အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ်သိမ်းယူနိုင်ခဲ့
- BVJ
- Apr 18
- 1 min read
BVJ/အိုင်းရစ် _ ဧပြီ ၈ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ၉ လနီးပါးကြာ ထိုးစစ်တိုက်ခိုက်ပြီးနောက် မနေ့ ဧပြီ ၇ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) ပြောရေးဆိုခွင့်ရှိသူ ကိုကျော်လင်းက အတည်ပြုပြောပါတယ်။
အင်းတော်မြို့မှာရှိတဲ့ စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်း ဂျပန်လိုဏ်ဂူကုန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့ ည ၈ နာရီဝန်းကျင်မှာ သိမ်းယူနိုင်ခဲ့ပြီးနောက် မြို့တစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
“မြို့ကိုတော့ သိမ်းပြီးတာ အတည်ပြုလို့ရပါတယ်။ ရဲဘော်တွေလည်း အလုပ်ရှုပ်နေတော့ အသေးစိတ်အခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး” လို့ ABSDF ပြောရေးဆိုခွင့်ရှိသူ ကိုကျော်လင်းက Burma VJ ကို ပြောပါတယ်။
ကချင်ပြည်နယ်နဲ့ကပ်လျက်ရှိနေတဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ ကျောင်းသားတပ်မတော် (ABSDF) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး ဗျူဟာအရ အရေးပါတဲ့ ဂျပန်လိုဏ်ဂူကုန်းကို နောက်ဆုံးသိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂျပန်လိုဏ်ဂူကုန်းဟာ အင်းတော်မြို့အရှေ့ဘက်မှာတည်ရှိပြီး ရွှေဘို-မြစ်ကြီးနားကားလမ်းတစ်လျှောက် စိုးမိုးထိန်းချုပ်ထားနိုင်တာကြောင့် ဗျူဟာအရ အရေးပါတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်း ဂျပန်လိုဏ်ဂူကုန်းကို ၂၀၂၄ ဒီဇင်ဘာလဆန်းပိုင်းတစ်ကြိမ်၊ ၂၀၂၅ ဇန်နဝါရီလကုန်ပိုင်းမှာ တစ်ကြိမ် KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှုတွေရှိခဲ့ပေမဲ့ အခု ဧပြီလ ၇ ရက်မှ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရွှေဘို-မြစ်ကြီးနားကားလမ်းမတစ်လျှောက် ဗျူဟာအရ အရေးပါတဲ့ စခန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားပေးခဲ့ပေမဲ့ နောက်ဆုံးမှာ လက်လွှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်းအများအပြား ဖမ်းဆီးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Comentarios