အညာဒေသမှာ “ဗမာ့တပ်တော်” တော်လှန်ရေးလက်နက်ကိုင်တစ်ခု ထပ်မံဖွဲ့စည်းလာ
- Zayar Oo
- Jan 2, 2025
- 1 min read
BVJ/ထက်အောင် _ ဇန်နဝါရီ ၁ ၊ ၂၀၂၅

ဗမာလူမျိုးစုကို ကိုယ်စားပြုပြီး ဗမာပြည်နယ် ပေါ်ထွန်းရေးနဲ့အတူ အာဏာရှင်စနစ် ဖြုတ်ချရေး ဘုံရည်မှန်းချက်တူညီပြီး လက်တွဲပူးပေါင်းလိုတဲ့ တပ်ရင်း တပ်ရင်းဖွဲ့တွေကို ပေါင်းစည်းပြီး ဗမာ့တပ်တော် (ဗမာလူမျိုးစုတပ်မတော်) ဖွဲ့စည်းကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဗမာ့တပ်တော်ကို ညီနောင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးနဲ့ မဟာမိတ်မူဝါဒများ အပေါ် ဟန်ချက်ညီညီနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်သလို နိုင်ငံရေးမူဝါဒ ၅ ရပ်၊ စစ်ရေးမူဝါဒ ၆ ရပ်တို့ကို ချမှတ်ထားပြီး စုဖွဲ့မှုပုံစံအသစ်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မိုးကြိုးပြောက်ကျားတပ်ဖွဲ့အပါအဝင် ဘုံရည်မှန်းချက်တူညီပြီး လက်တွဲပူးပေါင်းဆောင်ရွက်လိုတဲ့ တပ်ရင်း တပ်ဖွဲ့တွေကို ပေါင်းစပ်စုစည်းလျက် ဗမာလူမျိုးစု ကိုယ်စားပြုတဲ့ ဗမာလူမျိုးစုတပ်မတော် ၊ ဗမာ့တပ်တော် (Bamar Army) ကို ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တခြား တော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်မှု ရှိ မရှိ အခြေအနေကိုတော့ Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဗမာ့တပ်တော်ရဲ့ ထုတ်ပြန်ချက်ထဲတွင် ဗမာလူမျိုးစုကို ကိုယ်စားပြုမယ့် ဗမာပြည်နယ် ပေါ်ထွန်းရေးကို ထည့်သွင်းဖော်ပြထားသလို ဗမာလူမျိုးစုကို ကိုယ်စားပြုမယ့် တော်လှန်ရေးအင်အားစုအဖွဲ့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်တစ်ခု တည်ဆောက်ချိန် ဗမာပြည်နယ် ပေါ်ထွန်းရေးကလည်း လိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသမှာ ဗမာလူမျိုးစုကိုယ်စားပြု တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နဲ့ အခြား ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေလည်းရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိနေပါတယ်။




Comments