စစ်အစိုးရ ရက် ၁၀၀ ငြိမ်းချမ်းရေးအပေါ် အာရက္ခတပ်တော် မေးခွန်းထုတ်
- BVJ

- 2 days ago
- 1 min read
မိုနာ/BVJ_ဇူလိုင် ၂၀၊ ၂၀၂၆

မနေ့က ဇူလိုင် ၁၉ရက်တစ်ရက်ထဲမှာပဲ စစ်အုပ်စုဟာ ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့ သုံးခုကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့ပြီး သံဃာတော် (၃)ပါးအပါအဝင် (၂၆)ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသွားသူတွေထဲမှာ အသက် ၁၂နှစ်နဲ့၁၅နှစ် မိန်းကလေးနှစ်ဦးနဲ့ ၁၇၊ ၂၀နဲ့ ၃၄နှစ်အမျိုးသားသုံးဦးပါဝင်ပါတယ်။
ဇူလိုင် ၁၉ရက်၊အာဇာနည်နေ့ မနက် ၁၁နာရီခွဲအချိန်မှာ တောင်ကုတ်မြို့နယ်ထဲက မအီမြို့ အမှတ်(၂)ရပ်ကွက်နဲ့ အမှတ်(၃)ရပ်ကွက်ကို ပေါင် ၃၀၀ဗုံး သုံးလုံး ၊ ညနေလးနာရီခြောက်မိနစ်အချိန်ကနေ နှစ်ဆယ့်လေးမိနစ်အချန်ထိကို သံတွဲမြို့နယ်အတွင်းကို နာရီဝက်ကြာဗုံးကြဲချမှု၊ ဂျက်တိုက်လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစတ်ခတ်မှုတို့ကိုပြုလုပ်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့ကိုတော့ ညနေခြောက်နာရီခွဲမှာ ဂျက်ဖိုက်တာတစ်စင်းနဲ့ ပေါင် ၃၀၀ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အာရက္ခတပ်တော်-AAက မနေ့က ဇူလိုင် ၁၉ရက်မှာထုတ်ပြန်ပါတယ်။

"ဤကဲ့သိုသောလုပ်ရပ်များမှာ ရက် (၁၀၀) အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သံ၊ တွေ့ဆုံနေမှုများအတွက် အပြောနှင့်အလုပ် ထပ်တူကျမှု မည်ရွေ့မည်မျှ ရှိသနည်း ဆိုသည့်အပေါ် မေးခွန်းထုတ်စရာများရှိသည်မှာ အထင်အရှားပင်ဖြစ်သည်"လို့ AAရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါ့အပြင် AAအနေနဲ့ စစ်အုပ်စုရဲ့ထိုးစစ်တိုင်းကို အာရက္ခပြည်သူတွေအပြင် ယုံကြည်အားကိုးထိုက်တဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ နယ်မြေချင်းထိစပ်နေတဲ့မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူတကွ လက်တွဲပြီးတုန့်ပြန်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ သမ္မတအဖြစ်ခံယူပြီးအစိုးရဖွဲ့ပြီးနောက်မှာ ရက် ၁၀၀စီမံချက်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖိတ်ခေါ် ဆွေးနွေးနေတာဖြစ်ပါတယ်။
မနေ့က ဇူလိုင် ၁၉ရက်မှာလည်း PSLF/TNLAက ခေါင်းဆောင်အချို့နဲ့ စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)တို့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။




Comments