အိမ်ဖြူတော်က မီဒီယာသုံးခုကိုဝင်ခွင့်ပိတ်ပင်ခဲ့တဲ့အပေါ် တရားစွဲဆိုသွားမယ်လို့ CNN၊ Politicoနဲ့ MS NOWတို့ပြော

နီသွင်/BVJ_စက်တင်ဘာ ၂၂၊ ၂၀၂၆

အမေရိကန်မီဒီယာအဖွဲ့အစည်းသုံးခုကို သမ္မတအိမ်ဖြူတော်ထဲဝင်ခွင့်ပိတ်ပင်လိုက်ပြီးနောက် အမေရိကန်အစိုးရအဖွဲ့ကိုတရားစွဲဆိုသွားမယ်လို့ CNN၊ Politicoနဲ့ MS NOWသတင်းဌာနတွေကပြောဆိုလိုက်ပါတယ်။
"စိတ်ကူးယဉ်ဇာတ်လမ်းတွေ ဒါမှမဟုတ် လိမ်လည်ချက်တွေ"ကိုရေးသားနေတယ်လို့စွပ်စွဲကာ အဆိုပါမီဒီယာတွေကိုပိတ်ပင်လိုက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က သောကြာနေ့မှာကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် စနေနေ့မှာတော့ အဲ့ဒီသတင်းဌာနတွေရဲ့ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲကိုဝင်ရောက်ခွင့်ငြင်းပယ်ခံခဲ့ရပါတယ်။
သတင်းဌာနတွေက တနင်္လာနေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး "သတင်းဌာနတွေ ဘာသတင်းတွေရေးရမလဲဆိုတာကို အစိုးရကဆုံးဖြတ်ခွင့်မရှိဘူးဆိုတဲ့ သတင်းလွတ်လပ်ခွင့်ကိုကာကွယ်ဖို့" တရားစွဲဆိုဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။
အဓိက အမေရိကန်ရုပ်သံကွန်ရက်တွေကလည်း သမ္မတထမ့်ရဲ့ အိမ်ဖြူတော် ပူးတွဲသတင်းယူမှု (Pool coverage)တွေကိုရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်မြို့ကိုသမ္မတထရမ့်သွားရောက်တဲ့အခါ သတင်းဖော်ပြမှုအတွက် အဓိကကွက်လပ်တစ်ခုဖြစ်လာနိုင်ခြေရှိနေပါတယ်။
တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး သမ္မတထရမ့်က Truth Socialလူမှုကွန်ရက်မှာ တုံ့ပြန်ရေးသားခဲ့ပြီး အဲ့ဒီသတင်းအဖွဲ့အစည်းတွေကို "တန်းစားမမီ လူရွှင်တော်တွေ" နဲ့ သူ့ရဲ့အောင်မြင်မှုတွေကို "တန်ဖိုးမထားဘဲ အောက်တန်းကျအောင် လုပ်နေတဲ့ ဖောက်ပြန်ပျက်စီးနေတဲ့သတင်းစာဆရာတွေ"လို့ဝေဖန်ခဲ့ပါတယ်။
ပထမဆုံး ပြင်ဆင်ချက်ဥပဒေအရ အစိုးရအနေနဲ့သတင်းလွတ်လပ်ခွင့်ကို "ကန့်သတ်ချုပ်ချယ်ခြင်း" မပြုလုပ်ရဘူးလို့တားမြစ်ထားပါတယ်။ အဲဒီဥပဒေပုဒ်မကို တရားရုံးတွေကသတင်းဌာနတွေရဲ့ရေးသားဖော်ပြချက် အကြောင်းအရာအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံတာမျိုးမလုပ်ရဘူးလို့ အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။
CNN၊ Politicoနဲ့ MS NOWတို့ရဲ့ ပူးတွဲကြေညာချက်မှာ "အိမ်ဖြူတော်က ကျွန်ုပ်တို့ရဲ့ သတင်းထောက်တွေရဲ့ လုပ်ပိုင်ခွင့်လက်မှတ်တွေကို ဘယ်လို ကြိုတင်အကြောင်းကြားတာမျိုးမှမရှိဘဲ၊ လုပ်ထုံးလုပ်နည်းနဲ့အညီမလုပ်ဘဲ ကျွန်ုပ်တို့ရဲ့ သတင်းပေးပို့မှုကို မကြိုက်တာကြောင့်ရုပ်သိမ်းခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
"ဒီအတိုင်း ဆက်သွားခွင့်ပေးလိုက်မယ်ဆိုရင် ဒါဟာ သတင်းလွတ်လပ်ခွင့်နဲ့ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကင်းစင်တဲ့ လွတ်လပ်သော သတင်းမီဒီယာ ရပ်တည်ခွင့်လူထုရဲ့ အခွင့်အရေးကို ခြိမ်းခြောက်ရာရောက်ပါတယ်"လို့ဆိုပါတယ်။
မီဒီယာအဖွဲ့အစည်းတွေဟာ တနင်္လာနေ့မှာ ဝါရှင်တန်မြို့ရှိ အမေရိကန်ခရိုင်တရားရုံးမှာ တရားစွဲဆိုချက်ကိုတင်သွင်းခဲ့ကြပြီး၊ သမ္မတထရမ့်ရဲ့ပိတ်ပင်မှုကို တရားမဝင်ကြောင်း အမြန်ဆုံးအမိန့်ချမှတ်ပေးဖို့နဲ့ သူ့ရဲ့ လက်ထောက်တွေကို အဲ့ဒီအမိန့်ကိုအကောင်အထည်မဖော်ခိုင်းဖို့ တရားသူကြီးကိုတောင်းဆိုထားပါတယ်။
ABC၊ CBS၊ CNN၊ Fox News နဲ့ NBC ရုပ်သံကွန်ရက်ငါးခုတို့က "ပြည်သူတွေအနေနဲ့ မိမိတို့အစိုးရအကြောင်းတိကျမှန်ကန်ပြီး လွတ်လပ်တဲ့သတင်းအချက်အလက်တွေကိုရရှိပိုင်ခွင့် အရေးပါတဲ့အခွင့်အရေးရှိပါတယ်" လို့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
"ဘယ်အစိုးရအဖွဲ့မဆို သတင်းဌာနတစ်ခုရဲ့သတင်းဖော်ပြမှုကိုမကြိုက်တာနဲ့ အဲဒီသတင်းဌာနကို ကန့်သတ်တာမျိုး မလုပ်သင့်ပါဘူး" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က CNN၊ Politico နဲ့ MS NOW တို့ကိုဝင်ခွင့်ပိတ်ပင်ကြောင်း ကြေညာစဉ်က သမ္မတထမ့်ဟာ ဘယ်လို သတင်း သို့မဟုတ် သတင်းဖော်ပြချက်ကြောင့် ဒီလိုလုပ်ဆောင်ရတယ်ဆိုတာကို တိတိကျကျမပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေ အားလုံးပေါင်းစုလာလို့ပါ" လို့ ပြောကြားခဲ့ပါတယ်။
သမ္မတထရမ့်ဟာ သတင်းမီဒီယာအဖွဲ့အစည်းတွေကို မကြာခဏဝေဖန်လေ့ရှိပြီး သူ့ရဲ့အစိုးရအဖွဲ့ကလည်း New York Times၊ Wall Street Journal နဲ့ BBC အပါအဝင် သတင်းဌာနအစုံအလင်ကိုတရားစွဲဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
အချို့သောတရားစွဲဆိုမှုတွေမှာ မီဒီယာအဖွဲ့အစည်းတွေဘက်က ဒေါ်လာသန်းပေါင်းများစွာနဲ့ အပြင်မှာပြေလည်မှုရယူခဲ့ရတာတွေလည်းရှိပါတယ်။ ဘီဘီစီ (BBC) ကို တရားစွဲဆိုထားတဲ့ သမ္မတထရမ့်ရဲ့အမှုကတော့ ဆက်လက်ဖြစ်ပွားဆဲဖြစ်ပါတယ်။
ခရက်ဒစ်-ဘီဘီစီ




Comments