လေယာဉ် ၈စီးနဲ့ သုံးနာရီကျော်ကြာဗုံးကြဲခံရမှုအတွင်း စစ်သုံ့ပန်း ၁၁၆ဦးနဲ့အရပ်သားအကျဉ်းသားတွေသေဆုံးခဲ့ဟု အေအေထုတ်ပြန်
- BVJ

- 3 hours ago
- 1 min read
မိုနာ/BVJ_မတ် ၁၁၊ ၂၀၂၆

ရခိုင်ပြည်နယ်၊အမ်းမြို့နယ် ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်အုပ်စုက အခုလ မတ် ၈ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ဦးသေဆုံးပြီး အရပ်သားအချို့လည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်-AAက ဒီနေ့ မတ် ၁၁ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။
စစ်အုပ်စုဟာ မနက်(၁၁)နာရီ (၂)မိနစ်ကနေ မွန်းလွဲ(၂)နာရီ(၂၈)မိနစ်အချိန်အထိ ဂျက်ဖိုက်တာ (၄) စီး၊ Y-12 (၄)စီးတို့နဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းကို သုံးနာရီခွဲခန့်ကြာအောင်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကို မရပ်မနားဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

လေကြောင်းဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်သုံ့ပန်းကလည်း (၃၂)ဦးရှိခဲ့ပြီး ပြင်းထန်၊ အလတ်စား၊ အသေးစားဒဏ်ရာရရှိသူတွေ မြောက်မြားစွာရှိနေသေးကြောင်းနဲ့ အရပ်သားထဲက ပြစ်ဒဏ်ကျခံရသူအချို့လည်း ဒီဖြစ်စဉ်အတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြတယ်လို့ အေအေကပြောထားပါတယ်။
ထိခိုက်သေဆုံးသူတွေထဲမှာ စစ်အုပ်စုဘက်ကအရာရှိကြီးတွေလည်းပါဝင်ကြောင်း အေအေထုတ်ပြန်ချက်အရသိရပါတယ်။
“ဤဖြစ်စဉ်သည် အာရက္ခဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲချင်းပြီးသေဆုံးခဲ့ကြသည်”

ဒါ့အပြင် လက်ရှိမှာ စစ်သုံ့ပန်းအလောင်းအချို့ဟာ မည်သူမည်ဝါမှန်းစစ်ဆေးရန်ခက်ခဲခြင်း၊ ခန္ဓာကိုယ်အစတွေမရဘဲ ပျောက်ဆုံးအလောင်းတွေလည်းရှိနေသေးတာကြောင့် အသေးစိတ်အချက်အလက်တွေကိုစစ်ဆေးပြီး ဆက်လက်တင်ပြပေးသွားမယ်လို့လည်း အေအေက ထုတ်ပြန်ပါတယ်။
စစ်အုပ်စုက အခုဗုံးကြဲခဲ့တဲ့နေရာဟာ အေအေက တိုက်ပွဲအတွင်းဖမ်းမိထားတဲ့စစ်သုံ့ပန်း အကျဉ်းသားတွေကိုထားတဲ့ စစ်သုံ့ပန်းအကျဉ်းစခန်းနေရာဖြစ်ပါတယ်။




Comments