ရည်မှန်းချက်မပါတဲ့ တွေ့ဆုံဆွေးနွေးမှုကိုယုံကြည်မှုမရှိဟု ASEANနဲ့တွေ့ဆုံအပြီး SCEFကြေညာ
- BVJ

- Jul 16
- 1 min read
မိုနာ/BVJ_ဇူလိုင် ၁၆၊ ၂၀၂၆

ASEANအဖွဲ့ဝင်နိုင်ငံကဝန်ကြီးတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်အဖွဲ့ အစည်းတွေဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ SCEFက မနေ့က ဇူလိုင် ၁၅ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
ASEANအလှည့်ကျဥက္ကဌ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်တဲ့တွေ့ဆုံဆွေးနွေးမှုမှာပါဝင်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီတွေ့ဆုံဆွေးနွေးမှုဟာ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့အတူမဟုတ်ဘဲ ASEANနဲ့သာသီးသန့်တွေ့ဆုံမှုဖြစ်တယ်လို့ သိရပါတယ်။
အခုတွေ့ဆုံရတဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ASEAN ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) အကောင်အထည်ဖော်ရေးကြိုးပမ်းမှုတွေနဲ့ ယုံကြည်စိတ်ချရတဲ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့အခြေအနေတွေအပေါ် အမြင်ချင်းဖလှယ်ဖို့ဖြစ်တယ်လို့ SCEFကပြောထားပါတယ်။
အခုတွေ့ဆုံဆွေးနွေးမှုဟာ SCEFနဲ့စစ်အာဏာရှင်တွေအကြား တရားဝင်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်စတင်ခြင်းလည်းမဟုတ်ဘူးလို့ SCEFကကြေညာပါတယ်။
တွေ့ဆုံမှုအတွင်းမှာ SCEFအနေနဲ့ရပ်တည်ချက်တွေဖြစ်တဲ့ ASEAN ဘုံသဘောတူညီချက် (၅) ချက်(5PC)ကိုထုတ်ပြန်ကြေညာမှုသပ်သပ်မဟုတ်ဘဲ အကောင်အထည်ဖော်ဖို့၊နိုင်ငံရေးအသွင်ကူးပြောင်းခြင်းဟာရည်မှန်းချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးကနည်းလမ်းဖြစ်ကြောင်း၊ အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးပွဲအတွက် စစ်အာဏာရှင်တွေက အခုချိန်ထိနိုင်ငံရေးစိတ်ဆန္ဒပြသခြင်းမရှိသေးကြောင်း၊ မြန်မာ့နိုင်ငံရေးအရှိတရားဟာ အခြေခံကျကျပြောင်းလဲသွားပြီဖြစ်ကြောင်း၊ တရားဝင်နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုတွေစတင်ဖို့အခြေအနေမရောက်သေးကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ မြန်မာနိုင်ငံပိုင်ဖြစ်ရမယ်ဆိုတဲ့အကြောင်းတွေကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့ SCEFကထုတ်ပြန်ပါတယ်။

"SCEFသည် ရည်မှန်းချက်မပါသော တွေ့ဆုံဆွေးနွေးမှုသက်သက်ကို ယုံကြည်မှုမရှိပါ။ တွေ့ဆုံ ဆွေးနွေးရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာ့ပဋိပက္ခကိုဖြစ်ပေါ်စေသောအကြောင်းရင်းများကိုဖြေရှင်း နိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သည့် နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင်စေရန်ဖြစ်ပါသည်။ စစ်တပ်လွမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုအားကြီးသော အာဏာရှင်စနစ်နှင့် အရင်းခံနိုင်ငံရေးအကျပ်အတည်းတို့ကိုချန်ထားပြီး အကြမ်းဖက်မှုကိုလျော့ချရုံသက်သက်သာရည်ရွယ်သော တွေ့ဆုံဆွေးနွေးမှုသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းပေး နိုင်မည်မဟုတ်ပါ"လို့ ပြောထားပါတယ်။
ဒါ့အပြင် ယနေ့မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးဟာ နေပြည်တော်မှာဘဲ သီးသန့်မရှိတော့ဘဲတိုင်းပြည်ရဲ့နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံနဲ့သာ ဆောင်ရွက်နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်တွေက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့သက်ဆိုင်ရာပြည်သူတွေရဲ့ နိုင်ငံရေးဆန္ဒတွေကို ကိုယ်စားပြုပြီးဆောင်ရွက်နေကြတယ်လို့လည်း SCEFကထုတ်ပြန်ပါတယ်။
SCEFအနေနဲ့ နိုင်ငံရေးအဖြေရှာမှုကို စေ့စပ်ညှိနှိုင်းမှုနဲ့ရရှိစေဖို့ ဆက်လက်ကတိကဝတ်ထားရှိပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ပန်းတိုင်မဟုတ်ဘူးလို့လည်းပြောထားပါတယ်။
"မိမိတို့၏ ရည်မှန်းချက်မှာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေး မဟုတ်ပါ။ မိမိတို့၏ ရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး၊ ပဋိပက္ခကိုဖြစ်စေသော အရင်းခံအကြောင်းရင်းများကိုဖြေရှင်းကာ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသောအချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကိုလေးစားမှုနှင့် အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မည့် နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်ပါသည်"လို့ SCEFက ထုတ်ပြန်ပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာ SCEFအဖွဲ့ဝင်တွေအပြင် မွန်ပြည်သစ်ပါတီ(NMSP)နဲ့ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS/SSA)တို့နဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဆွေးနွေးပွဲတွေဟာ အားလုံးပါဝင်တဲ့ အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်လာရေးအတွက် ရှေ့ဘယ်လိုဆက်မလဲဆိုတာကိုဆွေးနွေးတာဖြစ်တယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရုံးက ဇူလိုင် ၁၄ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ-NUGနိုင်ငံခြားရေးဝန်ကြီး၊ဒုဝန်ကြီးတို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ဟာ ဇူလိုင် ၁၃ရက်နေ့မှာ အွန်လိုင်းကနေတွေ့ဆုံခဲ့ကြောင်းကိုလည်း မနေ့က ဇူလိုင်၁၅ရက်မှာ NUGကသတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ NUGနိုင်ငံခြားရေးဝန်ကြီးက အာဆီယံရဲ့ဘုံသဘောတူညီချက် (၅)ရပ်၊ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုနဲ့ SCEFနဲ့တူညီတဲ့သဘောထားရှိကြောင်းတို့ကို ပြောခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ SCEF၊ NUGနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်အင်အားစုတွေ အားလုံးပေါင်းပြီးတစုတစည်းထဲတွေ့ဆုံမှုဟာလည်း မြန်မာ့နိုင်ငံရေးအခြေအနေကိုပိုမိုနားလည်သဘောပေါက်စေပြီး အားလုံးပါဝင်တဲ့နိုင်ငံရေးဖြေရှင်းမှုကိုအထောက်အကူဖြစ်စေမယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးကဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အခုလ ဇူလိုင် ၁၂ရက်ကစပြီး ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ အာဏာသိမ်းစစ်အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက် ဆက်တိုက်ဆိုသလို တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊စစ်အုပ်စုဘက်က NSPNCတို့နဲ့တွေ့ဆုံမှုတွေလုပ်ခဲ့တာပါ။
မြန်မာနိုင်ငံကို ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဆီယံနိုင်ငံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ကို ပိတ်ပင်ကန့်သတ်ထားခဲ့တာပါ။မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့နဲ့ပတ်သက်တဲ့ အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို အာဆီယံကချမှတ်ပြီးနောက်ပိုင်းမှာလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုဟာ ဒီ ၅ရပ်ကိုအကောင်အထည်ဖော်လိုက်နာတာမရှိခဲ့ပါဘူး။
ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ် ကန့်ကွက်တဲ့အဆိုကိုလည်း ကြံ့ခိုင်ရေးပါတီ-USDPကအမတ်က စစ်အုပ်စုလွှတ်တော်မှာတင်သွင်းပြီး ဇူလိုင် ၉ရက်မှာအတည်ပြုခဲ့ကြပါသေးတယ်။




Comments