ရခိုင်ရေဘေးအပါအဝင် လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေအပေါ် SCEFနဲ့ULA/AAတို့ ဆွေးနွေး
- BVJ

- Jul 27
- 1 min read
ယူဂရင်း/BVJ_ဇူလိုင် ၂၇၊ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က တာဝန်ရှိသူတွေဟာ အခုလ ဇူလိုင် ၂၃ရက်မှာ အွန်လိုင်းကနေတွေ့ဆုံခဲ့ကြတယ်လို့ မနေ့က ဇူလိုင် ၂၆ရက်ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာ SCEFရဲ့အလှည့်ကျသဘာပတိ ခူဦးရယ်လ်နဲ့ ULA/AAဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကားပြောခဲ့ကြသလို လက်ရှိရခိုင်ပြည်မှာကြုံတွေ့နေရတဲ့ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်နိုင်ရေးနဲ့ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ SCEFကထုတ်ပြန်ပါတယ်။
SCEFဟာ အခုလ ဇူလိုင် ၂၀ရက်မှာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)၊ ဇူလိုင် ၂၁ရက်မှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD , မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC), မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC), မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)တို့ကတာဝန်ရှိသူတွေ၊ ဇူလိုင် ၂၂ရက်မှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
တော်လှန်ရေးအရှိန်မြှင့်ပြီး အမြန်ဆုံးအောင်ပွဲရနိုင်ဖို့၊ အသွင်းကူးပြောင်းရေးအစိုးရဖွဲ့နိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်တွေကိုညှိနှိုင်းအကောင်အထည်ဖော်နိုင်ဖို့ စတာတွေအတွက် SCEFကို အခုနှစ် မတ်လ ၃၀ရက်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်မျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။




Comments