အကြမ်းဖက်မှုတွေလျော့ချဖို့ မြန်မာစစ်တပ်နဲ့လက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံတကာအစိုးရများ ပူးတွဲတိုက်တွန်း
- Zayar Oo
- Jan 7, 2025
- 1 min read
BVJ/မိုနာ_ ဇန်နဝါရီ ၇၊ ၂၀၂၅

အကြမ်းဖက်မှုတွေလျော့ချဖို့၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့စတဲ့ တိုက်တွန်းတောင်းဆိုချက်တွေကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင် မဟာမိတ်နိုင်ငံအစိုးရတွေက မနေ့က ဇန်နဝါရီ ၆ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အဖြေရှာဖို့အတွက် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ တီမောလက်စ်တေနဲ့ ယူနိုက်တက်ကင်းဒမ်းအစိုးရတွေက ပူးတွဲထုတ်ပြန်ကြေညာချက်ထုတ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုဆိုးလာတာကြောင့် အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်းနဲ့ အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူတွေအပေါ် ဆက်လက်အကြမ်းဖက်နေခြင်းနဲ့ ဖိနှိပ်နေမှုမှာ လက်ခံနိုင်စရာမရှိဘူးလို့လည်း ပြောထားပါတယ်။
အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ နှိပ်စက်ကလူပြုမှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ ချိုးဖောက်မှုတွေကျူးလွန်ခဲ့ကြောင်း ခိုင်လုံတဲ့ အစီရင်ခံမှုများစွာရှိကြောင်းနဲ့ အဲ့ဒီထဲမှာ ကလေးငယ်တွေနဲ့ လူနည်းစုတိုင်းရင်းသားနဲ့ ဘာသာရေးအသိုက်အဝန်းတွေကို အဓမ္မသွေးဆောင်ခြင်းနဲ့ စုဆောင်းခြင်း၊ အရပ်သားပြည်သူတွေ သေကြေထိခိုက်စေတာတွေ၊ မြန်မာစစ်တပ်ရဲ့ အဆင်အခြင်မဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ လိင်ပိုင်းဆိုင်ရာနဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု၊ နေအိမ်တွေ မီးရှို့ခြင်း၊ စစ်အာဏာရှင်အဖွဲ့အစည်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်မှုအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ ပါဝင်တယ်လို့ ဖော်ပြပါတယ်။
အရပ်သားပြည်သူတွေကို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဖြတ်တောက်ခြင်းနဲ့ မီးရှို့ခြင်းလိုမျိုး ထိတ်လန့်ဖွယ်ရာအစီရင်ခံမှုတွေကိုလည်း တွေ့မြင်ရတယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အရှိန်မြင့်လာတဲ့ ပဋိပက္ခနဲ့ ရိုဟင်ဂျာတွေအပါအဝင် လူမှုအသိုက်အဝန်းအားလုံးတွေ့ကြုံခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေဟာ လွန်စွာစိုးရိမ်ဖွယ်ရာဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ နိုင်ငံတဝန်းက လူမှုအသိုက်အဝန်းတွေအကြား တင်းမာမှုတွေဖြစ်ဖို့ လှုံဆော်ပေးလေ့ရှိတဲ့ စစ်တပ်ရဲ့ သမိုင်းကြောင်းအပြင် ရိုဟင်ဂျာတွေအပေါ် အပြည်ပြည်ဆိုင်ရာဥပဒေတွေကို ချိုးဖောက်တဲ့ အစီရင်ခံမှုတွေက စိုးရိမ်ဖွယ်ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှ အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်းအဆုံးသတ်ဖို့တောင်းဆိုပြီး ပဋိပက္ခကို ရပ်တန့်ဖို့၊ တင်းမာမှုတွေကို ဖြေလျှော့ဖို့နဲ့မတရားဖမ်းဆီးထိန်းသိမ်းထားခြင်းခံရတွေအားလုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ဖို့ ထပ်မံတိုက်တွန်းထားပါတယ်။
စစ်မှန်ပြီး အပြုသဘောဆောင်တဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ကြိုးစားမှုနဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိရေး တောင်းဆိုမှုတွေအပေါ် ဆက်လက်ထောက်ခံကြောင်းလည်း ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။




Comments