top of page

ကောက်ကြောင်းရှည်ကြီး (သို့မဟုတ်) စန်းမင်းပိုင်ပေါ့ထရိတ်

Writer: BVJ
BVJ
3 days ago
3 min read

Updated: 2 days ago


ပြန်စရာအိမ်မကျန်တော့သော၊ ခေါ်စရာ အဖေအမေ မကျန်တော့သော အသက် (၂၂)အရွယ် လူလေး စန်းမင်းပိုင်၏ သူ့ ဘဝဇာတ်ကြောင်းကို သူယုံကြည်ရာ ရက်ပ်ဂီတဖြင့် ပြောပြမည့် သီချင်း (၅)ပုဒ်ပါ album (သူ့အခေါ် EP တခု) ယခု အောက်တိုဘာလမှာ ထွက်ဖို့ကြိုးစားနေသည်။


(၁)

ဤသို့ဖြင့် နယ်စပ်မျဉ်းပေါ်မှ ကျွန်တော်တို့၏နေ့စွဲများအတွင်း တစ်မနက်ခင်းတွင် အတူနေ ညီအစ် ကိုတော်တစ်ဦး ကမ္ဘာပျက်ပါသည်။ မနက်စောစော အသံညံညံကြား၍ အရှေ့ခန်းသို့ထွက်၊ စပ်စုမိရာက နာရေးသတင်းကြားရ၏။ 'ကောင်းစံ’ အမေ၊ ရန်ကုန်ဆေးရုံတခုတွင် ယခုမနက် ဆုံးပြီဆို၏။ တအိမ်လုံး စိတ်မကောင်းကြ။


အိမ်နှင့်အဝေးရောက်နေကြသူအပေါင်းမှာ ရယ်ရခက် ငိုရခက် ပြဿနာတခု ဆင်တူရှိသည်။ အားလုံးက လက်သီးကိုကျစ်ကျစ်ဆုပ်လျက် စက္ကန့်ပိုင်းအတွင်း မောင်းပြန်သေနတ်များ၏ ပစ်ကွင်းဖြစ် သွားနိုင်သည့် ရန်ကုန်လမ်းမများပေါ်သို့ ရင်ကော့ခေါင်းမော့ ထွက်ခဲ့ကြသူချည်းဖြစ်သည်။ အသံနှင့် အလံကို နားစွင့်လျက် ၂၀၂၄, ၂၀၂၅ ကာလများအထိ ရန်ကုန်မြို့ပြ ပြောက်ကြားသပိတ်များမှာ အခန်းကဏ္ဍကိုယ်စီ အလုပ်လုပ်ခဲ့ကြသည်။ သေမှာမကြောက်၍ ပေတရာလျှောက်ကြသူများ ဖြစ်သည်။ သို့သော် ရယ်ရသည်။ ၎င်းတို့အားလုံး အိမ်သီချင်းများ ရဲရဲ မညည်းရဲကြ။ အသံကျယ်ကျယ် ဖွင့်နားမထောင်ရဲကြ။ အမေသီချင်း၊ အိမ်သီချင်းများကို မညှိနှိုင်းထားရပါဘဲလျက် ထပ်တူညီ ရှောင်ကြ သည်။ သတ်လိုက သတ်နိုင် သည်၊ အိမ်သီချင်း နားမထောင်။ အိမ်ကဗျာ မဖတ်ရဲ။ သေရဲသည်၊ မလွမ်းရဲကြ။ အိမ်နှင့်အဝေးရောက်နေစဉ် အိမ်မှတယောက်ယောက် တခုခုဖြစ်သွားမည် သို့မဟုတ်၊ အမေ့ကိုထားခဲ့သော အမေ့သားများ အမေ့နောက်ဆုံးအချိန် အမေ့အနားမရှိနိုင်မှာကို သေမှာထက်ကြောက်ကြသည်။


ယခုမနက်မူ ကောင်းစံအမေလွန်သည်။ ညနေပိုင်းတွင်ကား အိမ်ရှေ့ဘုရားစင်အောက်၌ ကော်စားပွဲငယ်တခု၊ ကွယ်လွန်သူ ဓါတ်ပုံနှင့် စားသောက်ဖွယ်ရာအချို့ အပါအဝင် ဖယောင်းတိုင် တတိုင် မီးထွန်းလျက်သား တွေ့ရသည်။ စားပွဲရှေ့ ကြမ်းပြင်မှာ ခွေခွေလေးအိပ်နေသူကား နာရေးရှင် ညီလေးကောင်းစံဖြစ်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ယခုအပိုင်းက အနည်းငယ် နေရာမကျ ဖြစ်နေသည်။ ကောင်းစံလည်းမဟုတ်၊ ခွေခွေလေးလည်းမဟုတ်။ စန်းမင်းပိုင်က ဆန့်ဆန့်ကြီး အိပ်ပျော်နေသည်။ ဟုတ်ပါသည်၊ စန်းမင်းပိုင်က ထောင်ဖောက် ပြေးလာသူဖြစ်ပြီး သူလွတ်ထွက်လာပြီးမကြာမီ သူ့အဖေနှင့်အမေကို စစ်တပ်က အိမ်တိုင်ရာရောက် ပစ်သတ်ခဲ့သည်။ နာရေးအဖြစ် အရပ်ကပဲ သူတို့အိမ်ရှေ့ လမ်းမပေါ်မှာ ရက်လည်တရားနာပေးခဲ့ရသည်။ အိမ်ထဲလည်း မဝင်ရဲကြ။ ၂၀၂၂ ၏ ယခုလိုလများ ဖြစ်သည်။



နာရေးစားပွဲရှေ့ ကြမ်းပြင်ပေါ် စန်းမင်းပိုင် အိပ်ပျော်နေသည်ကို ဓါတ်ပုံရိုက်တော့ သူနိုးလာသည်။


'ကျွန်တော် ကောင်းစံကို အားကျတာ ကိုကင်းရ’ အဆုံးမရှိအစမရှိ၊ မမျှော်လင့်ထားသော စကားကို သူပြောသည်။ ကျွန်တော်တို့အားလုံး ကောင်းစံကို ကိုယ်ချင်းစာနာဖေးမနေချိန်မှာ သူက အားကျနေရပါသတဲ့။ ‘ကျွန်တော်လည်း အမေတို့နာရေးကို ဒီလိုလေးလုပ်ချင်တာ’ လက်ထဲကကင်မရာကိုပိတ်လျက် သူဘာဆက်ပြောမည်ကို နားစွင့်မိသည်။ ပြီးတော့ ဘာမှလည်းဆက်မပြော။ ပြန်အိပ်သွားသည်။


 (၂)

 ယခုနှစ် သံချပ်ကာလသည် ယခင်နှစ်များထက် အသံဗလံများ သိသိသာသာ ဆူညံနေခဲ့၏။လူအများ စုကြပြီး အကြောင်းကိစ္စတခုကို ဝင်ရောက်လုပ်ကိုင်ကြသည်ဖြစ်၍ ပွတ်တိုက်မှုများ အစီအငေါ်မတည့်မှုများ ရှိကြမည်မှာ ပုံမှန်သာဖြစ်သည်။ သို့ကြောင့် ထူးထူးထွေထွေ စိတ်မဝင်စားခဲ့။ ဖိုင်နယ်ရိုက်ကူးရေးညမှာ စီစဉ်သူများထဲမှ ညီအစ်ကိုတော်တဦးက အမောတကောပြေးလာ၍ အကြောင်းကိစ္စတခု အရေးတကြီးလာတိုင်ပင်သည်။ ကျွန်တော်က အနှီကိစ္စကို မတုံ့ပြန်ဖြစ်။ ၎င်း၏ပုခုံးအားဖက်လျက် 'ဟိုမှာကြည့် စင်ပေါ်မှာ ဖိုးသားရောက်နေပြီ၊ ဖိုးသား စင်ပေါ်ရောက်နေပြီ’ ဟုသာ သံချပ်စင်သို့ လက်ညှိုးညွှန်လျက် ပြောဖြစ်သည်ကို ကြောင်အမ်းအမ်းဖြစ်သွားသော ၎င်းမျက်နှာဟန်ထားအား အကြောင်းပြုလျက် ယခုတိုင် မှတ်မိနေသည်။ ဖိုးသားက သံချပ်သမား၊ ဓါတ်ပုံသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်း။ ဘယ်နှကြိမ်မြောက်မှန်းမသိ ထောင်မှပြန်လွတ်လျက် ယခုနှစ် မဲဆောက်မှာရိုက်ကူးမည့် ဒေါင်းတို့မျိုးဆက် သံချပ်စင်ပေါ်သို့ အမီလှမ်းလာခဲ့သည်။



 သံချပ်စင်ပေါ်တွင် မိုက်ကိုင်လျက် ပင်နီတိုက်ပုံ (ရှမ်းအင်္ကျီနှင့်မှား၍ ပြဿနာဖြစ်ကြသေးသည်/ ရှိစေ။) နှင့် ယောပုဆိုးနှင့် အနှီဖိုးသားကို စင်အောက်မှ ဆေးလိပ်ဖွာရင်း မြင်နေရသည်က ဘာနှင့်မှမလဲနိုင်သည့် အရသာဖြစ်သည်။ ထိုသို့သော ပြီးပြည့်စုံမှုကို မည်သည့်အကြောင်းအရာကမှ ဖြည့်စွက်၍မရနိုင်ဟု ခိုင်ခိုင်မာမာ ယုံသည်။ သို့သော် ထိုယုံကြည်မှုကို စန်းမင်းပိုင်က သူ၏ ရက်ပ်ဂီတတေးသွားများနှင့် မိနစ်ပိုင်းအတွင်း ဖျက်ဆီးသွားပြန်ပါသည်။


သံချပ်စင်ပေါ်တက်၍ အတိုင်အဖောက်များဖြင့် ရက်ပ် နှင့် သံချပ် ရောနှောပေါင်းစပ်သွားသည်က အကယ်၍များ လက်ဖက်ရည်ဝိုင်းမှာဖြစ်လျှင် ကျွန်တော့်ချစ်သူခင် အလွန်တရာကြောက်ရွံ့သော သွေးစုပ်တတ်သည့် သတ္တဝါငယ်နှင့် ဆင်ကြီးတကောင်ကို ဘာကြောင့်မှန်းမသိ ပူးတွဲပေါင်းစပ်ထားသည့် အဆီအငေါမတည့်လှသော ရုပ်နှင့်ခန္ဓာရှိလိမ့်မည့် ဆန်းဆန်းပြားပြား သတ္တဝါတကောင်၏အမည်နာမကို (မည်သို့မည်ပုံ နှုတ်စွဲနေသည်မသိ) ကျွန်တော် အော်ဟစ်မိ လိမ့်မည်ဖြစ်သည်။ စောစောက ပြာယာခတ်နေသော စီစဉ်သူ ညီနောင်ကလည်း ထိုအတိုင်းပင်။ 'ကျွတ်ဆင်ကြီး၊ ကျွတ်ဆင်ကြီး’ ဟု ကျွန်တော့်အနီးမှပင် ရေရွတ်သည်။



“ချိုစိမ့်တခွက်သောက်ခွင့်ရရေးမှ


စစ်အစိုးရပြုတ်ကျရေးထိ ဦးတည်မယ်၊


(လမ်းထိပ်လဖက်ရည်ဆိုင်သွားဖို့အရေး၊


စစ်ကားတန်းရှည်ပုန်းစောင့်ရတယ်၊


စစ်နံရံကိုခေါင်းနဲ့တိုက်၊ တိုက်တဲ့ခေါင်းဟာ


လူငယ့်ခေါင်းပဲ)”


စစ်အာဏာသိမ်းကာလအတွင်းမှ ရှားရှားပါးပါး ပြီးပြည့်စုံသည့် ညတည ဖြစ်ခဲ့ရပါသည်။ ထိုသို့ ညတညထက် ပိုကြောင်းမူ နောက်ပိုင်းမှ ပို၍သိလာရသည်။ ၎င်းသည် သမိုင်းဖြစ်၏။ ရက်ပ်ဂီတအတွက်၊ သံချပ်ယဉ်ကျေးမှု အတွက် ၎င်းည နှင့် ၎င်းစင်မြင့်သည် အနည်းငယ် ဆက်လက်၍ အရေးပါနေလိမ့်မည်ဟု ယုံသည်။ ထို့နောက် မကြာ။ ထုံးစံအတိုင်း စင်ပေါ်၌ပင် ငြိကြပြန်သည်။ ကိစ္စမရှိ။ အင်းစိန်ထောင်မှ ဖိုးသားလည်း သံချပ်စင်ပေါ် ရောက်နေပြီ။ စန်းမင်းပိုင်၏ ရက်ပ်ဂီတနှင့် ဒေါင်းတို့မျိုးဆက် သံချပ်တို့လည်း အစပ်အဟပ်တည့်နေပြီ။ ဖြစ်ချင်ရာ ဖြစ်နိုင်ပါသည်။ ဖြစ်ချင်ရာ ဖြစ်ကြပါစေ။ ဖော်ပြပြီးခဲ့သော နှစ်မျိုးစပ်သတ္တဝါကြီးသာ ဖြစ်ပါ၏။



(၃)

အမှန်က ထောင်ဖောက် လူငယ်ရက်ပ်ပါ စန်းမင်းပိုင်နှင့် သီးသန့် အမေးအဖြေပြုရန် စီမံထားခြင်း ဖြစ်ပါသည်။ Exclusive Interview အစီအစဉ် တင်ဆက်လိုခြင်းဖြစ်ပါသည်။ သို့တစေ စန်းမင်းပိုင်ပြောသော အကြောင်းအရာများထက် စန်းမင်းပိုင်မပြောသော အကြောင်းအရာများက ကျွန်တော့်အတွက် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။ သို့ကြောင့် စန်းမင်းပိုင် ဘာလဲ၊ ဘယ်သူလဲ ကို ကျွန်တော်အမှတ်ရမိသည့်အတိုင်း မိတ်ဆက်ခြင်းဖြစ်ပါသည်။ စန်းမင်းပိုင် ဘာလုပ်နေလဲ ကိုမူ သူပြောခဲ့သည့်အတိုင်းသာ မှတ်တမ်းပြုအပ်ပါသည်။ (ညီရင်းအစ်ကိုသဖွယ် ပေါ့ပေါ့ပါးပါး ပြောဆိုမေးမြန်းထားသည်ဖြစ်၍ အချို့အသုံးအနှုန်းများအပေါ် စန်းမင်းပိုင်၏ ပရိသတ်များအတွက် အ,ဂါရဝဖြစ်ရလျှင် သည်းခံ၍ ရှုပါ၊ စန်းမင်းပိုင်ကို မိုက်ကြေးခွဲနေခြင်း မဟုတ်ရပါ)


မေး။ ။ ဘာကိစ္စ ရက်ပ်ပါလုပ်နေတာလဲ (ဒါမှမဟုတ်) ဘယ်အကြောင်းနဲ့ ရက်ပ်ပါဖြစ်သွားတာလဲ။


ဖြေ ။ ။ ကျနော်ရက်ပ်ပါ မလုပ်နေပါဘူး။ သူ့ဟာသူဖြစ်နေတယ် ထင်တာပဲ။


          ကမ္ဘာမကြေဘူး သီချင်းကို ကျနော် Rap ရေးမိလိုက်တာ ထင်တယ်။


မေး။ ။ ရက်ပ်ဂီတနဲ့ တော်တော်ဝေးဝေးက ငါတို့အတွက် မင်းပထမဆုံး ဘာနဲ့ပေးမြည်းမလဲ။


 ဖြေ။ ။ Jazz သီချင်းနားထောင်လေ။


            ကျနော့် Ep ထဲ Jazz သီချင်း ပါတယ်။


            ခွေးသီချင်း နားထောင်ဖူးလား။


            ခွေးရေးပေးပြီး ခွေးဆိုတဲ့ သီချင်း။


မေး။ ။ အဲ့ဒီ EP အကြောင်းနည်းနည်းပြောပြ။ မများစေနဲ့။


 ဖြေ။ ။ အိမ်ကထွက်ခဲ့တဲ့ (၅)နှစ် အကြောင်းပါ။ မိဘတွေမရှိဘဲရှင်သန်ချိန်ကစတယ်။ ဒီနေ့အထိ။


ချစ်ခြင်းမေတ္တာ (၅)ခုအကြောင်းပေ့ါ။ သီချင်း (၅)ပုဒ်လုံး အချစ် သီချင်းတွေချည်းပါပဲ။


မေး။ ။ ငါတို့ကောင်တွေ ဘယ်လောက်အထိမျှော်လင့်လို့ရမလဲ။


ဖြေ ။ ။ Rap တွေက လူသတ်နိုင်တယ်။


မေး ။ ။ ဖန်တီးမှုမှာ အတ္တပါအောင်ထည့်လား၊ မပါအောင်သတ်လား၊ ပါချင်ပါ မပါချင်နေလား။


ဖြေ။ ။ အတ္တဆိုတာ ချစ်ခြင်းပါ။အလင်္ကာနဲ့တူပါတယ်။ တန်ဆာဆင်‌တာပေါ့။ မိုးတွင်းဟာ


ဖားအော်မှ လှပါတယ်။ ကျနော်သူများကိုပဲသတ်တယ်။ ကျနော့်ကိုယ်ကျနော် မသတ်တတ်ဘူး။


မေး။ ။ အသဲကလည်း ကွဲနေသေးတာဆို။


ဖြေ ကျနော်ဆိုလည်း ကျနော့်လိုကောင်ကို ကျနော့်သမီးနဲ့ သဘောမတူနိုင်ပါဘူး။


     ကျနော် ကိုယ့်ဘဝကိုယ် သိပါတယ်။ ရအောင်တော့ ယူမှာပါ။ ပေးစားသင့်ပါတယ် အန်တီ။


မေး။ ။ အခွေနဲ့ပတ်သက်ပြီး တခုခုထပ်ပြောပါလား။


ဖြေ $50 နဲ့ လာဝယ်တိုင်းလည်း လူကြည့်ရောင်းတာပါ။ ကျနော့် Ep ကို ဝယ်ပါလို့


ထုတ်မပြောဖူးပါဘူး။ ဘယ်လိုရောင်းချသွားမယ်နဲ့ ပါဝင်ကူညီပေးသူတွေကိုပဲ


ကျနော် ကျေးဇူးတင်သွားမှာပါ။ လူ (၅၀၀) ဆိုတာက ကျနော့် Listeners (500) မဟုတ်ပါဘူး။


ကျနော့်မိသားစုဝင်တွေပါ။ ပင်ပန်းရတဲ့အကြောင်းတွေ ပြောပြပြီးပဲ ငိုချင်တာပါ။


အဖေနဲ့အမေကို လုပ်ခဲ့သလိုပေါ့။ အဲ့လောက်ဆိုရပါပြီ။



(၄)

ကျွန်တော် ရုပ်သံအင်တာဗျူးများ စီစဉ်ရတိုင်း နယ်ပယ်စုံမှ စစ်အာဏာဆန့်ကျင်ရေးသမား အသီးသီးအား ၎င်းတို့၏ ယုံကြည်မျှော်လင့်ရာ၊ အားစိုက်ဦးတည်ရာသို့ မေးမြန်းရင်း အဆုံးသတ်လေ့ရှိသည်။ အားလုံးနီးပါးက မည်သို့ဖြေစေ၊ အနှစ်ချုပ်ကြည့်လျှင် 'အိမ်ပြန်ဖို့’ ဟုသာ အဓိပ္ပါယ်ထွက်သည်။ စန်းမင်းပိုင်ကိုမူ ၎င်းကိစ္စ မမေးမိဖို့ ကိုယ့်ကိုယ်ကိုယ် သတိကပ်ရသည်။ စန်းမင်းပိုင် ပြန်စရာ အိမ်မရှိ။ကျွန်တော်တို့ ခေါ်ထားဖို့ လိုပါသည်။ ပြန်စရာအိမ်မကျန်တော့သော၊ ခေါ်စရာ အဖေအမေ မကျန်တော့သော အသက် (၂၂)အရွယ် လူလေး စန်းမင်းပိုင်၏ သူ့ ဘဝဇာတ်ကြောင်းကို သူယုံကြည်ရာ ရက်ပ်ဂီတဖြင့် ပြောပြမည့် သီချင်း (၅)ပုဒ်ပါ album (သူ့အခေါ် EP တခု) ယခု အောက်တိုဘာလမှာ ထွက်ဖို့ကြိုးစားနေသည်။ သူ၏ ကိုယ်ပိုင် လူမှုစာမျက်နှာမှတဆင့် ခေါ်ထားနိုင်ပါပြီ။



(၅)

မမေး တော်လှန်ရေးပြီးပြီကွာ။ မင်း ဘာလုပ်မလဲ။ လူတိုင်းကတော့ အိမ်ပြန်မှာ။


မဖြေ မမဆီ ပြန်မှာပေါ့။ မမက ကျွန်တော့်အိမ်ပဲ။



မေးမိပါက ဤသို့သာ ဖြေလိမ့်ဦးမည်ဟု တထစ်ချ ယုံကြည်ပါသည်။



ကိုကင်း


၂၀၂၆ အောက်တိုဘာ ၁၂


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page