မြန်မာစစ်ခေါင်းဆောင်တွေ အာဆီယံအစည်းအဝေးပြန်တက်ခွင့်ရဖို့ 'အလှမ်းဝေးနေသေးကြောင်း' အာဆီယံအထူးကိုယ်စားလှယ်ပြောကြား
- BVJ

- 2 days ago
- 1 min read
အီးကေ/ BVJ_ဇူလိုင် ၂၃၊ ၂၀၂၆

ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက်(၅)ရပ် (5PC)ကိုလိုက်နာဆောင်ရွက်မှုရှိ/မရှိကို အကဲဖြတ်နေဆဲဖြစ်တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီခေါင်းဆောင်တွေ ပြန်လည်ပါဝင်ခွင့်ရဖို့ဆိုတာ "အတော်လေး အလှမ်းဝေးနေသေးတယ်"လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် Ma. Theresa Lazaro လာဇာရိုက အာဆီယံအစည်းအဝေးအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။
"အဲဒီအခြေအနေကိုရောက်ဖို့ အတော်လေးလိုပါသေးတယ်။ သူတို့ လိုက်နာဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေအများကြီးရှိနေပါတယ်" လို့ လာဇာရိုကဆိုပါတယ်။
ဒီနှစ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ် သွားရောက်ဖို့ရှိတဲ့ လာဇာရိုဟာ၊ အာဏာသိမ်းစစ်အုပ်စုကဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရမရဆိုတာကိုတော့ အသေအချာ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံမှာ တိုးတက်မှုရှိမရှိတိုင်းတာမယ့် စံနှုန်းသတ်မှတ်ချက်တွေကိုရေးဆွဲသွားမှာဖြစ်ပြီး၊ ဒီစံနှုန်းတွေကိုမလိုက်နာနိုင်ရင်တော့"လိုက်နာမှုမရှိခြင်း" အဖြစ် သတ်မှတ်သွားမှာဖြစ်ကြောင်းလည်း သူကထည့်သွင်းပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊စစ်တပ်အာဏာသိမ်းပြီး နှစ်လအကြာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဆီယံနဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို သဘောတူညီခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာ ငြိမ်းချမ်းရေးလမ်းပြမြေပုံပါအချက်တွေဖြစ်တဲ့ တွေ့ဆုံဆွေးနွေးဖို့၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ စတဲ့အချက်တွေကိုမလိုက်နာခဲ့တဲ့အတွက် အာဆီယံကမြန်မာစစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပါတယ်။
မကြာသေးခင်ကလည်း မြန်မာစစ်ကောင်စီဘက်က အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို "ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်း"လို့ဆိုပြီး ငြင်းပယ်တဲ့အဆိုကို စစ်အုပ်စုလက်အောက်ခံလွှတ်တော်ကနေ အတည်ပြုခဲ့ပါသေးတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ အာဆီယံနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ် (5PC)ကို အကောင်အထည်ဖော်တဲ့နေရာမှာ အာဆီယံရဲ့ မူလသဘောထားဖြစ်တဲ့ "နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကိုလေးစားဖို့" နဲ့ "ပြည်တွင်းရေးဝင်မစွက်ဖက်ဖို့" ဆိုတဲ့အချက်တွေကို အပြန်အလှန်လေးစားလိုက်နာသင့်တယ်လို့ ဖော်ပြထားပါတယ်။
ခရက်ဒစ် - Reuters



Comments