မြန်မာတိုင်းရင်းသားလက်နက်ကိုင်တွေကိုသင်တန်းပေးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားကို အိန္ဒိယတရားရုံးကအာမခံနဲ့လွှတ်ပေး

နီသွင်/BVJ_စက်တင်ဘာ ၁၈၊ ၂၀၂၆

မြန်မာနိုင်ငံအတွင်းက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကိုသင်တန်းပေးခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ အိန္ဒိယအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအေဂျင်စီ (NIA)ကဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား မက်သယူး အာရွန် ဗန်ဒိုက် (Matthew Aaron VanDyke) ကို ဒေလီမြို့ရှိ ရောက်စ်အေဗင်နူးတရားရုံးက ဒီနေ့သောကြာနေ့မှာ အာမခံနဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။
တရားရုံးက သူ့ကို ရူပီး ၁ သိန်းတန်ဖိုးရှိ ကိုယ်ပိုင်အာမခံကြေးနဲ့တူညီတဲ့ပမာဏရှိ အာမခံသူတစ်ဦးတို့နဲ့ အာမခံပေးခဲ့တာဖြစ်ပါတယ်။ သူဟာဒီအမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့နိုင်ငံခြားသား ၇ ဦးထဲကတစ်ဦးလည်းဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ မတ်လ ၁၃ ရက်နေ့မှာဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ချုပ်နှောင်ခံထားရတာရက်ပေါင်း ၁၈၀ ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ ဗန်ဒိုက်အနေနဲ့ ဒေလီမြို့မှာ အကျယ်ချုပ်သဘောမျိုး ဆက်လက်နေထိုင်ရမယ့်အပြင် စုံစမ်းစစ်ဆေးရေး အရာရှိကခေါ်ယူတဲ့အခါတိုင်း စုံစမ်းစစ်ဆေးမှုအတွက်အသင့်ရှိနေရမယ်လို့ တရားရုံးကအမိန့်ထုတ်ထားပါတယ်။
အဲ့ဒီအမှုမှာ သူနဲ့အတူစွဲချက်တင်ခံထားရတဲ့ ယူကရိန်းနိုင်ငံသားခြောက်ဦးဟာလည်း အာမခံလျှောက်လွှာတင်သွင်းခွင့် ရှိတယ်လို့ တရားရုံးက မှတ်ချက်ပြုခဲ့ပါတယ်။ ဗန်ဒိုက်ဟာ နိုင်ငံရပ်ခြားကိုခရီးသွားခွင့်ပြုဖို့တောင်းဆိုထားတဲ့ လျှောက်လွှာတစ်စောင်ကိုလည်းတင်သွင်းထားပြီး အင်္ဂါနေ့မှာကြားနာဖို့စီစဉ်ထားပါတယ်။
အိန္ဒိယ ထောက်လှမ်းရေးအဖွဲ့ (NIA)က ဗန်ဒိုက်နဲ့ယူကရိန်းနိုင်ငံသားခြောက်ဦးကို မတ်လတုန်းကပထမဆုံးဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်တွေ၊ အကြမ်းဖက် ပစ္စည်းကိရိယာတွေနဲ့ သင်တန်းတွေထောက်ပံ့ပေးခြင်းဖြင့်ကူညီပေးခဲ့တယ်လို့ စွပ်စွဲမှုနဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဖမ်းဆီးမှုတွေကို နေရာအမျိုးမျိုးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ယူကရိန်းသုံးဦးကို ဒေလီမှာ၊သုံးဦးကို လာခ်နောင်းမှာနဲ့ ဗန်ဒိုက်ကို ကကိုလ်ကတ္တားမြို့ Netaji Subhas Chandra Bose လေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့သူတွေဟာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ထဲကိုဝင်ရောက်ခဲ့ကြပြီးနောက် မြန်မာနိုင်ငံဘက်ကိုကူးသွားကာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး သင်တန်းတွေပေးခဲ့တယ်ဆိုတာကို NIA ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရသိရှိရပါတယ်။ ဒါ့အပြင် အဆိုပါစွပ်စွဲခံရသူတွေဟာ ဥရောပကနေအိန္ဒိယနိုင်ငံကိုဖြတ်ပြီး ဒရုန်းပစ္စည်းကြီးမားတဲ့ပို့ဆောင်မှုကို တင်သွင်းရာမှာလည်း ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။




Comments