top of page

အမေကို သေနတ်နဲ့ချိန်ပြီး ဉာဏ်ရည်မဖွံ့ဖြိုးတဲ့ သားကို အဓမ္မစစ်မှုထမ်းခိုင်းတဲ့ စစ်ကောင်စီ

  • Writer: BVJ
    BVJ
  • Jan 21
  • 2 min read

■ အိုင်းရစ်


စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ပဲခူးတိုင်းအတွင်း စစ်သားစုဆောင်းခံရသူတွေကို စစ်ကောင်စီက ခေါ်ဆောင်လာတာကို တွေ့ရစဉ် (ဓာတ်ပုံ - ပေးပို့ / Burma VJ)
စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ပဲခူးတိုင်းအတွင်း စစ်သားစုဆောင်းခံရသူတွေကို စစ်ကောင်စီက ခေါ်ဆောင်လာတာကို တွေ့ရစဉ် (ဓာတ်ပုံ - ပေးပို့ / Burma VJ)

အသက် (၆၅)နှစ်အရွယ် မိခင်ဖြစ်သူကို သေနတ်နဲ့ထောက်ထားပြီး (၂၉)နှစ်အရွယ် သားဖြစ်သူကို စစ်မှုထမ်းလိုက်ခဲ့ဖို့ အိမ်ပေါ်ထိတက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဓမ္မခေါ်ဆောင်ခဲ့တဲ့ဖြစ်ရပ်ဟာ ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် နွားတဲကုန်းကျေးရွာအုပ်စု မြောက်လွတ်ကုန်းရွာမှာ အခုလ ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့ပါတယ်။


စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၉)အတွက် တပ်သားသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေချိန်မှာ မြောက်လွတ်ကုန်းရွာမှာ အမေဖြစ်သူ ဒေါ်အေးကြည် (နာမည်လွှဲ) နဲ့အတူ နေထိုင်တဲ့ ကိုလင်းထက် (နာမည်လွှဲ) တစ်ယောက်ဟာ စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်းတပ်သားသစ် စုဆောင်းတာကို ခံခဲ့ရသူပါ။ သူ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာခေါ်မယ်ဆိုတာကို ကြိုသိခဲ့ရတာမျိုးလည်း မရှိခဲ့ပါဘူး။


မြောက်လွတ်ကုန်းရွာ အုပ်ချုပ်ရေးမှူး (ဒေသအခေါ် ရွာသူကြီး) သန်းဇော်ထွန်း (ခ) ကိုဇော်ကြီးက စစ်မှုထမ်းလူအစားထိုး စာရင်းထည့်ဖို့အတွက် ကာယကံရှင်ကို ကြိုတင်အသိပေးတာမျိုးမရှိဘဲ ကိုလင်းထက် နာမည်ကို ထည့်သွင်းခဲ့တာပါ။


ရွာသူကြီးနာမည်စာရင်းထည့်လိုက်တဲ့ ကိုလင်းထက်ဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းသူတစ်ဦးဖြစ်တာကြောင့် အတန်းပညာလည်း မသင်နိုင်ခဲ့သလို ရွာအတွင်းမှာလည်း သူ့ကို မသန်စွမ်းသူတစ်ယောက်အဖြစ် သတ်မှတ်ထားတာကြတာဖြစ်ပါတယ်။


“ကြိုပြောရင် ထွက်ပြေးမှာစိုးလို့တဲ့။ ကျွန်တော့်ညီက ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတာကြောင့် ပညာသင်ကြားဖို့ အခက်အခဲ ဖြစ်ခဲ့တယ်။ အတန်းပညာလည်း မတတ်ဘူး။ ရွာက လူတွေက သူ့ကို လက်တိုလက်တောင်းခိုင်းပြီးရင် ပိုက်ဆံပေးတာမျိုးရှိပေမဲ့ ၅၀၀ တန်တို့၊ ၅၀၀၀တန် စတဲ့ ပိုက်ဆံတန်ဖိုးတွေကို ခွဲခြားမသိဘူး။ သူက ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းတဲ့ မသန်စွမ်းတစ်ယောက်ပါ” လို့ ကိုလင်းထက်ရဲ့ အစ်ကိုအကြီးဖြစ်သူ ကိုဇော်က ပြောပါတယ်။


ကိုဇော်ဟာ ပြည်ပနိုင်ငံတစ်ခုမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးပါ။


စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ပဲခူးတိုင်းအတွင်း စစ်သားစုဆောင်းခံရသူတွေကို စစ်ကောင်စီက ခေါ်ဆောင်လာတာကို တွေ့ရစဉ် (ဓာတ်ပုံ - ပေးပို့ / Burma VJ)
စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ပဲခူးတိုင်းအတွင်း စစ်သားစုဆောင်းခံရသူတွေကို စစ်ကောင်စီက ခေါ်ဆောင်လာတာကို တွေ့ရစဉ် (ဓာတ်ပုံ - ပေးပို့ / Burma VJ)

ကိုလင်းထက်တို့ရဲ့အိမ်မှာ မိခင်ဒေါ်အေးကြည်နဲ့ သူ့အထက် အစ်ကိုဖြစ်သူတစ်ဦးတို့ဟာ မြောက်လွတ်ကုန်းရွာမှာ အတူနေထိုင်ကြတာပါ။ ကိုလင်းထက်ရဲ့ အစ်ကိုဟာလည်း စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးဖြစ်တာကြောင့် အတူနေ မိခင်နဲ့ အစ်ကိုဖြစ်သူတို့ကို ကိုလင်းထက်က ရွာထဲမှာ နေ့စားအလုပ်လုပ်ကိုင်ရင်း ရှာဖွေကျွေးမွေးနေတာလည်း ဖြစ်ပါတယ်။


“ကျွန်တော့်ညီကို စစ်မှုထမ်းဖို့ လာခေါ်တဲ့အချိန် အမေက သူ့သားကို မခေါ်ဖို့ လာခေါ်တဲ့စစ်သားတွေကို ခြေသလုံးဖက်ပြီး တောင်းပန်တယ်။ ငိုတယ်၊ မရဘူး။ အဲမှာ ပါလာတဲ့ စစ်သားတစ်ယောက်က အမေကို သေနတ်နဲ့ထောက်ထားပြီး ညီကို အတင်းဆွဲခေါ်သွားတာ။ ကျွန်တော့်ညီကလည်း အမေကို လုပ်ကျွေးနေတာလို့ ကနဦးက ပြောသေးတယ်။ ကျွန်တော့်အစ်ကို ရူးနေတဲ့သူကို ခေါ်သွားပါဆိုတော့ သူတို့ကို ပြန်ပစ်သတ်မှာကြောက်လို့ မခေါ်ဘူးလို့ ပြောတယ်တဲ့” လို့ ကိုဇော်က သူ့ရဲ့ မိခင်ဖြစ်သူအခြေအနေနဲ့ ညီဖြစ်သူတို့ရဲ့ အခြေအနေတွေကို ပြောပြပါတယ်။


ကိုလင်းထက်ကို စစ်ကောင်စီက အဓမ္မစစ်မှုထမ်းစုဆောင်းခေါ်ဆောင်သွားပြီးနောက် မွန်ပြည်နယ် သိမ်ဖြူဇရပ်မြို့နယ်က အမှတ် ၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၄) ကို ရောက်ရှိသွားတယ်လို့သာ ဖုန်းအသိမ်းမခံရမီအချိန်ထိသာ နောက်ဆုံးသိရပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရတော့ဘူးလို့လည်း မိသားစုဝင်တွေက ပြောပြပါတယ်။


စစ်မှုထမ်းခေါ်ဆောင်ခံခဲ့ရပြီးနောက်ပိုင်း ကိုလင်းထက်အတွက် အစားအသောက် ချက်ပြုတ်ပေးပို့ဖို့ဆိုပြီး ကျေးရွာသူကြီးက အစောပိုင်းရက်မှာ ငွေကျပ်နှစ်သိန်းလာ‌ပေးခဲ့ပါတယ်။


သားအကြီးဖြစ်သူ ကိုဇော်နဲ့ မိသားစုဟာ ပြည်ပနိုင်ငံတစ်ခုမှာ ရွှေ့ပြောင်းအလုပ်သမားဖြစ် လုပ်ကိုင်နေချိန် ညီမဖြစ်သူတစ်ဦးဟာလည်း နိုင်ငံတွင်း အခြားဒေသတစ်ခုမှာ သွားရောက်အလုပ်လုပ်ကိုင်နေတာကြောင့် မိခင်ဖြစ်သူနဲ့ ညီဖြစ်သူတွေကို အဝေးကနေပဲ ငွေကြေးထောက်ပံ့နေကြရပါတယ်။ ညီဖြစ်သူ စစ်မှုထမ်းအဓမ္မစုဆောင်းခံရချိန်မှာ ကိုဇော်ဟာ သူ့ ညီရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု အားနည်းတဲ့အခြေအနေတွေကြောင့် သူများထက် စိုးရိမ်ပူပန်မှုတွေ များနေရပါတယ်။


ဇန်နဝါရီ ၁၃ ရက် ညပိုင်းက စစ်မှုထမ်း အဓမ္မစုဆောင်းခံရသူတွေထဲမှာ ကိုလင်းထက်နဲ့အတူ ဇီကုန်းမြို့နယ်နဲ့ ကျေးရွာအတွင်းက စုစုပေါင်း ၅ ဦးပါသွားပါတယ်။ အဲဒီအထဲက နှစ်ဦးကတော့ စစ်သားစုဆောင်းခံရမှုကနေ ပြန်ထုတ်နိုင်ဖို့အတွက် မိသားစုဝင်တွေနဲ့ ပတ်သက်သူတွေက စစ်ကောင်စီတပ်ဖွဲ့ကို ငွေကြေးပေးခဲ့ရတယ်လို့ သိရပါတယ်။


စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ပဲခူးတိုင်းအတွင်း စစ်သားစုဆောင်းခံရသူတွေကို စစ်ကောင်စီက ခေါ်ဆောင်လာတာကို တွေ့ရစဉ် (ဓာတ်ပုံ - ပေးပို့ / Burma VJ)
စစ်မှုထမ်း အပတ်စဉ် ၉ အတွက် ပဲခူးတိုင်းအတွင်း စစ်သားစုဆောင်းခံရသူတွေကို စစ်ကောင်စီက ခေါ်ဆောင်လာတာကို တွေ့ရစဉ် (ဓာတ်ပုံ - ပေးပို့ / Burma VJ)

ကိုလင်းထက်ကတော့ မိသားစုစီးပွားရေးအခြေအနေကြောင့် ပိုက်ဆံမပေးတာနိုင်မို့ အခုချိန်ထိ ပြန်လည်လွတ်မြောက်လာနိုင်ခြင်း မရှိသေးပါဘူး။


အဓမ္မတပ်သားစုဆောင်းခံရပြီး တပတ်ခန့်အကြာ ဇန်နဝါရီ ၁၈ ရက်မှာ ကျေးရွာသူကြီးက ကိုလင်းထက်ရဲ့ မိခင်ဖြစ်သူဆီ နောက်ထပ် ငွေကျပ်သိန်း (၂၀)လာယူဖို့ အကြောင်းကြားခဲ့ပြီး အဲ့ဒီငွေဟာ သားဖြစ်သူက စစ်မှုထမ်းလူစားထိုး လိုက်ခဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။


ရွာသူကြီး ပေးတဲ့ပိုက်ဆံကို မိသားစုဝင်တွေက လက်မခံလိုကြောင်း ငြင်းဆိုချိန်မှာ ပိုက်ဆံမယူရင် နောက်ဆက်တွဲ ပြဿနာတွေရှိလာနိုင်တယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ရွာမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေရဲ့ အခြေအနေကို ကိုဇော်ကပြောပြပါတယ်။


စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ်သားသစ်စုဆောင်းမှုတွေ လုပ်ဆောင်လာတာ အပတ်စဉ်(၉)အထိ ရှိလာပါပြီ။ အပတ်စဉ်(၁)ကနေ အပတ်စဉ်(၉)အထိ တပ်သားသစ်စုဆောင်းရာမှာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေကအများဆုံးဖြစ်ပြီး ကျေးရွာအချို့နဲ့ မြို့နယ်အချို့မှာ လူစားထိုးခေါ်ဆောင်မှုတွေလည်း တွင်တွင်ကျယ်ကျယ်ရှိနေပါတယ်။


စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ငွေကြေးတတ်နိုင်သူတွေနေရာမှာ ငွေကြေးမတတ်နိုင်သူတွေ၊အင်အားနည်းသူတွေကို လူစားထိုးတဲ့ဖြစ်စဉ်တွေဟာလည်း စျေးကွက်တခုလိုဖြစ်လာနေပြီး စစ်မှုထမ်းမလိုက်ချင်တဲ့အိမ်တွေအနေနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကို ပေးရတဲ့‌ငွေကြေးဟာ တအိမ်ထောင်ကို အနည်းဆုံးငွေကျပ် တစ်သိန်းကနေ သုံးသိန်းအထိ ပေါက်စျေးရှိတတ်ပါတယ်။


အဲ့ဒီငွေကြေးပေးရတာဟာ တခါထဲနဲ့ပြီးသွားတာမဟုတ်ဘဲ စစ်မှုထမ်းအပါတ်စဉ် တခါခေါ်တိုင်း ဒါမှမဟုတ် တစ်နှစ်စာအတွက်သာဖြစ်တယ်လို့ ငွေကြေးပေးခဲ့ရတဲ့ကာယကံရှင်မိသားစုဝင်တွေဆီက သိရပါတယ်။


စစ်ကောင်စီရဲ့ စစ်မှုထမ်းခေါ်ဆောင်မှုဥပဒေမှာ “အသက်မပြည့်သေးသူ၊ ကိုယ်လက်အင်္ဂါတခုခု အမြဲတမ်း မသန်စွမ်းသူ၊ ဉာဏ်အရည်အသွေးမမီခြင်း၊ ဆေးစစ်ဆေးခြင်း သတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူနေဖြစ်ခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်နေသူဟု သက်ဆိုင်ရာ ဥပဒေက ပြဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ” ကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပြုထားတယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ဖော်ပြထားပါတယ်။


ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ကင်းလွတ်ခွင့်ရှိတဲ့သူတွေကို အဲ့ဒီလိုဖော်ပြထားပေမဲ့ စစ်ကောင်စီကကိုယ်တိုင်ထုတ်ပြန်ထားတဲ့ ဥပဒေကို လျစ်လျူရှုပြီး အဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေ၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူတွေကို ခေါ်ဆောင်တာတွေ၊ စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို ခေါ်ဆောင်တာတွေကိုလည်း လုပ်ဆောင်ပြီး လူ့အခွင့်အရေးကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပါတယ်။


“အမေကတော့ သူ့သားအတွက် နေ့စဉ်စိတ်ပူပန်ပြီး ငိုနေတာပါပဲ။ ကျွန်တော်တို့လည်း စိုးရိမ်တာပေါ့။ ညီက ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းတော့ သူတို့ဆီမှာ နှိပ်စက်ခံရမှာ၊ ဖိနှိပ်ခံရမှာကို စိုးရိမ်နေရတယ်။ ပြီးတော့ ရှေ့တန်းပို့ရင်လည်း သူ့ပုံစံနဲ့က ပစ်ကွင်းထဲရောက်ပြီး သေမှာကို တွေးပူနေရတယ်”လို့ ကိုဇော်ကတော့ ညီဖြစ်သူ ကိုလင်းထက်အတွက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ ပြောပြနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page