top of page

စစ်ပွဲကာလခေါင်းဆောင် ဇာလန်း စကီးရဲ့ သြဇာအရှိန်အဝါ ကျဆင်းလာမှု ‌

  • Writer: BVJ
    BVJ
  • Feb 18
  • 3 min read
၂၀၁၉ ခုနှစ် ယူကရိန်းသမ္မတအဖြစ် စတင်တာဝန်ယူချိန်က ဗလာဒီမာ ဇာလန်းစကီးရဲ့  အသက်က ၄၁ နှစ်သာ ရှိသေးပြီး၊ အကျင့်ပျက်ခြစားမှုများကို တိုက်ထုတ်ဖယ်ရှားပစ်မည်လို့ ကတိပြုခဲ့တဲ့သူဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ယူကရိန်းသမ္မတအဖြစ် စတင်တာဝန်ယူချိန်က ဗလာဒီမာ ဇာလန်းစကီးရဲ့ အသက်က ၄၁ နှစ်သာ ရှိသေးပြီး၊ အကျင့်ပျက်ခြစားမှုများကို တိုက်ထုတ်ဖယ်ရှားပစ်မည်လို့ ကတိပြုခဲ့တဲ့သူဖြစ်ပါတယ်။

အေတီ


ရုရှားက အလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်မှုကြောင့် ယူကရိန်းပြည်သူတွေက သမ္မတရဲ့နောက်ကွယ်မှာ တညီတညွတ်တည်း စုစည်းခဲ့ကြပေမယ့်၊ယခုအခါ အဂတိလိုက်စားမှုဆိုင်ရာ သတင်းဆိုးတွေကြောင့် သူ့ရဲ့လူထုထောက်ခံမှုနဲ့ ဆွဲဆောင်နိုင်စွမ်းတွေ မှေးမှိန်ကျဆင်းလာခဲ့ပါတယ်။


၂၀၁၉ ခုနှစ်က အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်မယ့် လူတစ်ဦးအဖြစ် ရွေးကောက်ခံခဲ့ရတဲ့ အချိန်ကစပြီး ဗလာဒီမီယာ ဇာလန်းစကီးရဲ့ ကံကြမ္မာဟာ အပြောင်းအလဲတွေ ရှိလာခဲ့ပါတယ်။

 

ရုရှားရဲ့ အလုံးအရင်းနဲ့ ကျူးကျော်မှု စတင်ခဲ့တဲ့ ပထမဆုံးလတွေမှာ သူရဲ့ ရဲဝံ့စွန့်စားမှုနဲ့ သာမန်ပြည်သူတစ်ယောက်လို ရိုးရှင်းတဲ့ ပုံရိပ်ကြောင့် ကမ္ဘာတစ်ဝှမ်းရဲ့ ချီးကျူးမှုကို ရရှိခဲ့သလို ပြည်တွင်းမှာလည်း ထောက်ခံမှုတွေ အပြတ်အသတ် ရရှိခဲ့ပါတယ်။

 

ဒါပေမဲ့ အလုံးအရင်းနဲ့ ကျူးကျော်တိုက်ခိုက်ခံရတဲ့ စစ်ပွဲကာလ လေးနှစ် ကြာပြီးသွား တဲ့အချိန်မှာတော့  စည်းလုံးညီညွတ်မှုတွေဟာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူ ပိုမိုရှုပ်ထွေးတဲ့ လူထုသဘောထား တွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

 

အခုအချိန်ထိ  ယူကရိန်းပြည်သူအများစုက သူ့ကို နိုင်ငံတကာမျက်နှာစာမှာ ကိုယ်စားပြုတဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဆက်လက်ထောက်ခံနေကြဆဲ ဖြစ်ပေမဲ့၊ အုပ်ချုပ်ရေးပိုင်းနဲ့ အဂတိလိုက်စားမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေက ပြည်တွင်းမှာ သူ့အပေါ်ထားရှိတဲ့ အမြင်တွေကို ပြောင်းလဲလာစေပါတယ်။


၂၀၁၉ ခုနှစ် ဧပြီ ၂၁ ရက်၊ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ ကျင်းပတဲ့  သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့  ဗလာဒီမာ ဇာလန်းစကီး မဲပေးခန်းအတွင်းက ထွက်လာစဉ်။
၂၀၁၉ ခုနှစ် ဧပြီ ၂၁ ရက်၊ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ဗလာဒီမာ ဇာလန်းစကီး မဲပေးခန်းအတွင်းက ထွက်လာစဉ်။

 

ကယ်တင်ရှင်အဖြစ်မှ လူအများဖယ်ကျဥ်သူအဖြစ်သို့

 

၂၀၁၉ ခုနှစ် ဇာလန်းစကီး သမ္မတအဖြစ် အရွေးချယ်ခံစဉ်က သူဟာ နာမည်ကျော် လူရွှင်တော် သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ကျောင်းသားတွေက တိတ်တဆိတ် ရိုက်ကူးထားတဲ့ အဂတိလိုက်စားမှုအပေါ် ဒေါသတကြီး ပေါက်ကွဲဟန့်တားနေတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့သွားရာကနေ ညတွင်းချင်း နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရတဲ့ ကျောင်းဆရာတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရာကနေ သူဟာ လူသိများခဲ့တာ ဖြစ်ပါတယ်။

 

သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာလည်း သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်အတိုင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံတွေကိုပဲ အဓိကအသုံးပြုခဲ့ပြီး၊ ယူကရိန်း နိုင်ငံရေးကို ချုပ်ကိုင်ထားတဲ့ အမြစ်တွယ်နေတဲ့ အာဏာရှင် စီးပွားရေးလုပ်ငန်းရှင် (oligarch) ကွန်ရက်တွေနဲ့ မပတ်သက်တဲ့ "ပြင်ပလူ" တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်ခဲ့ပါတယ်။

 

ဒါဟာ လက်ရှိအခြေအနေအပေါ် စိတ်ပျက်နေတဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး မဲအရေ အတွက် ၇၃ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

 

ဒါပေမဲ့ ဇာလန်းစကီး အာဏာရလာပြီးနောက်မှာတော့ စွမ်းအင်အကျပ်အတည်းနဲ့ ကမ္ဘာလုံးဆိုင်ရာ COVID ကပ်ရောဂါ ရိုက်ခတ်မှုတွေကို စတင်ရင်ဆိုင်ခဲ့ရပြီး၊ အုပ်ချုပ်ရေးပိုင်းက လက်တွေ့မြေပြင် အခက်အခဲတွေကြောင့် သူရဲ့ "သာမန်ပြည်သူတစ်ဦး" ဆိုတဲ့ ပုံရိပ်ဟာ တဖြည်းဖြည်း မှေးမှိန်စပြု လာခဲ့ပါတယ်။

 

စစ်ပွဲမစတင်မီ နှစ်လအလို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ ကိယက်ဗ် အပြည်ပြည်ဆိုင်ရာ လူမှုဗေဒသိပ္ပံ (Kyiv International Institute of Sociology) ရဲ့ ထုတ်ပြန်ချက်အရ ဇလန်းစကီးရဲ့ လူထုထောက်ခံမှုဟာ ၃၁ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။ဒါဟာ ယူကရိန်းနိုင်ငံရေးမှာ တွေ့နေကျ သံသရာတစ်ခုဖြစ်တယ်လို့ Business Ukraine မဂ္ဂဇင်းရဲ့ ဗြိတိသျှထုတ်ဝေသူနဲ့ Atlantic Council ရဲ့ UkraineAlert ဌာန အယ်ဒီတာဖြစ်သူ ပီတာ ဒစ်ကင်ဆန် (Peter Dickinson) က ရှုမြင်ပါတယ်။

 

ယူကရိန်းရဲ့ ဒီမိုကရေစီဟာ "အလွန်တက်ကြွနိုးကြား" ပြီး "ရွေ့လျားမှုအားကောင်း" ပေမဲ့ ကဏ္ဍတော်တော်များများမှာ "ရင့်ကျက်မှုမရှိသေးဘူး" လို့ သူကဆိုပါတယ်။ တစ်ခါတစ်ရံမှာ "အထက်တန်းကျောင်းက လူကြိုက်အများဆုံးသူကို ရွေးချယ်တဲ့ ပြိုင်ပွဲ" နဲ့တောင် ဆင်တူနေပြီး နိုင်ငံရေးဟာ အဖွဲ့အစည်းတွေထက် တစ်ဦးတစ်ယောက်ချင်းစီရဲ့ ပုဂ္ဂိုလ်ရေးဩဇာအပေါ်မှာပဲ မူတည်လည်ပတ်နေတာဖြစ်ကြောင်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

ခေါင်းဆောင်တွေကို အစပိုင်းမှာတော့ နိုင်ငံကယ်တင်ရှင်တွေအဖြစ် ဝိုင်းဝန်းကြိုဆိုကြပေမဲ့၊ လျင်မြန်တဲ့ အပြောင်းအလဲတွေ ဖြစ်မလာတဲ့အခါမှာတော့ ချက်ချင်းဆိုသလို ပြန်လည်ငြင်း ပယ်ခံရလေ့ရှိပါတယ်။ ဒါကို သူက "ကယ်တင်ရှင်အဖြစ်မှ လူအများဖယ်ကြဉ်သူအဖြစ်သို့" (Messiah to pariah) ပြောင်းလဲသွားတဲ့ အကျိုးသက်ရောက်မှုလို့ ခေါ်ဆိုခဲ့ပါတယ်။


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ ကိုယ်တိုင်ရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဗီဒီယိုတွေ အများကြီးတင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ ကိုယ်တိုင်ရိုက်ကူးပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဗီဒီယိုတွေ အများကြီးတင်ခဲ့ပါတယ်။

 

သာမန်ပြည်သူဘဝမှ စစ်ပွဲကာလသမ္မတအဖြစ်သို့

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး ဇာလန်းစကီးဟာ ညတွင်းချင်း စစ်ပွဲကာလသမ္မတတစ်ဦး ဖြစ်လာခဲ့ပါတယ်။သူဟာ သာမန်စစ်စိမ်းရောင် တီရှပ်တစ်ထည်ကို အမြဲတမ်းလိုလိုဝတ်ဆင်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ယူကရိန်းပြည်သူတွေ လက်နက်စွဲကိုင် တော်လှန်ကြဖို့ တိုက်တွန်းတဲ့ သူ့ရဲ့ စိတ်အားထက်သန်တဲ့ မိန့်ခွန်းတွေနဲ့ အမေရိ ကန်ရဲ့ သတိပေးချက်တွေရှိပေမဲ့ ယူကရိန်းကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တာတွေကြောင့် ပြည်တွင်းပြည်ပမှာ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

 

သူ့အပေါ် လူထုထောက်ခံမှုနှုန်းဟာ အရှိန်အဟုန်နဲ့ မြင့်တက်သွားခဲ့ပြီး ကျူးကျော်မှု ပထမဆုံး အပတ်တွေမှာတင် ၉၁ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။အရင်က သမ္မတအပေါ် ဝေဖန်ခဲ့ကြသူ တချို့ဟာလည်း အဲဒီပထမဆုံးအပတ်တွေမှာပဲ သူတို့ရဲ့ သဘောထားတွေကို ပြောင်းလဲခဲ့ ကြပါတယ်။

 

အိုဒက်ဆာမြို့က မီခေး ဟွန်တာရန်ကို (Mykhail Hontarenko) က Al Jazeera သတင်းဌာနကို ပြောကြားရာမှာ ဇာလန်းစကီးကို အရင်က ဝါရင့်ဖျော်ဖြေရေးသမားတစ်ယောက်အဖြစ်ပဲ မြင်ခဲ့ပေမဲ့ အခုလို ရုတ်တရက် ကြုံတွေ့လိုက်ရတဲ့ အတွေ့အကြုံတွေကြောင့် စစ်မှန်တဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသလာတာကို တွေ့ရပြီး သူ့အပေါ် သဘောထားပျော့ပျောင်း လာတယ်လို့ ဆိုပါတယ်။ "သူ အခု သရုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်၊ သူ တကယ် ကြောက်နေတာပါ" လို့ သူက ပြောခဲ့ပါတယ်။



အာဏာပိုင်အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်း

 

ဒါပေမဲ့ အဲဒီအချိန်ကစပြီး ယူကရိန်းသမ္မတဟာ လမ်းမတွေပေါ်မှာထက် သမ္မတနန်းတော်နဲ့ နိုင်ငံတကာ ထောက်ခံမှုရဖို့ သံတမန်ရေးရာ ခရီးစဉ်တွေမှာပဲ အချိန်ပိုပေးလာခဲ့ပါတယ်။ဒီဇင်ဘာလ စစ်တမ်းတစ်ခုအရ ယူကရိန်းပြည်သူ ၆၁ ရာခိုင်နှုန်းက ဇလန်းစကီးကို ယုံကြည်ကြပေမဲ့ ၃၂ ရာခိုင်နှုန်းကတော့ မယုံကြည်ကြတော့ဘူးလို့ ကိယက်ဗ် အပြည်ပြည်ဆိုင်ရာ လူမှုဗေဒသိပ္ပံက ဖော်ပြပါတယ်။

 

စစ်ပြီးခေတ် ရွေးကောက်ပွဲကျင်းပရင် သူ ပြန်လည်အရွေးခံရဖို့ ရုန်းကန်ရလိမ့်မယ်လို့ တချို့က ယူဆနေကြပါတယ်။ဒါဟာ သူ့ရဲ့ လက်တွဲဖော် အသိုင်းအဝိုင်းကြားက အဂတိလိုက်စားမှုဆိုင်ရာ သတင်းဆိုးတွေကြောင့် ဖြစ်သလို၊ သူဟာ အာဏာကို တစ်စုတစ်စည်းတည်းဖြစ်အောင် လုပ်ဆောင်နေပြီး စစ်ပွဲကာလ အခြေအနေတွေကို အသုံးချကာ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို ချဲ့ထွင်နေတယ်ဆိုတဲ့ အမြင်တွေကြောင့်လည်း ဖြစ်တယ်လို့ ဒစ်ကင်ဆန်က ပြောကြားခဲ့ပါတယ်။

 

ဝါရှင်တန်ဒီစီဘက်ကလည်း ၂၀၂၆ ခုနှစ်မှာ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဇလန်းစကီးအပေါ် ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ဆောင်လာနေပါတယ်။ ဒါပေမဲ့ လက်ရှိကျင့် သုံးနေတဲ့ စစ်အုပ်ချုပ်ရေး (martial law) စည်းမျဉ်းတွေအရ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုရင် နိုင်ငံရဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဇာလန်းစကီးက ဝါရှင်တန်နဲ့ ဘရပ်ဆဲလ် (ဥရောပသမဂ္ဂ) တို့ဘက် ကနေ လုံခြုံရေးကို အာမခံချက်ပေးနိုင်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပဖို့ "အဆင်သင့်ပဲ" လို့ ပြောကြားခဲ့ပါတယ်။

 

၂၀၂၅ ခုနှစ်နှောင်းပိုင်း ယူကရိန်းနိုင်ငံဟာ ကြီးမားတဲ့ အဂတိလိုက်စားမှု သတင်းဆိုးတွေကြောင့် တုန်လှုပ်ချောက်ချားခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အဆင့်မြင့်အရာရှိကြီးတွေကို ဝင်ရောက် ရှာဖွေ ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ခဲ့သလို၊ ဇလန်းစကီးရဲ့ လူယုံတော်အသိုင်းအဝိုင်းအပေါ် စောင့်ကြည့် စစ်ဆေးမှုတွေလည်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။ အဲဒီအထဲမှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တဲ့ ဝါရင့်အမှုဆောင်အရာရှိချုပ် (Chief of Staff) အန်ဒရီ ယာမက် (Andriy Yermak) လည်း ပါဝင်နေပါတယ်။


 ယူကရိန်းနိုင်ငံ၊ ခါကိဗ်မြို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်မယ့်  ဥပဒေကြမ်းသစ်အား  ထောင်နဲ့ချီတဲ့ ဒေသခံတွေ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က  ကန့်ကွက်ဆန္ဒပြခဲ့စဥ်
ယူကရိန်းနိုင်ငံ၊ ခါကိဗ်မြို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီတွေရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်မယ့် ဥပဒေကြမ်းသစ်အား ထောင်နဲ့ချီတဲ့ ဒေသခံတွေ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက်က ကန့်ကွက်ဆန္ဒပြခဲ့စဥ်


“ယူကရိန်းပြည်သူတွေဟာ နိုင်ငံရေးအဂတိလိုက်စားမှုနဲ့ ပတ်သက်ရင် ဘယ်လိုပဲဖြစ်ဖြစ် အလွန်အမင်း အယုံအကြည်ကင်းမဲ့နေကြတာပါ။ ဒါကြောင့် သူကိုယ်တိုင် အဆင့်မြင့်ရာထူးတွေမှာ ခန့်အပ်ထားတဲ့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ မိတ်ဆွေတွေ အဂတိသတင်းဆိုးမှာ ပါဝင်ပတ် သက်နေတာဟာ သူ့အတွက်တော့ ပုံရိပ်အတော်လေး ပျက်စီးစေတဲ့ကိစ္စပါပဲ” လို့ ဒစ်ကင်ဆန်က ပြောပါတယ်။

 

အခု နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အဂတိသတင်းဆိုးဟာ စွမ်းအင်ကဏ္ဍကို ဗဟိုပြုနေတာဖြစ်ပြီး၊အခြေခံအ ဆောက်အအုံတွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် အေးခဲနေတဲ့ ရာသီဥတုထဲမှာ ပြည်သူသန်းပေါင်းများစွာဟာ လျှပ်စစ်မီး၊ ရေနဲ့ အပူပေးစနစ်တွေ မရရှိဘဲ ဖြစ်နေရချိန်မှာ ဒီလို ကိစ္စမျိုးက ပြည်သူတွေအတွက် အတော်လေးကို စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေတယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

“တစ်ချိန်ကတော့ လူထုက သူ့ကို လမ်းမပေါ်က သာမန်ပြည်သူတစ်ယောက်လို ခံစားခဲ့ရပေမဲ့ အခုတော့ သူဟာ အာဏာပိုင်အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပါပြီ” လို့ ဒစ်ကင်ဆန်က ဆိုပါတယ်။

ယူကရိန်းအရှေ့မြောက်ပိုင်း၊ ခါကိဗ်မြို့က အထည်အလိပ်ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ အာမီနာ အစ္စမေးလိုဗာ (Amina Ismailova) ကတော့ ဇလန်းစကီးအပေါ် ယုံကြည်မှုဟာ စစ်တမ်းတွေမှာ ဖော်ပြထားတာထက် ပိုပြီး နည်းပါးနေလိမ့်မယ်လို့ ယုံကြည်ကြောင်း Al Jazeera ကို ပြောပါတယ်။

 

စစ်သည်တော်တွေနဲ့ စစ်ပြန်အတော်များများဟာ လစာမရရှိတာ ဒါမှမဟုတ် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာတွေ ဖြစ်နေချိန်မှာ နိုင်ငံရေးသမားတွေကတော့ အဂတိ လိုက်စားမှုတွေကနေ အကျိုးအမြတ် ထုတ်နေကြတာဟာ ပြည်သူတွေအတွက် လက်ခံရခက်ခဲတဲ့အရာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

 

Al Jazeera က ဆက်သွယ်မေးမြန်းခဲ့တဲ့ လူအတော်များများ ပြောသလိုပဲ အစ္စမေးလိုဗာကလည်း အဓိကပြဿနာဟာ ဇလန်းစကီးနေရာမှာ အစားထိုးဖို့ ခိုင်မာတဲ့ တခြားရွေးချယ်စရာ မရှိတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

 

ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဗာလဲရီ ဇာလူဇ်ညီ (Valerii Zaluzhnyi) ရဲ့ အမည်ကို လူအချို့က ထုတ်ဖော်ပြောဆိုကြပေမဲ့ ယူကရိန်းစစ်တပ်ရဲ့ အကြီးအကဲဟောင်းဖြစ်သူ သူဟာ နိုင်ငံရေးရည်မှန်းချက် ရှိတယ်လို့ ဘယ်တုန်းကမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။


“သံမဏိဗိုလ်ချုပ်ကြီး” လို့ လူသိများတဲ့ ဇာလူဇ်ညီဟာ စစ်ပွဲသူရဲကောင်းနဲ့ စစ်သေနင်္ဂဗျူဟာ ပညာရှင် ပုံရိပ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အစောပိုင်းမှာ ဇာလန်းစကီးက “ခေါင်းဆောင်ပိုင်းကို အသစ်လဲလှယ်ဖို့” ဆုံးဖြတ်ပြီး သူ့ကို ဗြိတိန်ကို စေလွှတ်လိုက်တာဟာ သူ့ရဲ့သမ္မတရာထူးအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ မြင်တာကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ သံသယတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။


၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်၊ ယူကရိန်းသံအမတ်ကြီး ဗာလဲရီ ဇာလူဇ်ညီ ဗြိတိန်နိုင်ငံ၊ ဒေါဆက်နယ်၊ ဘိုဗင်တန်ရှိ တင့်ကားပြတိုက် (The Tank Museum) မှာ တွေ့ရစဥ်
၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက်၊ ယူကရိန်းသံအမတ်ကြီး ဗာလဲရီ ဇာလူဇ်ညီ ဗြိတိန်နိုင်ငံ၊ ဒေါဆက်နယ်၊ ဘိုဗင်တန်ရှိ တင့်ကားပြတိုက် (The Tank Museum) မှာ တွေ့ရစဥ်

 

နိုင်ငံတော်အလံအောက် စုစည်းခြင်း အကျိုးသက်ရောက်မှု

 

လက်ရှိ ပြည်တွင်းမှာ အမြင်အမျိုးမျိုး ရှိနေကြပေမဲ့ ယူကရိန်းပြည်သူအများစုဟာ ဇလန်းစကီးကို စစ်ပွဲကာလခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်ထောက်ခံနေကြဆဲ ဖြစ်ပါတယ်။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ပြုလုပ်ခဲ့တဲ့ အဆင်မပြေလှတဲ့ တွေ့ဆုံမှုအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဖိအားပေးမှု ဒါမှမဟုတ် အထင်သေးသလို ဆက်ဆံမှုတွေအပေါ် ဇလန်းစကီးရဲ့ တုံ့ပြန်ပုံဟာ ယူကရိန်းနိုင်ငံအတွင်း မျိုးချစ်စိတ်ဓာတ်တွေ အရှိန်အဟုန်နဲ့ မြင့်တက်လာစေခဲ့တယ်လို့ ဒစ်ကင်ဆန်က ဆိုပါတယ်။


အဲဒီအချိန်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ဇာလန်းစကီးအပေါ် လူထုထောက်ခံမှုဟာ ချက်ချင်း ဆိုသလို ပြန်လည်မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ ဇာလန်းစကီး တိုက်ခို က်စော်ကားခံရတာဟာ ယူကရိန်းနိုင်ငံအပေါ် တိုက်ခိုက်ခံရတာနဲ့အတူတူပဲလို့ ပြည်သူ အများအပြားက ခံစားခဲ့ကြရကြောင်း ဒစ်ကင်ဆန်က ရှင်းပြပါတယ်။

 

 အခုဆောင်းပါးဟာ အယ်လ်ဂျားဇီးယားသတင်းဌာနမှာဖော်ပြထားတဲ့  Nils Ader ရဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

 


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page