အချုပ်သူသုံးဦးကိုလိင်အကြမ်းဖက်မှုနဲ့ တိုင်ကြားခံရသူသုံးဦးကို တာဝန်ကယာယီရပ်ဆိုင်းပြီး NUG စစ်ဆေးနေ
- BVJ

- Feb 19, 2025
- 1 min read
BVJ/မိုနာ_ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အချုပ်ခန်းအတွင်းက အချုပ်သူသုံးဦးကို လိင်အကြမ်းဖက်မှုပြုလုပ်တဲ့ NUGလက်အောက်ခံဝန်ထမ်းသုံးဦးကို တာဝန်ကနေရပ်စဲပြီး အမှုစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဒီနေ့ ဖေဖော်ဝါရီ ၁၈ရက်မှာ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုး-NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) နဲ့ ပြည်သူ့လုံခြုံရေး(ပလဖ)အဖွဲ့ဝင်တွေက ပလဖအချုပ်စခန်း-၂(C2) မှာ ဖမ်းဆီးထားတဲ့အချုပ်သူတွေကို လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့တာကြောင့် ကာယကံရှင်တွေက တိုင်ကြားထားတာ (၂)နှစ်ကျော်နေပြီဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့“ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)”အစီအစဉ်မှာ ဦးကျော်ဇောက ထုတ်ဖော်ပြောလာတာပါ။
“စုံစမ်းစစ်ဆေးရေးအဖွဲ့က မြေပြင်မှာ စုံစမ်းစစ်ဆေးနေစဉ်ကာလတွင် တိုင်ကြားခံထားရသူသုံးဦးကိုလည်း တာဝန်မှယာယီရပ်ဆိုင်းထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်”

ဒါ့အပြင် ရဲချုပ်ကမြေပြင်မှာစစ်ဆေးနေပြီး နစ်နာသူတွေရဲ့ လုံခြုံရေး၊ လွတ်လပ်စွာထွက်ဆိုနိုင်ရေးနဲ့ တရားမျှတမှုရှိစေရေးအတွက်လည်း အချုပ်နေရာကို ပြောင်းလဲချုပ်နှောင်ပြီး စစ်ဆေးဆောင်ရွက်စေခဲ့ကြောင်းနဲ့ ကျန်ရှိနေသေးတဲ့အမှုတွေ စစ်ဆေးမေးမြန်းအပြီးမှာတွေ့ရှိချက်တွေအရ တရားဥပဒေအရ ဝန်ထမ်းရေးရာလုပ်ထုံးလုပ်နည်းတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာ C2 မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ Non-CDM ကျောင်းသူတစ်ဦးကို ကန့်ဘလူခရိုင် ပအဖ အဖွဲ့ခေါင်းဆောင် မဲခေါင်(ခ) မြင့်ဇော်ဦးက အလိုမတူဘဲ အသက်ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခဲ့သလို အဲ့ဒီအချုပ်ခန်းမှာပဲ နောက်ထပ်အချုပ်သူတစ်ဦးကိုလည်း စခန်းမှူးအဖြစ် တာဝန်ယူထားသူ ရဲရင့်(ခ)လင်းယုန်ဆိုသူက လိင်အကြမ်းဖက်မှုပြုလုပ်ခဲ့တာကြောင့် တိုင်ကြားခံထားရတာဖြစ်ပါတယ်။
ပအဖနဲ့ ပလဖအဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့အချုပ်သူတွေကို လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး ကာယကံရှင်တွေက အမှုဖွင့်တိုင်ကြားသလို အဆင့်ဆင့်တိုင်ကြားမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက နှစ်ကြိမ်သာ စစ်ဆေးဖြေရှင်းမှုပြုလုပ်ပြီး (၂)နှစ်နီးပါးကြာတဲ့အထိ အရေးယူမှုမရှိသေးတာ ကြောင့်NUG အနေနဲ့ တာဝန်ခံဖြေရှင်းပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြီးခဲ့တဲ့လ ဇန်နဝါရီ ၃၁ရက်မှာ ထုတ်ပြန် တောင်းဆိုထားပါသေးတယ်။




Comments