ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆွမ်းကပ်ဆုတောင်းပေးတဲ့ NLDအမတ်ဟောင်း ထောင် ၃ နှစ်ချခံရ
- BVJ

- 1 day ago
- 1 min read
သူရ/BVJ_ ဇူလိုင် ၂၅၊ ၂၀၂၆

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအမတ်ဟောင်း ဒေါက်တာစောနိုင်ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုနဲ့ စစ်အုပ်စုကထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဇွန်လ ၁၉ ရက်နေ့ညပိုင်းမှာဒေါက်တာစောနိုင်ကို နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်ပြီး ဇူလိုင်၂၄ရက်၊သောကြာနေ့မှာ တောင်ဥက္ကလာပတရားရုံးက ၅၀၅-ကပုဒ်မနဲ့ ထောင် ၃ နှစ်ချလိုက်တာဖြစ်ကြောင်း မိသားစုနဲ့နီးစပ်တဲ့သူတစ်ဦးက BVJကိုအတည်ပြုပါတယ်။
ဒေါက်တာစောနိုင်ဟာ သူ့ရဲ့ဇနီးသည်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့်မွေးနေ့မှာ ဘုန်းကြီးတွေကိုတန်းဆွမ်းလောင်းလှူကာ "အမေ ကျန်းမာရေး ကောင်းမွန်ပြီး အလုံးစုံအပြီးအပြတ်အမြန်ဆုံးလွတ်မြောက်ပါစေ" လို့ လူမှုကွန်ယက်ကနေမျှဝေခဲ့တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာစောနိုင်ဟာ ၂၀၁၅ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ NLDပါတီကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ ဆက်ပြီးဝင်ရောက်ယှဥ်ပြိုင်ခဲ့တာမရှိဘူးလို့သိရပါတယ်။




Comments