မအလ၏ မလေးရှားခရီးစဥ် ၊ အမေရိကန်ဆွေးနွေးပွဲနှင့် တောခြောက်သံတမန်ရေးအက

Updated: 5 days ago

“ သမ္မတုမအလရဲ့ မလေးရှားခရီးစဥ် “ “အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေ နဲ့ ဆွေးနွေးပွဲ” ဆိုတဲ့သတင်းတွေဟာ လူထုကြားလှုပ်ခတ်နေတဲ့ သတင်းတွေပါ။ ဒီကိစ္စတွေ ကို မဆွေးနွေးခင် သမ္မတတုမအလ ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ထိုးဖောက်သိမြင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ တိုင်းပြည်အတွင်း ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တွေရဲ့လားရာကို မှန်းဆနိုင်မှာပါ။
စစ်အုပ်စုရဲ့ မှီရာတည်ရာဖြစ်တဲ့ ၂၀၀၈ဖွဲ့စည်းပုံမှာ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ရင် “ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်တယ်” လို့ အတိအလင်း ပြဌာန်းထားတာကို ဆန့်ကျင်ပြီး စစ်အုပ်စုမှာမရှိတဲ့ လုပ်ပိုင်ခွင့်ကို မျက်နှာပြောင်တိုက် အသုံးချ လုယူအာဏာသိမ်းခဲ့တဲ့ ပုဂ္ဂိုလ်ဟာ သမ္မတုမအလပါ။ မျက်နှာငယ်လေးနဲ့ “ကျွန်တော်ညံ့ဖျင်းလို့ဖြစ်ရတာပါ”လို့လူထုကို တောင်းပန်ရမယ့်အစား “ကြက်ဥတစ်လုံး ၇၀၀ကျပ်ဖြစ်တာဘာဆန်းလဲ “ ဆိုပြီး ပြည်သူလူထုအပေါ်စော်ကားခဲ့တာလည်း သမ္မတု မအလပါ။ ပြောမယ်ဆိုရင်တော့ အများကြီးပဲ ။
တစ်ကြောင်းတည်းချုပ်ပြောရရင် ဘယ်နိုင်ငံ ကို မဆို ၊ ဘယ်သူ့ကိုမဆို အတင်းဝင်လုံး ၊ မျက်နှာချိုသွေးပြီး ‘မြန်မာနိုင်ငံတည်ငြိမ် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တော့မလိုလို မျက်စပစ်ပြီး ‘ သူ့အာဏာချုပ်ကိုင်ရေးက လွဲရင် ဘာကိုမှ ခေါင်းထဲမထည့်တဲ့ ပုဂ္ဂိုလ်မျိုးပါ။ ဒါကြောင့်လည်း ‘မလုပ်ရဲတာမရှိ ‘လို့ ကြွေးကြော်ပြီး အာဏာသိမ်းခဲ့တာပါ။
မလေးရှားခရီးစဥ် အကြောင်းပြောရအောင်ပါ။ သမ္မတတု မအလကို ကော်ဇောနီခင်းပြီး ကြိုခဲ့တယ်ဆိုပေမယ့် ( ဒါလည်း သံတမန်ရေး လုပ်ထုံးလုပ်နည်းအရပါ) မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ နိုင်ငံရေးအတွင်းဝန် Kamil Abdul Munim က ‘မအလရဲ့ အစိုးရတုကို အသိအမှတ်ပြုတာမဟုတ်ပါဘူး၊ သံတမန်ရေးအရဆွေးနွေးတာပါ ‘ လို့ လူသိရှင်ကြားပြောခဲ့တာကို ကြည့်လိုက်ရင် သမ္မတတု မအလ ခရီးစဥ်တွေအပေါ် အာဆီယံနိုင်ငံတွေရဲ့ “ဓါးသွားနှစ်ဖက်” ချဥ်းကပ်ပုံကို မြင်နိုင်ပါတယ်။ အချုပ်အခြာအာဏာပိုင် အာဆီယံတစ်နိုင်ငံချင်းရဲ့ နိုင်ငံခြားရေးမူဝါဒကျင့်သုံးပိုင်ခွင့်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ သမ္မတမအလ ကို ကျောသပ်ချော့မော့ပြီး “တစ်ဖက်ကလည်း ကိုယ့်အတွက် ရနိုင်သမျှ အကျိုးအမြတ်တွေ နှိုက်ထုတ် ၊ တစ်ဖက်ကလည်း ‘ မမိုက်နဲ့နော် ၊ ဘုံသဘောတူညီချက် ငါးချက်က မင်းအတွက် အကောင်းဆုံးနည်းပဲ’ ဆိုတာမျိုး လိုချင်တာရဖို့ “အရူးဘုံမြောက်” ကစားကွက်ကို ကစားနေကြတာပါ။

အခြေအနေတစ်ရပ်ကို သုံးသပ်တဲ့အခါ ဘယ်ဟာက ဖြစ်နိုင်တယ်၊ ဘယ်ဟာက မဖြစ်နိုင်ဘူး ဆိုတဲ့ ‘ဘောင်’ အတွင်းက ရှင်းရှင်းလင်းလင်း ရူမြင်နိုင်ဖို့လိုအပ်ပါတယ်။ ဒီနှစ်(၂၀၂၆) ဇူလိုင်လမှာ ကျင်းပခဲ့တဲ့ (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက “မအလရဲ့ အစိုးရတုက အာဆီယံဘုံ သဘောတူညီချက်(၅)ရပ်အပေါ် အမှန်တကယ် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ တိုင်းတာကြည့်နိုင်မယ့် စံချိန်စံနှုန်းတွေ သတ်မှတ်ပြဌာန်းနိုင်ရေး “ ဆောင်ရွက်ခဲ့တာကို ပြန်ကြည့်ရင် အာဆီယံအနေနဲ့ ဒီကိစ္စရပ်မှာတိုးတက်မှုတွေ မရှိခဲ့ရင် မအလရဲ့ အစိုးရတုအပေါ် ဘယ်လိုမှတရားဝင် အသိအမှတ်ပြုမှာမဟုတ်ဘူးဆိုတာက ရှင်းနေတဲ့ကိစ္စပါ။
နောက်အရေးကြီးတဲ့အချက်က အာဆီယံအဖွဲ့အနေနဲ့ အဓိကထားစောင့်ကြည့်နေတဲ့ “အကြမ်းဖက် တိုက်ခိုက်မှုများ ထာဝရရပ်ဆဲရေး ၊ နိုင်ငံရေးအကျဥ်းသားများအားလုံး လွတ်မြောက်ရေး အပါအဝင် အရေးပါတဲ့ အင် အားစုအားလုံး တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာတဲ့ ထောက်ပံ့ကူညီမှုတွေ အနှောက်အယှက်ဟန့်တားမှုမရှိပေးပို့နိုင်ရေး “ ကိစ္စရပ်တွေမှာ တိုးတက်မှု လုံးဝ(လုံးဝ) မရှိပဲ အာဆီယံအဖွဲ့က မအလရဲ့ အစိုးရတု ကို တရားဝင်အသိအမှတ်ပြုဖို့ဆိုတာ “တံလျှပ်ရေထင်” နေတာပါ။ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က “အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ တန်းတူရည်တူ အပြည့်အဝပါဝင် ဆော်ရွက်နိုင်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်း ကျင့်သုံးပြီး ဆောင်ရွက်မယ်ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ ကြိုတင်သတ်မှတ်ချက် တစ်ရပ်ရှိနေပါတယ်။
မအလရဲ့ အစိုးရတုက အာဆီယံဘုံသဘောတူညီချက်(၅)ရပ် လိုက်နာရမယ်ဆိုတာက အာဆီယံရဲ့ ကြိုတင်သတ်မှတ်ချက်ပါ။ မြန်မာနိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် တကယ့်လက်တွေ့လိုအပ်ချက်လည်းဖြစ်ပါတယ်။ ပြောပြီးပါရော သမ္မတုမအလဟာ ဘယ်နိုင်ငံကိုမဆို “မျက်နှာချိုသွေး ၊ မျက်စပစ်ပြီး “ သူ့အာဏာရေရှည်ဆုပ်ကိုင်နိုင်ရေးကလွဲရင် “တိုင်းပြည်အတွက် ၊ လူထုအတွက် “ ဘာကိုမှဆောင်ရွက်မှာ မဟုတ်ပါဘူ။
ရိုက်တာ(Reuters)က ရေးတဲ့ဆောင်းပါးက “အမေရိကန်အစိုးရက မအလအစိုးရတုနဲ့ တိုက်ရိုက် ဆွေးနွေးခဲ့တယ် “ ဆိုတဲ့ အချက်အလက်မှန်ပေါ်အခြေခံပြီး သူ့ထင်မြင်ချက်တွေကို ‘မဆန့်ရင်ကန်’ ထိုးထည့်ထားတာပါ။ ဒီဆွေးနွေးမှုဟာ အမေရိကန်အစိုးရ အနေနဲ့ အပြန်အလှန်အကျိုး မြတ်ပေါ်အခြေခံတဲ့ ထိတွေ့ဆက်ဆံရေးဘက် ဦးတည်လာတာမှန်ပေမယ့် ဒီခြေလှမ်းမှာ နွေဦးတော်လှန်ရေး အင်အားစုတွေအပေါ် ကျောခိုင်းရေးဆိုတဲ့ အထောက်အထားမရှိသလို မြေရှားသတ္တု အမေရိကန်ဆီ ရောင်းချရေးဆိုတာကလည်း “ထမင်းဆီဆမ်း ရွှေလင်ပန်း” လိုမဖြစ်နိုင်တဲ့ အိပ်မက်ပါ။ ဒီကိစ္စအပေါ် ဆွေးနွေးခဲ့တယ်ဆိုတဲ့ သက်သေအထောက် အထားလည်းမရှိပါဘူး။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာမှာ “ဒီလိုဆွေးနွေးတဲ့အတွက် စစ်အုပ်စုအပေါ်ဆန့်ကျင်တဲ့အင်အားစုတွေနဲ့ ဆက်ဆံရေးက ပေါ့ပျက်သွားမှာ မဟုတ်တဲ့အကြောင်း အလေးအနက်ထားပြောခဲ့သလို မဟာဗျူဟာမြောက် ပြဿနာတွေဖြေရှင်းရေးအတွက် လိုအပ်နဲ့ တွေ့ဆုံဆွေးနွေးရေးကိုလုပ်ခဲ့တာသာဖြစ်တယ်” လို့ ရှင်းလင်းချက်ထုတ်ပြန်ခဲ့ပါတယ်။
မြေရှားသတ္တုကိစ္စကို စဥ်းစားကြည့်ပါ။ မြေရှားသတ္တုတွင်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ထိန်းချုပ်ထားတာပါ။ ကချင်ပြည်နယ်မှာ KIA ဦးဆောင်တဲ့ မဟာမိတ်တပ် ပေါင်းစုတွေနဲ့ စစ်အုပ်စုတပ်တွေအကြား တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတာက တစ်ကမ္ဘာလုံးသိ တဲ့ကိစ္စပါ။ စစ်အုပ်စုရဲ့ထိန်းချုပ်မှုအောက်မှာ လက်ရှိမရှိသလို နောင်လည်းရှိလာစရာလည်းမရှိတဲ့ မြေရှားသတ္တုအတွက် အမေရိကန်အစိုးရက စစ်အုပ်စုနဲ့ အချိန်ကုန်ခံဆွေးနွေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
နောက်တစ်ချက်က KIA ဟာ မြေရှားသတ္တုတွေကို တရုတ်နိုင်ငံဆီ အစဥ်အဆက် ရောင်းချလာခဲ့တာပါ။ အရေးကြီးတဲ့အချက်ကတော့ KIA အနေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအဆင်ပြေကောင်းမွန်ရေးကို ဖြစ်နိုင်သမျှ ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ KIA ဟာ အိမ်နီးချင်းတရုတ်နိုင်က တဆင့်စားနပ် ရိက္ခာအပါအဝင် လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရတာဖြစ်လို့ တရုတ်နိုင်ငံကိုကျောခိုင်းပြီး မြေရှားသတ္တုတွေ အမေရိကန်နိုင်ငံဆီ ရောင်းချရေးဆိုတာ ပကတိနိုင်ငံရေးကိုမျက်ကွယ်ပြုတာဖြစ်လို့ လက်တွေ့မှာဖြစ် လာစရာအကြောင်းမရှိပါဘူး။ကမ္ဘာ့စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးအားပြိုင်မှုမှာ မဟာဗျူဟာမြောက်ပစ္စည်းဖြစ်တဲ့ မြေရှားသတ္တုတွေနဲ့ပတ်သက်ပြီး ဒီလိုဦးတည်သွားမှာကို တရုတ်ကလည်း ဘယ်လိုနည်းနဲ့မှ သဘောတူလက်ခံမှာ မဟုတ်ပါဘူး။

မြန်မာ့အရေးမှာ အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားဟာ ကျားဖြန့်နှိမ်နင်းရေးက ထိပ်တန်းဦးစားပေးကိစ္စပါ။ ကျားဖြန့်ဂိုဏ်းတွေနဲ့ မအလအုပ်စုဟာ “ပုလင်းတူဘူးဆို့” ဖြစ်နေတာက တကမ္ဘာလုံးသိတဲ့ကိစ္စပါ။ကျားဖြန့်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက အချိန်ကိုက် မှတ်တမ်းတင် သတင်းကားတွေ ထုတ်လွှတ်ပြသခဲ့တာကိုကြည့်ရင် ကျားဖြန့်ဂိုဏ်းတွေနဲ့ မအလအုပ်စု ပတ်သက်နေတာကို သိသိသာသာရည်ညွှန်းဖော်ပြထားတာကိုတွေ့ရမှာပါ။ ဒီလိုအခြေအနေမှာ အမေရိကန်အစိုးရက မအလစစ်အုပ်စုရဲ့ ကျားဖြန့်ဂိုဏ်းနဲ့ ပတ်သက်မှုတွေ လစ်လျူရူပြီး ကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်ဖို့ဆိုတာ လက်တွေ့ဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။
နှစ်ပေါင်းများစွာ အပြန်အလှန်ဆက်နွယ်ခဲ့တဲ့ ကိစ္စရပ်တွေကြောင့် မအလစစ်အုပ်စုက ကျားဖြန့်ဂိုဏ်းတွေကို ထိုးကျွေးဖို့ဆိုတာ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်သလိုဖြစ်သွားမှာပါ။ အမေရိကန်နိုင်ငံကို ချဥ်းကပ်ရာမှာ မအလအုပ်စုက “တရုတ်နဲ့အိန္ဒိယလို နိုင်ငံကြီးနှစ်နိုင်ငံကြားက နိုင်ငံငယ်လေးဖြစ်လို့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးထူထောင်လိုပါတယ်လို့ ကမ်းလှမ်းခဲ့တာဟာ အမေရိကန်နိုင်ငံကို မျက်စလှမ်းပစ်နေတာပါ။ တရုတ်နိုင်ငံက ဒီခြေလှမ်းကို မသိစရာအကြောင်းမရှိပါဘူး။ တရုတ်နိုင်ငံက မအလစစ်အုပ်စုကို မျက်ထောင့်နီနဲ့လှမ်းကြည့်မယ့်ကိစ္စပါ။
ချုပ်ပြောပါတော့မယ်။ မြန်မာစကား “တောခြောက်တယ်” ဆိုတဲ့စကားလုံးဟာ ပစ်ခတ်ရမယ့်သားကောင်ကို မုဆိုးတွေ ကြိုစောင့်ဆိုင်းနေတဲ့နေရာကို တန်းတန်းမတ်မတ်ရောက်လာအောင် လူအုပ်စုနဲ့ ဝိုင်းဝန်းအော်ဟစ်ကျုံးသွင်းတယ်လို့ အဓိတ်ပ္ပါယ်ရပါတယ်။ အခုလည်း မအလစစ်အုပ်စုဟာ ပြည်သူလူထုကို “သူတို့အပေါ်နိုင်ငံတကာက အသိအမှတ်ပြုလာနေပြီ၊ သူတို့သံတမန်ရေးအောင်ပွဲ ဆင်နွှဲတော့မယ် “ဆိုတဲ့ပုံရိပ်ကို “နားလည့်ပါးရိုက်” ရိုက်သွင်းနိုင်ဖို့ ရှိသမျှအင်အားဖြစ်ညှစ်ကြိုးပမ်းနေတာပါ။ တစ်စုံတစ်ရာ ရလဒ်မထွက်နိုင်တဲ့ ကြိုးပမ်းမှုဖြစ်လို့ “တောခြောက်သံတမန်ရေးအက” လို့ဆိုပါရစေ။
မအလစစ်အုပ်စုဟာ အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက စပြီး အခုအချိန်အထိ ကမ္ဘာ့ကုလသမဂ္ဂမှာ” မြန်မာနိုင်ငံရဲ့ သမ္မတက ဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံက ဒေါ်အောင်ဆန်းစုကြည် “ ပဲဖြစ်နေတာကို ကြည့်လိုက်ရင် မအလစစ်အုပ်စုအတွက် သံတမန်ရေးအောင်ပွဲဆိုတာ ရွှေပြည်တော်မျှော်လေတိုင်းဝေး........ပါပဲ။
လင်းယုန်နက်




Comments