“အငွေ့ပျံပျောက်ကွယ်သွားတော့မယ့် တရုတ်နိုင်ငံ၏ထောက်ခံမှု”
- BVJ

- 1 day ago
- 2 min read
လင်းယုန်နက်

မင်းအောင်လှိုင်ရဲ့ (၅) ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်အပေါ် သုံးသပ်ချက်တွေကို ကြည့်လိုက်ရင် အစွန်းနှစ်ဖက်ပါနေတာ တွေ့ရပါတယ်။ပထမအစွန်းက ဒီခရီးစဉ်ကြောင့် မအလရဲ့အစိုးရတုက ခိုင်မာတဲ့ လမ်းကြောင်းပေါ် ရောက်သွားပြီဆိုတဲ့သဘောကို မီးမောင်းထိုးကြပါတယ်။ဒုတိယအစွန်းကတော့ ဒီခရီးစဉ်ဟာ တရုတ်အစိုးရက မအလကိုဆင့်ခေါ် ပြီး သတိပေးတယ်ဆိုတဲ့ အမြင်အယူအဆပါ။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီး ချင်း ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့အတွက် ဒီခရီးစဉ်အပေါ် မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်နိုင်ဖို့က အရေး ကြီးပါတယ်။
ဒီခရီးစဉ်သုံးသပ်ချက်တွေကို ခြုံငုံကြည့်လိုက်ရင် ပထမအစွန်းအပေါ် အခြေပြုကြတာက ပိုများပါတယ်။ ဒု တိယအစွန်းအပေါ် အခြေပြုတာက အတော်နည်းပါတယ်။ လူမှုမီဒီယာတွေမှာလည်း ဒီသဘောကို တွေ့ရပါတယ်။ သတိပြုရမှာက မအလရဲ့အစိုးရတုအပေါ် ထောက်ခံတဲ့အင်အားစုတွေဟာ ပြည်တွင်းပြည်ပ မီဒီယာတွေအပါအဝင် လူမှုမီဒီယာတွေမှာ “မအလရဲ့ အစိုးရတု” က ခိုင်မာတဲ့လမ်းကြောင်းပေါ် ရောက်သွားပြီဆိုတာကို လှိုင်လှိုင်ကြီး ဝါဒဖြန့်နေတဲ့အချက်ပါ။
တကယ့်အခြေအနေမှန်က ဒုတိယအစွန်းနဲ့ ပိုနီးစပ်ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၈) ရက်စွဲနဲ့ Nikkei Asia မှာ ပါလာတဲ့ ဆောင်းပါးက ဒီသဘောကိုညွှန်ပြနေပါတယ်။ ဆောင်းပါးရဲ့ခေါင်းစဉ်က တရုတ် နိုင်ငံရဲ့ ဖိအားအောက်မှာ သေနတ်နဲ့ချိန်ခံထားနေရသလို အမိန့်ပေးစေခိုင်းတာကို ခံနေရပြီဆိုတဲ့ သဘောပါ။ (Myanmar’s Min Aung Hlaing under the gun after China applies Pressure) ဟုတ်ပါတယ်။ ဒီခရီးစဉ်အပေါ် စေ့စေ့စပ်စပ် သုံးသပ်ကြည့်လိုက်ရင် ဒီသဘောကို ထင်ထင်ရှား ရှားတွေ့ရမှာပါ။
ဟုတ်ပါတယ်။ ဒီခရီးစဉ်မှာ တရုတ်နိုင်ငံက မအလကို “အစိုးရခေါင်းဆောင်” အဖြစ် ကော်ဇောနီခင်းပြီး တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို တရားဝင် အသိအမှတ်ပြုမှုနဲ့အတူ မအလကို စေခိုင်း လိုက်တဲ့ တာဝန်တွေရှိနေတယ် ဆိုတာကို မျက်စိမလျှမ်းဖို့ အရေးကြီးပါတယ်။ ဒီဖြစ်စဉ်ရဲ့ အနှစ်သာရ သဘောက ပိုအရေးကြီးပါတယ်။ တရုတ်နိုင်ငံရဲ့ မအလအစိုးရတုအပေါ် ထောက်ခံမှုဟာ အကန့်အသတ် “မဲ့” မဟုတ်ပါဘူး။ အကန့်အသတ်တွေ ရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတာက ဇွန်လ (၁၇) ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးတွဲကြေညာချက်ရဲ့ အခြေခံအုတ်မြစ်ပါ။ ဒါဟာ သံတမန်ဆက်ဆံရေးရဲ့ သဘောသဘာဝဖြစ်လို့ မထူးဆန်းပါဘူး။ ထူးခြားနေတာကတော့ “တိုင်းပြည်ရဲ့ အခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုရှိတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်းအမှန်ကို ရှာဖွေဖို့” အတိအ လင်း ထည့်သွင်းထားတာပါ။ ဒီအချက်အပေါ် မအလအစိုးရတုက သဘောမကျနိုင်ဘူးဆိုတာက ရှင်းနေတာပါ။ မလွှဲသာလို့ လက်ခံခဲ့ရတာပါ။
ရှာဖွေရမယ်ဆိုတာဟာ မရှိသေးဘူးလို့ အဓိပ္ပာယ်ရပါတယ်။ မရှိသေးတာကို ရှိလာအောင် ဖော်ဆောင်ရမယ်လို့ တာဝန်ပေးလိုက်တာပါ။ တရားဝင်အသိအမှတ်ပြုမှုနဲ့အတူ ယှဉ်တွဲပေးလိုက်တဲ့ တာဝန်ပါ။ ဒီအဓိပ္ပာယ်ကို ပိုလေးနက်ခိုင်မာအောင် လုပ်ဆောင်ပေးလိုက်တာက “မြန်မာနိုင်ငံ အပေါ်ထားတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူအားလုံးကို ဦးတည်ပါတယ်” ဆိုတဲ့အချက်ပါ။ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုမရှိခဲ့ရင် တရုတ်နိုင်ငံအနေနဲ့ လက်ခံဖို့မဖြစ်နိုင်ဘူးဆိုတာကို ထပ်ဆင့်ပြောလိုက်တာပါ။
တစ်ချို့ကလည်း ဒီအချက်တွေဟာ မဆလအစိုးရတုအပေါ် တရားဝင်ထောက်ခံမှု ပေးလိုက်တဲ့အတွက် မြန်မာလူထုကို ပျားရည်နဲ့ဝမ်းချဖို့ အချိုသတ်တာလို့ ယူဆကြပါတယ်။ စဉ်းစားရမှာက တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) အပါအဝင် ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံတွင်းက တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေဟာ လုံခြုံတည်ငြိမ်မှုမရှိပဲ ဘယ်လိုမှ အကောင်အထည်ဖော်လို့ မရနိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံတည်ငြိမ်မှုဆိုတာကလည်း ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိပဲ မဖြစ်နိုင်ပါဘူး။ အစိုးရနဲ့ ပြည်သူလူထု၊ အစိုးရနဲ့ တိုင်းပြည်ယန္တရားတွေကြား ဟန်ချက်ညီ ပေါင်းစပ်လုပ်ကိုင်နိုင်မှသာ လုံခြုံတည်ငြိမ်မှုဆိုတာ ဖြစ်နိုင်တာပါ။
ပြည်သူလူထုကို ရန်သူလို့သတ်မှတ်ပြီး စစ်ခင်းနေသလို လွှတ်တော်အပါအဝင် တိုင်းပြည်ယန္တရားတွေကို ဘေးချိတ်ပြီး “တစ်ကိုယ်တော်ထင်ရာစိုင်း” နေတဲ့ မအလက တိုင်းပြည်ရဲ့ လုံခြုံတည်ငြိမ်မှုကို မဖန်တီးနိုင်ဘူးဆိုတာကို တရုတ်နိုင်ငံက ကောင်းကောင်းကြီးသိပါတယ်။ လမ်းပေါ်မှာ ဓားကိုင်ရမ်းကားနေတဲ့ လူမိုက်ကို အကြိုက်ဆောင် ချော့မော့ပြီး လက်ထဲကဓားကို လွှတ်လိုက်အောင် အကွက်ဆင်နေတာပါ။ တိုင်းပြည်ရဲ့ လုံခြုံတည်ငြိမ်မှုကို မဖန်တီးနိုင်လို့ သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်စွမ်းမရှိဘူးဆိုရင် တရုတ်နိုင်ငံက မအလကို ထောက်ခံနေစရာအကြောင်း လုံးဝ (လုံးဝ) မရှိပါဘူး။ ဒါကြောင့် “တိုင်းပြည်ရဲ့ အခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုရှိတဲ့ ဖွံ့ဖြိုးမှုလမ်းကြောင်းအမှန် ရှာဖွေဖို့” ဆိုတာက မြန်မာလူထုကို ပျားရည်ဝမ်းချတာ မဟုတ်ပါဘူး။ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ တရုတ်နိုင်ငံက မအလကို အခိုင်အမာ တောင်းဆိုလိုက်တဲ့ တောင်းဆိုချက်ပါ။

တစ်ချို့ကလည်း အာဆီယံနဲ့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ အပြည့်အဝပါဝင်ခွင့်အပေါ် တရုတ်နိုင်ငံက ထောက်ခံတယ်ဆိုတဲ့ အချက်ကိုထောက်ပြီး တရုတ်နိုင်ငံက မအလရဲ့အစိုးရတုအပေါ် အပြည့်အဝထောက်ခံမှုပေးနေပြီလို့ ကောက်ချက်ချကြပါတယ်။ ဒီနေရာမှာလည်း တရုတ်နိုင်ငံက ဒီလိုထောက်ခံမှုပေးတာဟာ “မအလအစိုးရတုရဲ့ သူ့နိုင်ငံအကျိုးစီးပွားအပေါ် ကာကွယ်ပေးနိုင်စွမ်း” အပေါ် မူတည်နေတာကို သတိမမေ့ဖို့ အရေးကြီးပါတယ်။ နောက်တစ်ချက်က အပြစ်မဲ့ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲ၊ ရွာမီးရှို့၊ လူသတ် လုပ်နေတဲ့ မအလအစိုးရတုအပေါ် ထောက်ခံမှုပေးတာဟာ တရုတ်နိုင်ငံအဖို့ ကမ္ဘာ့နိုင်ငံတွေအလယ်မှာ မျက်နှာပျက်ရမယ့်ကိန်းပါ။ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းအရ နိုင်ငံတစ်နိုင်ငံရဲ့ ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရရေးဆိုတာ တရုတ်တစ်နိုင်ငံတည်းရဲ့သဘောနဲ့ ဆောင်ရွက်လို့ မရနိုင်ပါဘူး။ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအနေနဲ့ ဒီလိုကိစ္စမှာ ဗီတိုအာဏာကျင့်သုံးပိုင်ခွင့်မရှိသလို နိုင်ငံကိုယ်စားပြုခွင့်ကော်မတီ (UN Credentials Committee) မှာ ဘုံသဘောတူညီချက်မရခဲ့ရင် ကုလသမဂ္ဂအထွေတွေညီလာခံမှာ နိုင်ငံအများစုမဲနဲ့ ဆုံးဖြတ်ရမှာပါ။ သူ့နိုင်ငံရဲ့အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်စွမ်း ရှိ/မရှိ မသေချာတဲ့ မအလအပေါ် ကမ္ဘာ့နိုင်ငံများစွာနဲ့ ထိပ်တိုက်တိုးပြီး တရုတ်နိုင်ငံက ဆောင်ရွက်ပေးဖို့ဆိုတာ “ဟုတ်ပါ့မလား” လို့ မေးခွန်းထုတ်ရမှာပါ။
အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ချို့အပေါ် တရုတ်နိုင်ငံရဲ့ ဩဇာကြီးမားတယ်ဆိုတာက မှန်ပေမဲ့ “မတည်မငြိမ် ဖရိုဖရဲ ကသောင်းကနင်း” ဖြစ်နေတဲ့ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ရဲ့ “အဖွဲ့ဂုဏ်သိက္ခာ” အပေါ် ထိခိုက်နေတာကို ဘယ်အာဆီယံနိုင်ငံကမှ လျစ်လျူရှုနိုင်မှာ မဟုတ်ပါဘူး။ မအလအစိုးရတုကြောင့် ကျားဖြန့်ကိစ္စအပါအဝင် ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးအပေါ် ပြဿနာတွေဖြစ်၊ ထိခိုက်နစ်နာစေတယ်ဆိုတာက မျက်ကွယ်ပြုထားလို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။ ပြောလိုတာက မအလအစိုးရတုက လက်ရှိမူဝါဒတွေ ကျင့်သုံးနေသရွေ့ အာဆီယံအဖွဲ့အတွင်း မအလအစိုးရတုကို အပြည့်အဝ ပြန်လက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မအလအစိုးရတုက လက်ရှိမူဝါဒအတိုင်း ကျင့်သုံးမှာကလည်း မြေကြီးလက်ခတ်မလွဲပါဘူး။ လူထုခေါင်းဆောင်ဖြစ်သလို ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ နိုင်ငံခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိ/မရှိဆိုတာတောင် မလုပ်ဝံ့တဲ့ မအလအစိုးရတုက အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက်ငါးချက် လိုက်နာအကောင်အထည်ဖော်ဖို့ဆိုတာ ရေမရှိပဲ ငါးမွေးမယ်လို့ ကြံစည်တာနဲ့ အတူတူပါပဲ။ လိုရင်းပြောရရင် တရုတ်နိုင်ငံက မအလအစိုးရတုကို အာဆီယံအဖွဲ့အတွင်း အပြည့်အဝပြန်လက်ခံအောင် လုပ်နိုင်စွမ်းက မရှိဘူးလို့ပဲ ပြောရမှာပါ။
မအလအစိုးရတုကြောင့် ကျားဖြန့်ကိစ္စအပါအဝင် ဒေသတွင်းနဲ့ တစ်ကမ္ဘာလုံးအပေါ် ပြဿနာတွေဖြစ်၊ ထိခိုက်နစ်နာစေတယ်ဆိုတာက မျက်ကွယ်ပြုထားလို့ ရတဲ့ကိစ္စမဟုတ်ပါဘူး။
“UWSA” “TNLA” “MNDA” တို့အပေါ် ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ဩဇာကို အသုံးချပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ဆိုတာကလည်း ကျန်တစ်နိုင်ငံလုံးမှာ မအလအစိုးရတုအပေါ် ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်တော်လှန်တိုက်ခိုက်နေချိန်မှာ ဘယ်လိုလုပ် လက်တွေ့အကျိုးသက်ရောက်မှု ရှိနိုင်မှာလဲ။ တိုင်းပြည်ရဲ့ အနာဂတ်ကို ချနင်းပြီး မအလက အာဏာရှင်အဖြစ် ဆက်ရပ်တည်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အစိုးရတုအပေါ် လူထုရဲ့ လက်နက်ကိုင် ဆန့်ကျင်တော်လှန်တိုက်ခိုက်မှုက ဘယ်လိုမှရပ်တန့်သွားစရာ အကြောင်းမရှိပါဘူး။
အတွင်းကလှိုက်စားပြီး အလျင်အမြန်ပြိုကျလာနေတဲ့ တိုင်းပြည်စီးပွားရေးကို လမ်းကြောင်းမှန်ပေါ် ပြန်တင်နိုင်ဖို့ဆိုတာကလည်း တရုတ်နိုင်ငံက အကူအညီ အထောက်အပံ့တွေ ပေးခဲ့မယ်ဆိုရင်တောင်မှ “မအလအစိုးရတုက ထင်ရာစိုင်းလုပ်နေသရွေ့” ဘယ်လိုမှ မဖြစ်နိုင်ပါဘူး လိုရင်းပြောရရင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးမယ့် “မြန်မာနိုင်ငံရဲ့ တည်ငြိမ်လုံခြုံမှု” ဆိုတာကို မအလအစိုးရတုက ဘယ်လိုမှ အကောင်အထည်ဖော်နိုင်စွမ်း မရှိပါဘူး။ မအလအစိုးရတုအပေါ် တရုတ်နိုင်ငံရဲ့ထောက်ခံမှုက အချိန်မရွေး အငွေ့ပျံပျောက်ကွယ်သွားနိုင်တယ်ဆိုတာကို ပြောလိုတာပါ။
လင်းယုန်နက်။ ။




Comments