အင်အားကြီးနိုင်ငံတွေပါဝင်တဲ့ Cobra Goldစစ်ရေးလေ့ကျင့်မှု စတင်

BVJ/Moore _ မတ် ၄ ၊ ၂၀၂၅

ထိုင်းစစ်တပ်နဲ့ အင်ဒို-အာရှပစိဖိတ်ဆိုင်ရာ အမေရိကန်စစ်တပ်တို့ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ Cobra Gold ၂၀၂၅ စစ်ဆင်ရေးကို မနေ့က မတ်လ ၃ ရက်ကစတင်ပြီး ထိုင်းနိုင်ငံ ဟတ်ယိုင်ခရိုင်မှာပြုလုပ်နေပါတယ်။
အဲ့ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၆ ရက်ကနေ မတ်လ ၈ ရက်နေ့အထိ ပြုလုပ်သွားမယ့်အကြောင်းကို ထိုင်းစစ်တပ်က ဒီနေ့ မတ်လ ၄ ရက်မှာဖော်ပြပါတယ်။
အခုနှစ် ကျင်းပတဲ့ Cobra Gold ၂၀၂၅ စစ်ဆင်ရေးမှာ ထိုင်း၊ အမေရိကန်တို့နဲ့အတူ တောင်ကိုရီးယား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်တို့လည်းပါဝင်ပြီး မြေပြင်၊ ရေပြင်နဲ့ ဝေဟင်စစ်ဆင်ရေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
တရုတ်နဲ့ အိန္ဒိယကလည်း လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်ထားပြီး ဩစတြေးလျကလည်း ရေပြင် အမိန့်ပေးထိန်းချုပ်မှုအပိုင်းတွေမှာ ပါဝင်တယ်လို့ ထိုင်းသတင်းဌာန Tha Nation ကလည်း ဖော်ပြထားပါတယ်။
အခုနှစ် ကျင်းပတဲ့ ၄၄ ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့လည်း ပါဝင်ပြီး မဟာမိတ်နိုင်ငံတွေကြား ခိုင်မာတဲ့ပူးပေါင်းလုပ်ဆောင်နိုင်ရေးတို့ကို အဆင့်မြှင့်တင်မှုလည်း ဖြစ်တယ်လို့ သိရပါတယ်။
Cobra Gold ၂၀၂၅ စစ်ဆင်ရေးဖွင့်ပွဲကို ထိုင်းကာကွယ်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး Songwit Noonpakdee နဲ့အတူ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Robert F Godee နဲ့ ပစိဖိတ်ဒေသဆိုင်ရာတပ်မှူး အမေရိကန် ဗိုလ်ချုပ်ကြီး Ronald Clark တို့လည်း တက်ရောက်ခဲ့ကြပါတယ်။




Comments