top of page

အိန္ဒိယတက်ကြွလှုပ်ရှားသူ ဝမ်ချပ်ရဲ့အစာငတ်ခံဆန္ဒပြမှုကို ၂၆ ရက်အကြာမှာ ရပ်ဆိုင်း

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

အီးကေ/BVJ_ဇူလိုင် ၂၄၊ ၂၀၂၆

၂၅ရက်ကျော်ကြာအစာငတ်ခံဆန္ဒပြခဲ့တဲ့ အိန္ဒိယတက်ကြွလှုပ်ရှားသူ Sonam Wangchuk
၂၅ရက်ကျော်ကြာအစာငတ်ခံဆန္ဒပြခဲ့တဲ့ အိန္ဒိယတက်ကြွလှုပ်ရှားသူ Sonam Wangchuk

စာမေးပွဲမေးခွန်းလွှာပေါက်ကြားမှုတွေနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးနုတ်ထွက်ပေးဖို့ ၂၆ ရက်ကြာအစာငတ်ခံဆန္ဒပြခဲ့တဲ့ အိန္ဒိယနိုင်ငံကတက်ကြွလှုပ်ရှားသူ Sonam Wangchukဟာ ဆန္ဒပြပွဲကိုရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။


အသက် ၅၉ နှစ်အရွယ် Wangchukဟာ ကြာသပတေးနေ့ညပိုင်းက X (ယခင် Twitter)မှာတင်ခဲ့တဲ့ပို့စ်တစ်ခုမှာ"အခြေအနေအမျိုးမျိုးနဲ့ပတ်သက်ပြီး အရှည်ကြီးညှိနှိုင်းခဲ့ရသလို နိုင်ငံထဲမှာအကြမ်းဖက်မှုတွေဖြစ်လာနိုင်တဲ့အခြေအနေကို ထောက်ထားပြီး" အခုလိုဆန္ဒပြပွဲကိုရပ်နားလိုက်တာလို့ ဆိုပါတယ်။


သူ့ရဲ့ကြေညာချက်ဟာ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက မေးခွန်းလွှာပေါက်ကြားမှုတွေကိုထိရောက်စွာအရေးယူဖို့ ဥပဒေအသစ်ပြဋ္ဌာန်းမယ်လို့ ဗီဒီယိုဖိုင်နဲ့တကွ ကတိပေးပြောကြားပြီးနောက်ပိုင်းမှာထွက်ပေါ်လာတာပါ။ မိုဒီက မေးခွန်းလွှာပေါက်ကြားတဲ့ကိစ္စဟာ ကျောင်းသားသိန်းနဲ့ချီအတွက် "အလွန်နာကျင်ရတဲ့ ကိစ္စ"ဖြစ်တယ်လို့ပြောဆိုခဲ့ပေမဲ့ ပညာရေးဝန်ကြီး Dharmendra Pradhan ကိုတော့ နာမည်တပ်ပြီးမပြောခဲ့ပါဘူး။


Wangchukဟာ အိန္ဒိယနိုင်ငံတဝန်းက ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ Cockroach Janta Party (CJP)ရဲ့ဆန္ဒပြပွဲကိုထောက်ခံတဲ့အနေနဲ့ ဇွန်လ ၂၈ ရက်နေ့ကတည်းက အစာငတ်ခံဆန္ဒပြနေခဲ့တာပါ။ ဒီဆန္ဒပြပွဲဟာ ဆေးကျောင်းဝင်ခွင့်စာမေးပွဲမေးခွန်းတွေပေါက်ကြားခဲ့လို့ လူသန်းပေါင်းများစွာပြန်ဖြေခဲ့ရတဲ့ ကိစ္စကြောင့် ပညာရေးဝန်ကြီးနုတ်ထွက်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။


လက်ရှိမှာတော့ CJP ရဲ့ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ နယူးဒေလီမြို့က Jantar Mantarဆန္ဒပြနေရာနဲ့ တခြားမြို့ကြီးတွေမှာဆက်လက်စုဝေးနေကြပါတယ်။ ဒါဟာ မိုဒီ တတိယအကြိမ်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာနေတာပါ။


Jantar Mantarမှာတော့ ဒီသီတင်းပတ်အတွင်းရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး တနင်္လာနေ့တုန်းကဆိုရင် ပါလီမန်ဆီချီတက်ဖို့ကြိုးစားတဲ့ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး ရိုက်နှက်ဖြိုခွင်းတာတွေရှိခဲ့ပါတယ်။


Human Rights Watch နဲ့ Amnesty Internationalတို့လိုအဖွဲ့အစည်းတွေကတော့ ရဲတပ်ဖွဲ့ရဲ့အင်အားသုံးဖြိုခွင်းမှုတွေနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်တာတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။


Wangchuk အစာငတ်ခံဆန္ဒပြပွဲကိုရပ်လိုက်တဲ့အပေါ် CJP တည်ထောင်သူ Abhijeet Dipkeက "Sonamဆရာကြီး အစာငတ်ခံဆန္ဒပြပွဲကိုရပ်လိုက်တဲ့အတွက် စိတ်သက်သာရာရပြီးကျေးဇူးတင်မိပါတယ်။ ဆရာကြီးရဲ့အနစ်နာခံမှုနဲ့ ရဲစွမ်းသတ္တိအတွက်ကျေးဇူးတင်ပါတယ်။ ဆရာကြီးရဲ့အသက်ဟာ ဒီနိုင်ငံအတွက်အရမ်းတန်ဖိုးရှိပါတယ်"လို့Xမှာရေးသားထားပါတယ်။ ဒါပေမဲ့ "Dharmendra Pradhan နုတ်ထွက်ပေးတဲ့အထိ CJPရဲ့ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကတော့ဆက်လက်ရှိနေမှာပါ"လို့သူကဆိုပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page