အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း သံဃာနဲ့ သီလရှင် ၁၂၅ ပါး အသက်ဆုံးရှုံးခဲ့
- BVJ
- Apr 24
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၁၃ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုကာ ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း စစ်ကိုင်းတောင်ရိုး ကျောင်းတိုက်တွေမှာ သီတင်းသုံးနေတဲ့ သံဃာ(ရဟန်း)၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၀၄ ပါး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သီတဂူဗုဒ္ဓတက္ကသိုလ်က ဧပြီ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ ကျောင်းတိုက်ပေါင်း ၅၇ ကျောင်းက ရဟန်း ၂၅ ပါး၊ သာမဏေ ၂၉ ပါးနဲ့ သီလရှင်အပါး ၅၀ တို့ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး အဲဒီကျောင်းတိုက်တွေမှာရှိတဲ့ အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၄၅ ဦးတို့လည်း ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက်ပြိုကျမှုအတွင်း စာဖြေသံဃာတော် ၂၁ ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဧပြီ ၁ ရက်မှာ စာရင်းပြုစုထုတ်ပြန်ထားပြီး ထိခိုက်ဒဏ်ရာရတဲ့သံဃာတော် ၄၅ ပါးအထိရှိခဲ့တယ်လို့လည်း သိရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် မစိုးရိမ်ကျောင်းတိုက် အဆောင်ပေါင်း ၃၀ ကျော်ထိခိုက်ပျက်စီးခဲ့ပြီး ၉၀ ရာခိုင်နှုန်နးအထိ ပျက်စီးခဲ့သလို ပျံလွန်တော်မူခဲ့တဲ့ သံဃာတော် ၃၉ ပါးအထိရှိခဲ့တယ်လို့ RFA Burmese သတင်းဌာနက ဧပြီ ၉ ရက်မှာ ဖော်ပြထားပါသေးတယ်။
မတ်လ ၂၈ ရက်နောက်ပိုင်း ဒီနေ့ ဧပြီ ၁၃ ရက် မနက်ပိုင်းအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုပေါင်း ၁၂၉ ကြိမ်အထိရှိခဲ့သလို ဒီနေ့မနက်ပိုင်း ၈ နာရီ ၅၅ မိနစ်ကလည်း မိတ္ထီလာမြို့နယ် အရှေ့မြောက်ဘက် ၂၁ မိုင်ခန့်အကွာမှာ ရစ်ချ်စကေး ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါသေးတယ်။
အင်အားပြင်ငလျင်လှုပ်ခတ်မှုကြောင့် နှစ်ပတ်ကျော်အတွင်း သေဆုံးခဲ့သူ ၃၆၀၀ ကျော်အထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀၀၀ ကျော်အထိရှိခဲ့ကာ ပျောက်ဆုံးနေသူ ၁၄၀ ကျော်အထိရှိနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
Comments