စစ်ပွဲတွေ ကြားထဲကပဲ အိမ်နီးချင်း နိုင်ငံတွေရဲ့ ကြိုဆိုမှုတွေ ပြန်ရလာနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

အေတီ

ထိုင်းနိုင်ငံကနေ မလေးရှားအထိ အာဆီယံ ခေါင်းဆောင်တွေဟာ မင်းအောင်လှိုင်ကို ပြန်လည် လက်ခံကြိုဆိုနေကြပေမဲ့၊ ဒါဟာ အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်တဲ့ စစ်ကောင်စီကို ပိုပြီး ရဲတင်းလာစေတယ်လို့ ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက မလေးရှားနိုင်ငံဟာ မြန်မာ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ့်ခဲ့စဉ်မှာ၊ ဒါဟာ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောခဲ့ပါတယ်။ မလေးရှားဘက်က တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြား ချက်အရ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ မလေးရှားမှာ ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်နဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ "ကာလရှည်ကြာ ဖြစ်ပေါ်နေတဲ့ ပြဿနာ" ကို ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က မင်းအောင်လှိုင် ကွာလာလမ်ပူကို ရောက်ရှိလာချိန်မှာတော့၊ ၂၀၂၁ အာဏာသိမ်း မှုကြောင့် ရာဇဝင်တွင်မယ့် ပြည်တွင်းစစ်ကို စတင်ခဲ့တဲ့ ဒီစစ်ခေါင်း ဆောင်ဟာ ဂုဏ်ပြုတပ်ဖွဲ့နဲ့တကွ ကော်ဇောနီခင်း ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။
ကြာသပတေးနေ့က တရားဝင် ကြိုဆိုဧည့်ခံပွဲအပြီးမှာ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) က မြန်မာနိုင်ငံဟာ သူတို့နိုင်ငံသားတွေကို မိမိစရိတ်နဲ့မိမိ ပြန်လည်ခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ဒုက္ခသည် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ မြင့် တက်နေတဲ့ မလေးရှားနိုင်ငံမှာ သဘောကျစရာ သတင်းစကားတစ်ခုလည်း ဖြစ်ပါတယ်။ မလေးရှား မှာ မြန်မာနိုင်ငံသား ၁၉၃,၀၀၀ ဝန်းကျင် ရောက်ရှိနေပြီး အများစုမှာ ဖိနှိပ်ခံရိုဟင်ဂျာ မွတ်စလင်တွေ ဖြစ်ကြပါတယ်။
"ရာသီဥတု သာယာရင် သူတို့ကို ပြန်လည်ခေါ်ဆောင်ဖို့ ရေတပ်သင်္ဘောတွေ စေလွှတ်ပေးပါမယ်" လို့ မင်းအောင်လှိုင်က အန်ဝါကို ဂတိပေးထားပါတယ်။
အပြန်အလှန်အနေနဲ့ အန်ဝါ ဘက်ကလည်း ငြိမ်းချမ်းရေးအစီအစဉ် ဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ အဖွဲ့ဝင်၁၁ နိုင်ငံပါ အာဆီယံ (ASEAN) အဖွဲ့ဆီ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်နိုင်ရေး ကူညီပေးမယ်လို့ မင်းအောင်လှိုင်ကို ကတိပြုခဲ့ပါတယ်။ မလေးရှားဟာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေကြား "အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ" လုပ်ဆောင်ဖို့ တောင်းဆိုထားတဲ့ "အာဆီယံဘုံသဘောတူညီချက် ၅ ချက်" လို့ လူသိများတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို အခိုင်အမာ ထောက်ခံခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတွေရဲ့ အဆိုအရ မြန်မာပြည်တွင်းစစ်ဟာ အခုဆိုရင် ၅ နှစ်ထဲ ရောက်ရှိလာပြီဖြစ်ပြီး လူပေါင်း ၁၀၀,၀၀၀ အထိ သေဆုံးကာ အနည်းဆုံး ၃.၅ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
"ကျွန်တော်တို့အနေနဲ့... နောက်ဆုံးမှာ မြန်မာနိုင်ငံကို ဘာအငြိုးအတေးမှ မထားဘဲ၊ အထူးသဖြင့် အာဆီယံ မူဘောင်အတွင်းကနေ ကျွန်တော်တို့ရဲ့ အသိုက်အဝန်းထဲ ပြန်လည်ပါဝင်လာအောင် ဖြစ်နိုင်သမျှ အရာအားလုံးကို ဆောင်ရွက်ပေးသွားမှာပါ" လို့ အန်ဝါ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
မလေးရှားနိုင်ငံဟာ အတိုက်အခံ ပါတီကြီးတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ရွေးကောက်ပွဲတွေအပြီး ဧပြီလမှာ သမ္မတ ဖြစ်လာခဲ့တဲ့ မင်းအောင်လှိုင်ကို လက်ခံဧည့်ခံခဲ့တဲ့ ၅ နိုင်ငံမြောက် အာဆီယံနိုင်ငံ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ မင်းအောင်လှိုင်က ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

မလေးရှားကနေ ပြန်ရောက်လာပြီးနောက် မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အင်ဒိုနီးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေဟာ နောက်ထပ် သွားရောက်မယ့် နိုင်ငံတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
"မလေးရှားက မင်းအောင်လှိုင်အပေါ် သဘောထား ပြောင်းလဲလိုက်တာဟာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဟန့်အတားတွေကို ပိုပြီး ပျက်စီးသွားစေပါတယ်" လို့ ကွာလာလမ်ပူမြို့ သုတေသနအဖွဲ့တစ်ခုက ပါမောက္ခ Bridget Welsh က ပြောပါတယ်။ လူသားမျိုးနွယ်တွေအပေါ် ရာဇဝတ်မှုကျူးလွန်တယ်စွဆိုတဲ့စွပ်စွဲမှုတွေရှိနေပေမယ့် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့ကြတဲ့ ဒေသတွင်းအာဆီယံခေါင်းဆောင်တွေဟာ လူ့အခွင့်အရေးထက် လက်တွေ့ကျမှုကို ဦးစားပေးနေကြတာဖြစ်တယ်လို့ သူက ပြောပါတယ်။
"ဒါဟာ အဖွဲ့အစည်းတစ်ခုအနေနဲ့ အာဆီယံအတွက်ရော မြန်မာနိုင်ငံအတွက်ပါ နောက်ပြန်ဆုတ်လိုက်တာပါပဲ" လို့ သူက ပြောပါတယ်။ "ဒါဟာ မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ဘာလက်တွေ့ကျတဲ့ လမ်း ကြောင်းမှ ပေးမထားတဲ့အပြင်၊ မြန်မာပြည်တွင်းမှာပင် မရှိတဲ့ စစ်တပ်ရဲ့ တရားဝင်မှုကို နိုင်ငံတကာမှာ ရရှိသွားစေတာမို့ အခြေအနေကို ပိုဆိုးသွားစေတယ်လို့တောင် ငြင်းခုံလို့ရပါတယ်"
‘အဆင်ပြေ လွယ်ကူမှုကိုပဲ အဓိကထားကြတယ်’
မင်းအောင်လှိုင်ရဲ့ ပုံရိပ်ပြန်လည် ထူထောင်မှုဟာ အရှေ့တောင်အာရှမှာတင် ရပ်တန့်မနေပါဘူး။ ဧပြီလကတည်းက စစ်ခေါင်းဆောင်ဟောင်းဟာ အိန္ဒိယ၊ တရုတ်၊ ရုရှားနဲ့ ဘီလာရုစ် နိုင်ငံတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ မှတ်တိုင်တိုင်းမှာ သူ့အစိုးရဟာ တည်ငြိမ်ပြီး "ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီ" ဟု ပုံဖော်ကာ ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ ဆိုင်ရာ သဘောတူညီချက်တွေကို ကမ်းလှမ်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုတောင်မှ တံခါးကို ဖွင့်ပေးထားပုံရပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားပေမဲ့ အမေရိကန်အစိုးရဟာ မင်းအောင်လှိုင် အစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်းများစွာ လိမ်လည်ခဲ့တဲ့ မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့် (Online Scam) စခန်းတွေကို ပိတ်သိမ်းရေး ဆွေးနွေးမှုတွေလည်း ပါဝင်ပါတယ်။ အာဏာသိမ်းစစ်တပ် ကိုယ်စားလှယ်တွေနဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ရန်ကုန် အခြေစိုက် တမ္ပဒီပ အင်စတီကျူးရဲ့ ဒါရိုက်တာ ဦးခင်ဇော်ဝင်း က မင်းအောင်လှိုင်ရဲ့ နိုင်ငံ တကာ အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းမှုကို မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပူးပေါင်း တွန်းအားပေးမှုတွေက ကူညီပေးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအိမ်နီးချင်း သုံးနိုင်ငံဟာ နယ်စပ်အနီး တိုက်ပွဲများဖြစ်ပွားခြင်း၊ ကုန်သွယ်ရေး ထိခိုက်ခြင်းနဲ့ ဒုက္ခသည်များ ဝင်ရောက်လာခြင်း စတဲ့ စစ်ပွဲရဲ့ ရိုက်ခတ်မှုတွေကို ခံစားနေရတာပါ။ဦးခင်ဇော်ဝင်းက အဆိုပါ သုံးနိုင်ငံဟာ "မြန်မာနိုင်ငံ အခြေအနေပေါ်မှာ အကြီးမားဆုံး အကျိုးစီးပွား သက်ရောက်မှု ရှိနေကြတာဖြစ်ပြီး" စစ်တပ်က တည်ထောင်ထားတဲ့ အစိုးရကို အသိအမှတ်ပြု စေချင်ကြတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားနဲ့ ဘီလာရုစ်တို့ဟာ မြန်မာနိုင်ငံအတွက် အဓိက လက်နက်ထောက်ပံ့သူတွေ ဖြစ်ကြပြီး နေပြည်တော်ကလည်း ရုရှားရဲ့ ယူကရိန်း အပြည့်အဝ ကျူးကျော်မှုကို ထောက်ခံထားပါတယ်။

သို့သော်လည်း အခုလို သံတမန်ရေးအရ အသိအမှတ်ပြုမှုတွေ တိုးတက်လာတာဟာ ပဋိပက္ခကို ဖြေရှင်းရာမှာ ကြီးကြီးမားမား အကူအညီ မဖြစ်ခဲ့ပါဘူး။မင်းအောင်လှိုင်က လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆီလာဖို့ ဖိတ်ခေါ်ထားပေမဲ့ နိုင်ငံအနှံ့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်ပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်းတို့မှာ အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထံ ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ သူ့တပ်ဖွဲ့တွေက ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခြင်းနဲ့ စစ်သည်အသစ် သောင်းပေါင်းများစွာ စုဆောင်းခြင်းတို့က သူတို့ရဲ့ အင်အားကို တိုးတက်စေခဲ့ပါတယ်။ တရုတ်နိုင်ငံကလည်း စစ်တပ်နဲ့ နယ်စပ်ရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား အပစ်အခတ် ရပ်စဲရေး ပွဲစားလုပ်ပေးခြင်းဖြင့် ကူညီပေးခဲ့ပါတယ်။
ဒါပေမယ့် ဒတ်ခ်ျ သံတမန်ဟောင်း Laetitia van den Assum ကတော့ စစ်တပ်အနေနဲ့ နိုင်ငံတစ်ဝှမ်း လုံးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
"ဒါဟာ အခုလို နေရာအချို့ကိုပဲ ထိန်းချုပ်ထားတဲ့ တပ်စခန်းအခြေစိုက် တပ်ဖွဲ့မျိုး မဟုတ်ဘဲ အင်အားကြီးမားတဲ့ နယ်မြေသိမ်း တပ်မတော်ကြီးတစ်ခု လိုအပ်ပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။ "ဒါကြောင့် မင်းအောင်လှိုင်ဟာ တပ်ဖွဲ့တွေကို သူဆက်လက် တိုက်ခိုက်ချင်တဲ့ နေရာတွေကို ရွှေ့ပြောင်းနိုင်ဖို့အတွက် နိုင်ငံရဲ့ အချို့နေရာတွေမှာ ယာယီ အပစ်အခတ် ရပ်စဲမှုတွေ ပိုမိုပြုလုပ်ဖို့ လောင်းကြေးထပ်နေတာပါ"
စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သူတစ်ယောက်ဆီကနေ အာဆီယံနိုင်ငံတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ကြိုးပမ်းနေတာဟာ "တော်တော်လေး အံ့ဩစရာကောင်းတယ်" လို့ Van den Assum က ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် ငြင်းပယ်ထားတာ ကြာပြီဖြစ်လို့ သူတို့ကို နိုင်ငံသားအဖြစ် လက်ခံပါ့မလားဆိုတာ မရေရာပါဘူး။ ဒါ့အပြင် သူတို့ရဲ့ နေရပ်ဖြစ်တဲ့ ရခိုင်ပြည်နယ် အများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတာကြောင့် သူတို့ ဘယ်ကို သွားရမလဲဆိုတာ လုံးဝ မရှင်းလင်းပါဘူး။"ဒါဟာ မျက်မမြင်အချင်းချင်း စကားပြောနေကြသလိုပါပဲ" လို့ သူက ပြောပါတယ်။
‘အကုန်အကျနည်းတဲ့ ပုံရိပ်ကောင်းအောင် လုပ်ဆောင်မှု’
မင်းအောင်လှိုင်ဟာ အခြားသော ပြသမှုအချို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ဩဂုတ်လက ထိုင်းနိုင်ငံသို့ မသွားရောက်မီမှာ ၂၀၂၁ ခုနှစ်က ဖြုတ်ချခဲ့တဲ့ အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အား တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် နိုဘယ်လ်ဆုရှင်ဟာ အာဏာသိမ်းပြီးကတည်းက သတင်းအဆက်အသွယ်မရဘဲ ထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး ဩဂုတ်လ ၃ ရက် ICRC ရဲ့ သွားရောက်တွေ့ဆုံမှုကနေ နှစ်ပေါင်းများစွာအတွင်း သူ့ရဲ့ ပထမဆုံး ဓာတ်ပုံတွေကို ထွက်ပေါ်လာတာပါ။

ဆစ်ဒနီတက္ကသိုလ်က သုတေသနအရာရှိ စိုင်းကြည်ဇင်စိုးက ဒီလုပ်ရပ်ဟာ "တကယ့် နိုင်ငံရေး လမ်းဖွင့်ပေးမှုထက် ကုန်ကျစရိတ်နည်းပြီး ပုံရိပ်ကောင်းအောင် လုပ်ဆောင်မှုတစ်ခုသာ ဖြစ်တယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတယ်ဆိုတာကိုပဲ အတည်ပြုနိုင်ခဲ့တာဖြစ်ပြီး "အခြားဘာမှ မပါဘူး" လို့ သူက ဆိုပါတယ်။
အာဆီယံ ခေါင်းဆောင်တွေ ကော်ဇောနီခင်း ကြိုဆိုနေကြချိန်မှာပင် စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ လျော့ကျသွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတာကို သူက ထောက်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်ရှိ ဈေးတစ်ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ ခန့် သေဆုံးခဲ့ရမှုလည်း ပါဝင်ပါတယ်။ဆက်လက်ဖြစ်ပွားနေတဲ့ ဒီတိုက်ခိုက်မှုတွေဟာ "ပျော့ပျောင်းတဲ့ သံတမန်ရေးရာနည်းလမ်းတွေဟာ ဘာအဟန့်အတားမှ မဖြစ်စေဘူးဆိုတာရဲ့ အခိုင်မာဆုံး သက်သေပါပဲ" လို့ သူက ပြောပါတယ်။ နိုင်ငံခြားခရီးစဉ်တွေကနေ ရရှိလာတဲ့ တရားဝင်မှုတွေဟာ စစ်တပ်ကို ပိုမိုရဲတင်းလာစေမယ် လို့လည်း စိုင်းကြည်ဇင်စိုးက သတိပေးခဲ့ပါတယ်။
"ဟန့်တားမှု လုံးဝမရှိတာ၊ အဓိပ္ပာယ်ရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေ မရှိတာ၊ အာဆီယံက ပြန်လည်ထိတွေ့ဆက်ဆံရေးဘက်ကို ဦးလှည့်လာတာနဲ့ တရုတ်၊ ရုရှားတို့ကတစ်ဆင့် လက်နက်နဲ့ စက်သုံးဆီတွေ ဆက်လက်ရရှိနေတာတွေကြောင့် စစ်တပ်အနေနဲ့ အထူးသဖြင့် သူ့ရဲ့ စိုးမိုးမှု အားနည်းနေတဲ့ စစ်ကိုင်းနဲ့ ရခိုင်လို ပဋိပက္ခဇုန်တွေမှာ စစ်ပွဲကို ပိုမို အရှိန်မြှင့်ဖို့ တွန်းအားတွေ ရှိနေပါတယ်" လို့ သူက ဆိုပါတယ်။
အခုချိန်မှာတော့ အာဆီယံရဲ့ လက်ရှိနဲ့ အနာဂတ် အလှည့်ကျဥက္ကဋ္ဌတွေဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ စင်ကာပူနိုင်ငံတို့အပေါ် အများကြီး မူတည်နေပါတယ်။ "Asia Human Rights and Labor Advocates ရဲ့ ဒါရိုက်တာဖြစ်သူ Phil Robertson ကတော့ အာဆီယံဒေသတွင်းမှာ မြန်မာနိုင်ငံကို ပုံမှန်အခြေအနေအတိုင်း ပြန်လည်လက်ခံဖို့ တောင်းဆိုတိုက်တွန်းတာတွေကို ဒီနှစ်နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ငြင်းဆန်တွန်းလှန်သွားမယ့် အစီအစဉ်တစ်ရပ် ချမှတ်ထားရမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေး အစီအစဥ် ကိုလည်း ဆက်လက် ဖိအားပေး ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
"ဒါ့အပြင် သူက 'မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ အကျပ်အတည်းတစ်ခုလုံး' ကို အာဆီယံ ဒေသတွင်းအဖွဲ့အစည်းဆီပဲ ပစ်ပုံမထားဘဲ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ဥရောပသမဂ္ဂ (EU) တို့အနေနဲ့ လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်တာမျိုးလို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကို ဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။
အကြမ်းဖက် မြန်မာစစ်ဗိုလ်ချုပ်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းပေးအပ်နိုင်ရေး နည်းလမ်းရှာဖွေတာပဲဖြစ်ဖြစ်၊ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) သုံးပြီး အရေးယူတာပဲဖြစ်ဖြစ်၊ နိုင်ငံတကာအဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့က အခုချိန်မှာ ဘာထက်မဆို ပိုပြီး အရေးကြီးနေပါတယ်' လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။"
ယခုဆောင်းပါးဟာ အယ်လ်ဂျားဇီးယားသတင်းဌာနက ဆောင်းပါးရှင် Zaheena Rasheed မလေးရှားနိုင်ငံ ကွာလမ်လာပူကနေ တင်ဆက်ထားတာကို ဘာသာပြန် ထားတာ ဖြစ်ပါတယ်။




Comments