယ်။ အမျိုးသားတွေဆိုရင်တော့ အရာရှိသင်တန်းကနေသာ တဆင့်သွားရမှာဖြစ် ပြီး အမျိုးသမီးတွေအတွက်သာ အထူးစီမံပေးထားတာ ဖြစ်ပါတယ်”
မူဝါဒတွေ ဘယ်လိုရှိသလဲ
စစ်အာဏာရှင်နဲ့အတူ အာဏာရှင်မှန်သမျှကိုအမြစ်ဖြတ်တိုက်ထုတ်နေတဲ့ နွေဦးတော်လှန်ရေတပ်ဖွဲ့တွေအတွင်း ဦးဆောင်သူတွေနဲ့ ပါဝင်တိုက်ခိုက်နေသူ ရဲဘော်ရဲဘက်တွေရဲ့ ကျား-မ တန်းတူရေး အမြင်သဘောထားတွေနဲ့ မူဝါဒတွေဟာလည်း အမျိုးသမီးစစ်သည်တွေများစွာ ပါဝင်လာနိုင်မှုကို အထောက်အကူပြုနေပါတယ်။

စုံစမ်းမေးမြန်းချက်တွေအရ NUG ကာကွယ်ရေးဌာနကအောက် PDF တပ်ရင်း၊တပ်ဖွဲ့တွေအပါအဝင် KNDF၊ PLA၊ CNDFတပ်ဖွဲ့တွေမှာ အမျိုးသမီးနဲ့ပတ်သက်တဲ့ မူဝါဒတွေထားရှိတာကို မတွေ့ရပါဘူး။
“အနာဂတ်ချင်းပြည်တည်ဆောက်ရေးမှာ ICNCC ဘက်ကနေ ချင်းချာတာတို့ ဖွဲ့စည်းပုံတို့ အကြမ်းဖျင်း လုပ်ထားတဲ့ဟာရှိပါတယ်။ ကျနော်တို့ အနာဂတ်မှာ ချင်းပြည်ဖွဲ့စည်းပုံ တခုခုပေါ်လာတဲ့အခါကျရင်လည်း အဲ့ဒီထဲမှာ အမျိုးသမီးတွေရဲ့အခွင့်အရေး၊ လွှတ်တော်ထဲမှာပဲဖြစ်ဖြစ် ဦးဆောင်တဲ့နေရာမှာ ဘယ်လောက် ရာခိုင်နှုန်းဆိုတဲ့ဟာ ပြဌာန်းတာတွေလုပ်ဖို့အတွက်ရှိပါတယ်”လို့ CNDFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။
ခန့်မှန်းအင်အားထောင်နဲ့ချီရှိတဲ့ BPLA တပ်ဖွဲ့တွင်းမှာတော့ အမျိုးသမီးစစ်သည်ပါဝင်မှုက ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိရှိပြီး ဒါဟာ တပ်ဖွဲ့ဝင်တစ်ထောင်မှာ အမျိုးသမီးစစ်သည် အယောက်တစ်ရာပါဝင်နေတာပါ။ ဒါ့အပြင် ဆုံးဖြတ်ချက်ချတဲ့အခန်းကဏ္ဍမှာ ဦးဆောင်တဲ့အခန်းကဏ္ဍမှာ အမျိုးသမီးစစ်သည် ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုတဲ့ တိကျတဲ့မူဝါဒရှိနေပါတယ်။ ဒါကိုလည်း တပ်ဖွဲ့ရဲ့စစ်ရေး၊ နိုင်ငံရေးမူဝါဒ ကြေညာစာတမ်းမှာ အတိအလင်းရေးထားပြီးဖြစ်ပါတယ်။
“အခြေခံစစ်ပညာသင်တန်းမှာထဲက ဒီမူဝါဒတွေနဲ့ပတ်သက်ပြီး ကျမတို့က ဂျဲန်ဒါအကြောင်းတွေသင်တယ်၊ ဂျဲန်ဒါ base discrimination အကြောင်းတွေ သင်တယ်။ နားလည်သဘောပေါက်မှု အသိပညာရှိအောင် အခြေခံ သင်တန်းမှာကတည်းက သင်တယ်။ အဆင့်မြင့်သင်တန်းမှာဆိုရင် ပိုပြီးတော့ အချိန်ယူသင်တယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သင်တယ်”လို့ BPLA နိုင်ငံရေးမှူးက ပြောပါတယ်။
PLA တပ်ဖွဲ့တွင်းမှာတော့ တိကျတဲ့မူဝါဒတွေမရှိသေးပေမဲ့ ဖော်ဆောင်ဖို့နဲ့ အမျိုးသမီးတပ်ဖွဲ့တစ်ခုထောင်ဖို့ ရည်ရွယ်ချက်ရှိနေပါတယ်။ “အမျိုးသမီးတွေချည်းပဲ သီးသန့်တပ်တွေဖြစ်အောင်လို့ လုပ်ဖို့ပေါ့နော် ကျမတို့ကြိုး စားနေတာတွေရှိပါတယ်”လို့ ဒေါ်နီနီကျော်က ပြောပါတယ်။
တဖက်မှာလည်း ချမှတ်ထားတဲ့မူဝါဒတွေဟာ လက်တွေအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ချက်တွေ၊ သံသယတွေ ရှိနေပါသေးတယ်။
“အမျိုးသမီး ဘယ်နှရာခိုင်နှုန်းပါတယ်ဆိုတဲ့ ကိန်းဂဏန်းက ပြလို့လွယ်ပါတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အဓိပ္ပာယ်ပြည့်ဝတဲ့ပါဝင်မှု (meaningful participation) ဖြစ်ရဲ့လား၊ နိုင်ငံတကာကနေ အကူအညီရချင်လို့ အိမ်ဖြည့်ထည့်ထားတာလားဆိုတဲ့ မေးခွန်းက အဖွဲ့အစည်းတိုင်းကို ဆက်မေး၊ ဆက်ထောက်ပြနေရဦးမယ့် အချက်ပါပဲ”လို့ KNDF က ဂျဲန်ဒါတန်းတူညီမျှရေးဌာနမှူးနဲ့ ဒုတိယဌာနမှူးက ပြောတာပါ။
တပ်ဖွဲ့ဝင်အင်အား ခုနှစ်ထောင်ကျော်မကရှိတဲ့ KNDF တပ်ဖွဲ့မှာ အမျိုးသမီးပါဝင်မှုဟာ (၉)ရာခိုင်နှုန်းပဲရှိနေပြီး အမျိုးသမီးစစ်သည်တွေအတွက် သီးသန့်ချမှတ်ထားတဲ့မူဝါဒမရှိသေးပါဘူး။ KNDF ရဲ့ စစ်ဘက်ဆိုင်ရာအက်ဥပဒေ မှာလည်း အမျိုးသမီးနဲ့ပတ်သက်တဲ့ ပုဒ်မနှစ်ခုလောက်သာပါရှိပြီး တပ်ရင်းတွေနဲ့ တပ်တွင်းစည်းကမ်းတွေမှာ တော့ “အမျိုးသမီးတွေကို ကာအိန္ဒြေပျက်စီးအောင် စနောက်ခြင်း၊ ပြုမူဆောင်ရွက်ခြင်းတွေ မပြုလုပ်ဖို့” သီးသန့် စည်းကမ်းထားရှိတာမျိုးတွေ ရှိပါတယ်။
နိုင်ငံတကာတပ်တွေမှာရော ဘယ်လိုကိုင်တွယ်ဖြေရှင်းကြသလဲ
မြန်မာအမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအဖွဲ့ (Myanmar- Women Peace and Security - M-WPS)ရဲ့ အကြံ ပေးတစ်ဦးဖြစ်သူ နန်းဖြူဖြူလင်းကတော့ အမေရိကန်နိုင်ငံက စစ်တမ်းတစ်ခုကို အခြေပြုပြီး အခုလိုပြောပြပါတယ်။

“နယ်စပ်တစ်ခုက အမေရိကန်နိုင်ငံရဲ့စစ်တပ် လေ့ကျင့်ရေးသင်တန်းမှာ သင်တန်းသူ/ သင်တန်းသား ပါ၀င်မှု နည်းပါးနေတာကြောင့် ဂျဲန်ဒါအကြံပေးကို ခန့်အပ်လိုက်ပါတယ်။ ခန့်အပ်လိုက်တဲ့သူက မြေပြင်လိုအပ်ချက်ကို ကျား၊မ ရေးရာတန်းတူညီမျှရေး ရှုထောင့်ကနေ သေချာဆန်းစစ်ပြီး အမျိုးသမီးစစ်မေတွေအတွက် သီးသန့်အဆောင်ထားရှိပေးဖို့ အကြံပြုလိုက်ပြီးနောက်ပိုင်းမှာ သင်တန်းသူတွေပိုများလာသလို လိုအပ်တဲ့ စစ်သားအရည်အတွက်လည်း ပြည့်မီသွားတာကြောင့် လပိုင်းအတွင်းမှာပဲ နယ်စပ်မှာ အမျိုးသမီးစစ်မေတွေဟာ ကင်းစောင့်နိုင်တဲ့ တပ်စိတ် နှစ်စိတ်အထိ တိုးမြှင့်သွားခဲ့ပါတယ်”
အမေရိကန်စစ်တပ်မှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်အထိ (၂၈)နှစ်ကြာတဲ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာမီ မီဝင်းဘတ်ကလည်း တပ်အတွင်း ကျား-မဖြစ်တည်မှုအပေါ် အခြေပြုပြီး ခွဲခြားမှုမရှိတဲ့အကြောင်း ဘီဘီစီသတင်းဌာနကို ပြောဆိုခဲ့ဖူးပါတယ်။
“အရမ်းအလုပ်လုပ်ရတယ်။ မလုပ်နိုင်ဘူးဆိုတာမျိုး သူ့မှာ ဘယ်တော့မှ မရှိဘူး။ လုပ်ရမယ်။ ယောက်ျား၊ မိန်းမ ခွဲခြားမှုမရှိဘူး။ အားလုံးလုပ်ခိုင်းတယ်။ ဆိုတော့ အဲဒါနဲ့ ကျွန်မ တတ်လာတယ်”
ဒါပေမဲ့ ကိုယ့်အနီးအကပ်အကြီးအကဲဖြစ်သူ၊ ကိုယ့်ကို အမြဲတမ်းလမ်းညွန်နည်းပြပေးသူဟာ အမျိုးသမီးတဦး ဖြစ်ခဲ့ရင်တော့ ဓလေ့ထုံးတမ်းဆိုင်ရာအတားအဆီးတွေ ပိုနည်းသွားနိုင်တယ်လို့ ဒေါက်တာမီမီဝင်ဘတ်က ဆိုပါ တယ်။
“ဥပမာ- ဗိုလ်မှူးကြီး ဒွန်မာဖီနဲ့ ကျွန်မ တပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ ဆင်းရင် အတူတူအိပ်ရတယ်။ ဘာလို့ဆို ကျမတို့မှာ ဘယ်နေရာမှမရှိဘူးလေ။ တညလုံး ညပိုင်းစစ်ဆင်ရေးဆိုရင် တယောက်နဲ့တယောက် အတူတူ လုပ်နေရတာပဲ။ ဘာမှတော့ မဖြစ်ဘူးလေ။ ဒါပေမဲ့ တချို့ကျတော့ တစ်မျိုးထင်တာမျိုးတွေ ရှိတတ်တယ်။ ဒါကြောင့် တစ်ခါတလေကျတော့ အမျိုးသားနဲ့ အမျိုးသမီး Mentor လုပ်ရတာက တော်တော်ခက်တယ်”
အမေရိကန်အပါအဝင် နိုင်ငံတကာမှာ စစ်သည်ရဲမေတွေဟာ လက်ထပ်ထိမ်းမြားခွင့်၊ မီးဖွားခွင့်၊ အိမ်ရှင် မဖြစ်ခွင့်၊ ကလေးယူပိုင်ခွင့်တွေရှိတာကြောင့် အမျိုးသမီးရဲမေတွေဟာ လက်နက်ကိုင်ထဲမှာ ပါဝင်နေပေမဲ့ ရပိုင်ခွင့်တွေ အပြည့်အဝရှိနေပါတယ်။ ဒါကြောင့် မြန်မာပြည်က တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ဝင် အမျိုးသမီးတွေကိုလည်း အဲ့ဒီလိုအခွင့်အရေးတွေ အပြည့်အဝရစေချင်တယ်လို့ ကျား၊မတန်းတူရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် ဖွဲ့စည်းထားတဲ့ ကျေးလက်မြေအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ မမူဆဲလ်က ထောက်ပြပါတယ်။
“ကရင်နီပြည်အပါအဝင် လက်နက်ကိုင်တပ်ရင်းတပ်ဖွဲ့တွေအားလုံး ဒီလိုမူဝါဒတွေ ရှိနေမယ်ဆို ပိုကောင်းတယ်။ အမျိုးသမီးတွေ မီးဖွားပိုင်ခွင့်၊ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကာကွယ်ခွင့်၊ ကျူးလွန်တဲ့အပေါ်မှာ အရေးယူခွင့်လုပ်ခွင့်တွေကိုရော လုပ်သင့်တယ် ဆောင်ရွက်သင့်တယ်”
မမူဆဲလ်ဟာ လက်ရှိမှာလည်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေထဲ ခွဲခြားဆက်ဆံမှုတွေအတွက် မူဝါဒတွေရရှိရေး ကြိုးစားနေသူတစ်ဦးဖြစ်သလို ကရင်နီပြည်ကြားကာလ၊ ရွေးကောက်ပွဲစီမံခန့်ခွဲရေး အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
ကျား၊မ တန်းတူရေး ဘယ်လောက်အရေးကြီးလဲ
အသက် (၂၈) နှစ်အရွယ် BPLA နိုင်ငံရေးမှူး ရိုးအံ့မင်းကတော့ ကျား-မရေးရာအမြင်သဘောထားတွေဟာ အတိုင်းအတာတခုအထိ အမြင်ပွင့်လာတာကို လက်ခံပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် လူ့အဖွဲ့အစည်းအ တွင်း ဖိုဝါဒကြီးစိုးမှုဟာ အခုအချိန်အထိ အရိုးစွဲနေတုန်းလို့ သုံးသပ်ပါတယ်။

ကျား၊မတန်းတူညီမျှရေးအတွက် အမျိုးသားတွေ ပူးပေါင်းပါဝင် ထောက်ခံအားပေးခြင်းကလည်း နိုင်ငံရေးနဲ့ စစ်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေပါဝင်မှုမြင့်တက်လာစေမယ့် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အော်စလိုငြိမ်းချမ်းရေးသုတေသနအင်စတီကျုရဲ့ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေအတွင်းက အမျိုးသမီးတွေအကြောင်း လေ့လာမှုစာတမ်းမှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ လက်အောက်ခံတွေအဖြစ်သာနေကြရပြီး အမျိုးသမီးတွေရဲ့ စိတ်ကူးအကြံတွေနဲ့ အမျိုးသမီး တွေရဲ့ စွမ်းရည်တွေကို အမျိုးသားတွေက လျစ်လျူရှုထားခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီလိုမျိုး ကျဉ်းမြောင်းတဲ့အမြင်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ ဖြစ်လာခဲ့ပါတယ်။ လူငယ်လူရွယ်တွေ အဓိကဦးဆောင်တဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးက နိုင်ငံရေးစနစ်အမှားကြီးကို ပြင်ဆင်ဖို့သာမက လူမှုဘဝမညီမျှမှုတွေကိုပါ ဖယ်ရှားပစ်ဖို့ ရည်ရွယ်လာကြပါတယ်။ ဒီလိုရည်ရွယ်ချက်ကောင်းတွေနဲ့ ဦးတည်လာခဲ့ကြပေမယ့် တော်လှန်ရေးသုံးနှစ်ကျော် လေးနှစ်ကာလ ရောက်လာတဲ့အတွင်းမှာ ကျား၊မတန်းတူရေးအတွက် သေသေချာချာဖော်ဆောင်လာနိုင်ပြီလားဆိုတာကို အရေးတကြီး ဆင်ခြင်သုံးသပ်ကြရတော့မှာပါ။
ဒါကြောင့် ဒီလိုတွေမဖြစ်ပေါ်စေဖို့ တပ်တွင်းမှာခွဲခြားဆက်ဆံမှုတွေပပျောက်ဖို့၊ သဟဇာတရှိတဲ့လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ အမျိုးသမီးတွေပါဝင်မှု ဆက်လက်အားကောင်းနေစေဖို့၊ တည်ရှိနေစေဖို့တို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအတွင်းမှာ ဂျဲန်ဒါနဲ့ ပတ်သက်တဲ့အမြင်ဖွင့်သင်တန်းတွေ၊ အခြေခံလူ့အခွင့်အရေး သင်တန်းတွေကို ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်သလို တဖက်မှာလည်း ဂျဲန်ဒါနဲ့ပတ်သက်တဲ့ ပေါ်လစီ၊ မူဝါဒတွေကို တပ်ဖွဲ့တွင်း ခိုင်ခိုင်မာမာရေးဆွဲ ပြဌာန်းဖို့ လိုအပ်တယ်လို့ အမျိုးသမီးအရေးနဲ့ ဂျဲန်ဒါအရေးလှုပ်ရှားဆောင်ရွက်နေသူတွေက အကြံပြုထောက်ပြလာကြပါတယ်။
M-WPS နည်းပညာအကြံပေး နန်းဖြူဖြူလင်းက “မူ၀ါဒရှိရုံနဲ့မလုံလောက်သေးပါဘူး သိနားလည်မှုနဲ့ လိုက်နာ ကျင့်သုံးမှုရှိဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ကျား၊မတန်းတူညီမျှရေးကို ထည့်သွင်းစဥ်းစားမယ်ဆိုရင် ရရှိလာနိုင်တဲ့ကောင်းကျိုးတွေကို သက်သေသာဓကနဲ့တကွ တိုက်တွန်းပြောဆိုတာတွေ စဥ်ဆက်မပြတ် ပြုလုပ်ပေးဖို့ လိုပါတယ်” လို့ အကြံပြုပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတွေအတွင်း ခွဲခြားဆက်ဆံမှုတွေအတွက် မူဝါဒတွေရရှိရေးကြိုးစားနေသူ မမူဆဲလ်ကလည်း အဖွဲ့အစည်းတွေအတွင်း ဂျဲန်ဒါဘက်ဂျက်ကလည်း မဖြစ်မနေပါဝင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေး လေးနှစ်တာကာလကိုရောက်ရှိလာတဲ့အတွင်းမှာ တော်လှန်ရေးပေါ်မှာ တစုံတရာ ကျေနပ်အားရမှုတွေရှိနေကြပေမဲ့ ကျား၊မတန်းတူရေးနဲ့ ခွဲခြားဆက်ဆံမှုတွေ၊ မူဝါဒတွေအတွက်ကတော့ ဆက်လက်တိုက်ပွဲဝင် တိုက်တွန်းနေရဦးမှာပါ။ အခုဆိုရင် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဦးတည်တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေးအတွင်း လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဖြစ်စေ၊ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ဖြစ် စေ အမျိုးသမီးတွေရဲ့ အင်တိုက်အားတိုက်ပါဝင်မှုကို မြင်တွေ့နေရပါတယ်။ သို့သော် တောင်တန်းမြေပြန့်ဒေသ အလိုက် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအတွင်းက အမျိုးသမီးရဲဘော်တွေရဲ့ အခန်းကဏ္ဍကို တခုတ်တရ ချီးမြှောက်ဂုဏ်ပြုနေကြတဲ့တိုင် အမျိုးသမီးရဲဘော်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျား-မဖြစ်တည်မှုအပေါ် အခြေပြုတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကို လျော့ပါးပပျောက်အောင် ဖယ်ရှားပစ်နိုင်ဖို့ လိုအပ်နေပါပြီ။
နွေဦးတော်လှန်ရေးကြာမြင့်လာတဲ့နဲ့အမျှ ခုခံတော်လှန်စစ်ကလည်းအရှိန်မြင့်လာသလို လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့တွေအတွင်း အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုတွေ၊ ပုံစံမျိုးနဲ့ဖိနှိပ်မှုတွေနဲ့ လိင်အခြေပြု အကြမ်းဖက်မှု၊ ထိပါးနှောက်ယှက်မှု၊ ဖိုဝါဒကြီးစိုးမှုတွေကို အရှိန်မြှင့် တိုက်ဖျက်သွားဖို့လိုပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ဖျက်ချေမှုန်းသလို ဖိုဝါဒကြီးစိုးမှု အတွေးအခေါ်အယူအဆဟောင်းတွေ အပြုအမူတွေကိုလည်း အမျိုးသားတွေအပါအဝင် အားလုံးအတူတူ အမြစ်ဖျက်ချေမှုန်းဖို့လိုအပ်နေပါတယ်။ အမျိုးသမီးတွေကို ဖိနှိပ်နေတဲ့ခွဲခြားဆက်ဆံမှုမှန်သမျှကို ဆန့်ကျင်ကြောင်းပြသပြီး အမျိုးသား၊အမျိုးသမီး တန်းတူအခွင့်အရေးအတွက် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့အတူ အားလုံးတူတူတိုက်ပွဲဝင်နေကြောင်း လက်တွေ့သက်သေပြကြရတော့မှာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အချူပ်ခန်းနဲ့ အကျဉ်းထောင်တွေအတွင်းက သူငယ်ချင်းတွေအတွက် လက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင် ရောက်လာသူ ရဲဘော်လွင်ဂူးကတော့ အနာဂတ်အတွက် သူ့ရဲ့ မျှော်လင့်ချက်ကို အခုလိုပဲ ပြောပြပါတယ်။
“အနာဂတ်နိုင်ငံတော်အသစ်မှာ ကျား- မနဲ့ လိင်စိတ်ကွဲပြားတဲ့သူတွေကို မခွဲခြားဘဲ တန်းတူပါဝင်နိုင်မယ့် စနစ်မျိုး ဖြစ်ဖို့ မျှော်လင့်တယ်”
Comments