top of page

“အကောင်းအတိုင်းပြန်လာမယ်လို့ အာမ မခံတဲ့ခရီးကို သွားရတဲ့အခါ...နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ”

  • Writer: BVJ
    BVJ
  • Mar 8
  • 2 min read

BVJ/ မိုနာ_ မတ် ၇၊ ၂၀၂၅


ree

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၆၈ ဦး ဒဏ်ရာရခဲ့ပါတယ်။


အဲ့ဒီသေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၅ ဦး၊ လက်နက်ကြီးကြောင့် ၁၁ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၂ ဦး၊ ထောင်တွင်း ဆေးကုသခွင့်မရလို့ ၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၇ ဦး သေဆုံးခဲ့ရပြီး အဲ့ဒီထဲက ၁၃ဦးက ၁၈နှစ်အောက်ကလေးတွေဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၈၆ ဦး သေဆုံးရပါသေးတယ်။ အခုအချက်အလက်တွေကို BWU အမျိုးသမီးမှတ်တမ်းနဲ့သုတေသနလုပ်ငန်းစဉ်အနေနဲ့ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေနဲ့ မြေပြင်ကရရှိတဲ့အချက်အလက်တွေကနေ စုဆောင်းမှတ်တမ်းတင်ထားတာဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် တစ်နှစ်လုံးမှာလည်း လေ‌ကြောင်း၊ လက်နက်ကြီးနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ၄၇၈ ဦး သေဆုံးပြီး နောက်ထပ် ၄၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးခဲ့ရသူတွေထဲမှာ အများစုက စစ်ကိုင်းတိုင်းထဲကဖြစ်ပြီး ဒါဟာ နေ့တိုင်းမှာ အနည်းဆုံး မြန်မာအမျိုးသမီးတစ်ဦးနှုန်း သတ်ဖြတ်ခံနေရတာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အမျိုးသမီးတွေသေဆုံးနှုန်း ပိုမိုမြင့် တက်လာတာကြောင့် စစ်ရေးပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအကြမ်းဖက်ခံနေရတာနဲ့ ပတ်သတ်ပြီး ကျူးလွန်သူတွေကို အရေးယူပေးဖို့ကိုလည်း အမျိုးသမီးအ‌ရေးလှုပ်ရှားသူတွေက တောင်း ဆိုထားကြပါတယ်။


အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ခဲ့ကြသူတွေထဲက တစ်ဦးဖြစ်တဲ့ အသက် ၂၀ အရွယ် ဆယ်တန်းကျောင်းသူ မမြသွဲ့သွဲ့ခိုင်ကို စစ်တပ်ကပစ်ခတ်သတ်ဖြတ်လိုက်တာကနေ အစပြုပြီး ဖမ်းဆီးခံထားရာကနေရုံးထုတ်သွားရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်သတ်တာကိုခံလိုက်ရတဲ့ မနိုဘယ်လ်အေးအထိကို အကြောင်းမဲ့သတ်ဖြတ်ခဲ့တဲ့ စစ်တပ်ဟာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေ အပါအဝင် ပြည်သူတွေအပေါ်ကို စစ်ရာဇဝတ်မှုကျူးလွန်မှုတွေ လုပ်ဆောင်နေတာပေါ်လွင်နေပါတယ်။


လက်ရှိမှာ စစ်ကောင်စီအာဏာသိမ်းကာလဖြစ်တာကြောင့် ပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုမရှိသလို ပြည်တွင်းဥပဒေတွေနဲ့ စစ်ကောင်စီကို အရေးယူလို့မရတဲ့အတွက် ICC, ICJစတဲ့ နိုင်ငံတကာခုံရုံးတွေကနေ တဆင့် အပြစ်ပေးအရေးယူနိုင်ဖို့နဲ့ ကျူးလွန်ခဲ့တဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့ အပြစ်ကနေ ရှောင်လွှဲလို့မရဘဲ တချိန်မှာအရေးယူခံရဖို့အတွက်လည်း အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသူတွေနဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ-NUG က ပြင်ဆင်နေတာတွေလည်း ရှိနေပါတယ်။


ဒီနေ့ မတ်လ ၈ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day)ပါ။




ဒီနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကိုတော့ "Accelerate Action” တန်းတူအခွင့် အရေးတွေနဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေကို အရှိန်မြှင့်တင်ဖို့ရည်ရွယ်ခြင်းဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ ကျင်းပကြတာဖြစ်ပါတယ်။


စစ်အာဏာသိမ်းကာလအတွင်းမှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဦးတည်တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေးအတွင်း လူထုသပိတ်လှုပ်ရှားမှုတွေမှာဖြစ်စေ၊ လက်နက် ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာဖြစ်စေ အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးတွေရဲ့ အင်တိုက် အားတိုက်ပါဝင်မှုကို အထင်အရှားမြင်တွေ့နေရပါတယ်။

စစ်တပ်အာဏာသိမ်း လေးနှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်သတ်ဖြတ်လို့ ကျဆုံးခဲ့ရတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းအမျိုးသမီးတွေထဲက အမျိုးသမီးတချို့ရဲ့ မှတ်တမ်းတွေကိုစုစည်းပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့မှာ ဂုဏ်ပြုဖော်ပြလိုက်ရပါတယ်။


■ မမြသွဲ့သွဲ့ခိုင်


၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၉ရက်မှာ နေပြည်တော် စစ်အာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးက သူတို့နဲ့ မျက်နှာချင်းဆိုင်ဘယ်ဘက်အခြမ်းက ကားမှတ်တိုင်မှာရပ်နေတဲ့ မြသွဲ့သွဲ့ခိုင်ကို သေနတ်နဲ့ပစ်ခတ်လိုက်တာပါ။



ပစ်လိုက်တဲ့ကျည်ဆံဟာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ခေါင်းထဲကို ဖောက်ဝင်သွားလို့ နေပြည်တော် ကုတင်၁၀၀၀ ဆန့်ဆေးရုံ အရေးပေါ်ကုသဆောင်မှာတင်ထားရာကနေ ဖေဖော်ဝါရီ ၁၉ရက်မှာ သေဆုံးသွားခဲ့ရပါတယ်။


စစ်တပ်က အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွင်းရာမှာ ပထမဦးဆုံး ကျဆုံးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။


■ အိန်ဂျယ် (ခေါ်) ကြယ်စင်


မန္တလေးမြို့က လမ်းပေါ်မှာ ၂၀၂၁ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ စစ်အာဏာသိမ်းဆန့်ကျင်မှုကို ငြိမ်းချမ်းစွာဆန္ဒပြရင်း စစ်ကောင်စီတပ်တွေ အကြမ်းဖက်နှိမ်နှင်းလို့ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားရတဲ့ အသက် (၁၉)အရွယ် အမျိုးသမီးတစ်ဦးပါ။



ကြယ်စင်သေဆုံးရတာဟာ စစ်တပ်က သူတို့လက်ချက်ကြောင့်မဟုတ်ဘဲ ဆန္ဒပြလူစုထဲက တစုံတယောက်ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတာလို့ ဝါဒဖြန့်ကြေညာခဲ့ပါသေးတယ်။


■ ကဗျာဆရာမကြည်လင်အေး (ခ) ဒေါ်မြင့်မြင့်ဇင်


အသက် (၃၆)နှစ်အရွယ် ကဗျာဆရာမကြည်လင်အေးဟာ ၂၀၂၁ခုနှစ်၊ မတ်လ ၃ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ပစ်ခတ်ခံရပြီး ကျဆုံးသွားတာဖြစ်ပါတယ်။



ငြိမ်းချမ်းစွာဆန္ဒပြနေသူ မုံရွာဒေသခံတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ မတ်လ ၃ရက်မှာပဲ (၅)ဦး သေဆုံးခဲ့ရတာဖြစ်ပြီး အဲ့ဒီထဲမှာ ကဗျာဆရာ ကေဇဝင်းနဲ့ မကြည်လင်အေးတို့ ပါဝင်ခဲ့တာပါ။


ကျဆုံးသွားတဲ့ မုံရွာအခြေစိုက် ကဗျာဆရာနှစ်ဦးစလုံးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်တဲ့ စစ်ကြောင်းတွေမှာ ရှေ့ဆုံးကပါဝင်ခဲ့ပြီး လူထုဟောပြောမှုတွေကိုလည်း ထိပ်ဆုံးက ပြုလုပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။


■ သူနာပြုကျောင်းသူ မသဥ္ဇာဟိန်း


၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာဆန္ဒပြပွဲမှာ စစ်တပ်နဲ့ရဲတွေက ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းနေတာကြောင့် ထိခိုက်ဒဏ်ရာရလူနာတွေကို အချိန်မီဆေးရုံပို့ဖို့ အခက်အခဲဖြစ်နေချိန်မှာ မသဉ္ဖာဟိန်းဟာ သူ့အသက်ကိုမငဲ့ကွက်ဘဲ လူနာတွေကိုစိုးရိမ်စိတ်နဲ့ သွားရောက် အသက်ကယ်ပေး နေချိန်မှာပဲ ဦးခေါင်းကို သေနတ်မှန်ကာ ကျဆုံးသွားခဲ့ရတာပါ။


အသက် (၂၀)အရွယ်ရှိ မသဉ္ဇာဟိန်းဟာ ဆန္ဒပြမှုတွေစလုပ်ကတည်းက မုံရွာသပိတ်စစ်ကြောင်းမှာ နေ့တိုင်းလိုလိုပါဝင်ပြီး တော်လှန်ရေးမှာ ဒဏ်ရာရလူနာတွေကို ရွေ့လျားကုသပေးနေတဲ့ ဆေးအဖွဲ့ဝင် တစ်ယောက်လည်းဖြစ်ပါတယ်။


ဆန္ဒပြပွဲမှာ သူပြောခဲ့တဲ့ “အကောင်းအတိုင်း ပြန်လာမယ်လို့ အာမ,မခံတဲ့ခရီးကို သွား ရတဲ့ အခါ...နှောင်ကြိုးတွေက ခွင့်လွှတ်ပေးပါ” ဆိုတဲ့ စကားလေးဟာ အခုချိန်ထိ တော်လှ န်လူ ငယ်တွေကြားထဲမှာ တွင်ကျယ်နေဆဲဖြစ်ပါတယ်။





■ မဝေ‌ဝေမြင့် (ခေါ်) ပန်းသီး


၂၀၂၁ခုနှစ်၊ သြဂုတ် ၁၀ ရက် ညနေပိုင်းက ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အောက်ဘလောက်က တိုက်ခန်းတစ်ခန်းကို စစ်ကောင်စီလက်နက်ကိုင်တပ်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် လူငယ်တွေ တိုက်ပေါ်ကနေ ခုန်ချထွက်ပြေးခဲ့တာကြောင့် အဲ့ဒီဖြစ်စဉ်မှာ (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရကာ၊ (၃)ဦးဖမ်းဆီးခံခဲ့ရပါတယ်။


သေဆုံးခဲ့သူတွေထဲမှာ အသက် (၂၉)နှစ်အရွယ် မဝေဝေမြင့်(ခေါ်) ပန်းသီးလည်းပါဝင်ပြီး သူမ သေဆုံးချိန်မှာ အသက်ငါးနှစ်အရွယ် တစ်ဦးတည်းသောသမီးလေးနဲ့ ခင်ပွန်းဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။


သူတို့ငါးဦး တိုက်ပေါ်ကခုန်ချသေဆုံးမှုဟာ လူထုအတွက် စိတ်အထိခိုက်ရဆုံးဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။


■ မခင်သန္တာဆွေ (ခေါ်) မမြင့်


၂၀၂၃ခုနှစ်၊ မေလ ၇ရက်နေ့ ည၁၁နာရီမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်ကြားမှာရှိတဲ့ ကျားဖြူစစ်ကြောင်း ၂၊ တပ်ခွဲ-၁ စခန်းကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် မခင်သန္တာဆွေ အပါအဝင် ရဲဘော်သုံးယောက် ကျဆုံးခဲ့ရပါတယ်။


မခင်သန္တာဆွေဟာ အသက် ၁၇နှစ်အရွယ်ထဲက PDFတပ်ဖွဲ့ထဲဝင်ရောက်လာသူဖြစ်ပြီး သူကျဆုံးတဲ့နေ့မှာပဲ သူနဲ့အတူ သူ့ရဲ့ချစ်သူဖြစ်တဲ့ ကျားဖြူစစ်ကြောင်းတပ်ဖွဲ့ဝင် ကိုထွန်းလင်းအောင်လည်း ကျဆုံးခဲ့ပါတယ်။


■ မနိုဘယ်လ်အေ


နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးနဲ့ ရဲဘော်တစ်ဦးကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့က ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲမှာ လက်နက်တွေနဲ့အတူ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။

သူတို့နှစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်က ဝေါတရားရုံးမှာ ရုံးထုတ်ရမန်ယူပြီးအပြန်မှာ ထွက်ပြေးဖို့ ကြိုးစား တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက်မှာ စစ်ကောင်စီဘက်က သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။


အသက် (၄၉)နှစ်အရွယ်ရှိ မနိုဘယ်လ်အေးဟာ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့တာကြောင့် ထောင်ဒဏ်(၄၂)နှစ်ထိ ချမှတ်ခံရဖူးသူတစ်ဦးဖြစ်ပြီး လွတ်မြောက်လာပြီးနောက်မှာလည်း နိုင်ငံရေး မှာတောက်လျောက်ပါဝင်ခဲ့သူ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦး ဖြစ်ပါတယ်။


■ ဒေါ်စန်းရီ


မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်ထဲမှာ အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်စန်းရီဟာ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသည်းရောဂါတွေနဲ့ ထောင်တွင်းမှာ သေဆုံးခဲ့ပါတယ်။


ချမ်းမြသာစည်မြို့နယ်ရဲစခန်းဗုံးခွဲခဲ့တဲ့ လူငယ်သုံးဦးကိုဝှက်ထားပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၆၅ နှစ်အရွယ် ဒေါ်စန်းရီကို ပြီးခဲ့တဲ့ စစ်တပ်အာဏာသိမ်းကာလအစပိုင်း ၂၀၂၁ ဧပြီလကတည်းက နေအိမ်ကနေ စစ်ကောင်စီကဖမ်းဆီးကာ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့တာပါ။


နိုင်ငံရေးအကျဉ်းသူဒေါ်စန်းရီဟာ ရောဂါပြင်းထန်ချိန် အိုးဘိုအကျဉ်းထောင်ဆေးရုံမှာ ဆေးကုသခဲ့ပေမဲ့ လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ရက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က မိသားစုကိုအတည်ပြု ထုတ်ပြန်ထားကြပေမယ့် စစ်ကောင်စီကတော့ ဒေါ်စန်းရီမသေဆုံးဘဲ ထောင်တွင်းရှိနေတယ်ဆိုပြီး သေဆုံးမှုကိုဖုံးကွယ်ခဲ့ပါတယ်။


မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေပါဝင်ခဲ့ပေမဲ့ ၂၀၂၁က စတင်တဲ့ နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးပါဝင်မှုဟာ အများကြီးမြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လူမှုအသိုက်အမြုံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနဲ့ သဘာဝပတ် ဝန်းကျင်ထိမ်း သိမ်းရေးတွေမှာလည်း ထူးချွန်ထက်မြက်တဲ့အမျိုးသမီးတွေရှိခဲ့သလို၊ အခုထိလည်း ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။

Коментари


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page