ကိုယ်ပိုင်ကတိကဝတ်တွေကို အာဆီယံကိုယ်တိုင်ပြန်လည်ချိုးဖောက်နေဟု JFMထောက်ပြ
- BVJ

- 3 days ago
- 1 min read
မိုနာ/BVJ_ဇူလိုင် ၁၅၊ ၂၀၂၆

အာဆီယံက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ငါးရပ်ကိုချမှတ်ခဲ့တာ ငါးနှစ်ကျော်ကြာမြင့်လာပေမယ့် အာဆီယံဟာကိုယ်ပိုင်ကတိကဝတ်တွေကို ကိုယ်တိုင်ပြန်လည်ချိုးဖောက်နေပြီး မြန်မာစစ်အုပ်စုကကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာလည်း ကြံရာပါပတ်သက်မှုတွေရှိနေတယ်လို့ Justice For Myanmar (JFM)က ဒီနေ့ ဇူလိုင် ၁၅ရက်မှာ ထောက်ပြပြောဆိုလိုက်ပါတယ်။
စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကအလွတ်သဘောတွေ့ဆုံအပြီးမှာ JFMကအခုလိုထုတ်ပြန်လာတာပါ။
အဲ့ဒီအလွတ်သဘောတွေ့ဆုံမှုဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရမှုလွတ်ကင်းစွာနဲ့ဆက်လက်ကျူးလွန်နိုင်စေဖို့ ရဲဆေးတင်အားပေးရာရောက်နေတယ်လို့ JFMကဖော်ပြပါတယ်။

"မြန်မာစစ်အုပ်စုသည် ၎င်းတို့၏နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံရမည့် ရာဇဝတ်ကောင်များသာဖြစ်ပြီး၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ နေရာတနေရာပေး၍ ချီးမြှောက်ခံရမည့်သူများမဟုတ်ပေ"လို့ JFMကပြောထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံဘုံသဘောထားငါးရပ်ကို လုံးဝမထီမဲ့မြင်ပြုပြီး မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေတိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်းနဲ့ အဲ့ဒီအကြမ်းဖက်မှုတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အထူးသဖြင့် ထိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ရှိကုမ္ပဏီတွေနဲ့ အဲ့ဒီနိုင်ငံအစိုးရတွေရဲ့ကြံရာပါပတ်သက်မှုနဲ့ကျူးလွန်နိုင်ခဲ့တာဖြစ်တယ်လို့ JFMကအချက်အလက်သက်သေတွေနဲ့အတူ ဖော်ပြလာတာဖြစ်ပါတယ်။
ဒါကြောင့် အာဆီယံအဖွဲ့ဝင်အစိုးရတွေအနေနဲ့ စစ်အုပ်စုကိုတရားဝင်မှုပေးအပ်ခြင်းကို ရပ်တန့်ဖို့၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်ရေးပစ္စည်း၊ နည်းပညာနဲ့လေယာဉ်ဆီရရှိမှုကို ချက်ချင်းဖြတ်တောက်ဖို့တို့ကို JFMကတောင်းဆိုထားပါတယ်။




Comments