top of page

“သမ္မတအတု မအလ နှင့် အနာဂတ်အလား အလာ”

  • Writer: BVJ
    BVJ
  • Apr 6
  • 3 min read
အရပ်သားအစိုးရဆီက အာဏာလုယူပြီး ငါးနှစ်အကြာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာ
အရပ်သားအစိုးရဆီက အာဏာလုယူပြီး ငါးနှစ်အကြာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာ

တရားဝင်မှုကို ငံ့လင့်နေသော မအလစစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲ ကျင်းပ၍ ပြည်သူကရော ကမ္ဘာကပါ အသိအမှတ်မပြုသည့် လွှတ်တော် ခေါ်ယူကျင်းပနေပါပြီ။လွှတ်တော်လုပ်ငန်းစဥ် ကို ဟန်ပြလုပ်ဆောင်ပြီး မအလဟာ သူ့ကိုယ်သူ သမ္မတ ခန့်အပ်လိုက်ပါပြီ။

 

ပုပ်သိုးဆွေးမြေ့နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကို ဆုပ်ကိုင်ပြီး အတွေးအခေါ်ဟောင်း အကျင့်ပျက် စရိုက်တွေနဲ့ ဖွဲ့စည့်းမယ့် မဲပြာပုဆိုး အစိုးရကြောင့် တိုင်းပြည်မှာ ဘာတွေဖြစ် လာမလဲ။ တိုင်းပြည်ရဲ့ အနာဂတ် ပြည်သူတွေရဲ့ဘဝ အိပ်မက်တွေအတွက် ဘာတွေ မျှော်လင့်နိုင်မလဲ။ ကြည့်ကြရအောင်ပါ။

 

အရင်ဆုံး ၂၀၁၀ ရွေးကောက်ပွဲအခင်းအကျင်း နဲ့ ၂၀၂၅ ရွေးကောက်ပွဲအခင်းအကျင်း မတူတာ နှလုံး သွင်း ကြည့်မြင်နိုင်ဖို့ လိုအပ်ပါတယ်။ နာဂစ်ခြေဥဆန္ဒခံယူပွဲ အလွန် ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေး ကောက်ပွဲမှာ စစ်အုပ်စုအပေါ်ပြည်သူတစ်ရပ်လုံးက မနှစ်သက်ပေမယ့် စစ်အုပ်စုဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှာ တရားဝင် အသိအမှတ်ပြုခံထားရသလို အစဥ်အလာတိုင်းရင်းသား လက်နက်ကိုင်နယ်မြေတွေက လွဲရင် တစ်နိုင်ငံလုံးကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်ပါတယ်။တိုင်းပြည် စီးပွားရေးကလည်း အခက်အခဲပေါင်းစုံရင်ဆိုင်နေရပေမယ့် (နိုင်ငံတကာရဲ့ ပိတ်ဆို့အရေး ယူမှုအပါအဝင်) လည်ပတ်နိုင်စွမ်းတော့ ရှိနေပါသေးတယ်။

 

ရွေးကောက်ပွဲအလွန်တက်လာတဲ့ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံတကာပိတ်ဆို့အရေးယူခံရမှုတွေ ကို ဖယ်ရှားနိုင်ရေးနဲ့ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု ရရှိရေး ဦးတည်ပြီး ပြည်တွင်း မှာ ဖြေလျော့မှုတွေ ကို နိုင်ငံရေးအပါအဝင် မျက်နှာစာပေါင်းစုံမှာ ဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီကနေ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လည်း လွှတ်တော်ထဲ ရောက်လာပါတယ်။


 ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမား အား   သမ္မတ ဦးသိန်းစိန် လက်ခံတွေ့ဆုံခဲ့စဥ်က
ရန်ကုန်တိုင်းလွှတ်တော်အဆောက်အအုံမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က အမေရိကန်သမ္မတ ဘားရက်အိုဘားမား အား သမ္မတ ဦးသိန်းစိန် လက်ခံတွေ့ဆုံခဲ့စဥ်က

 

ချုပ်ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲအလွန်မြင်ကွင်းဟာ" အပိတ်' ကနေ ' အဖွင့် ' ကိုဦး တည်ခဲ့ တာပါ။၂၀၂၅ ရွေးကောက်ပွဲအလွန် မြင်ကွင်းကတော့ သာမန်အပိတ်ကနေ ပိန်းပိန်းပိတ်အပိတ်ကို ဦ တည်မှာ ကို အခုကတည်းက မြင်နေရပါပြီ။ ဦးစီးချုပ်၊ ဒုချုပ်အပါအဝင် တပ်တွင်းရာထူးခန့်ထားမှုတွေနဲ့ လူပုံအလယ်မှာ ဒုချုပ်စိုးဝင်းကိုမတ်တပ်ရပ်ခိုင်းတာတွေကိုကြည့်ရင်၊ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတယ်ဆိုတဲ့ ကြံ့ဖွံပါတီကို ကစားစရာ အရုပ်လိုကိုင်တွယ်ပြနေတာကို ကြည့်ရင် မအလတစ်ယောက်တည်းသဘောနဲ့ စိတ်ထင်တိုင်းကြမ်းရမ်းတော့မှာ ကို ဖေါ်ပြနေ ပါတယ်။

 

ဒီတော့ စိတ်ထင်တိုင်းကြမ်းရမ်းနိုင်နေတဲ့ မအလ ဘာတွေ လုပ်နိုင်စွမ်း ရှိမလဲဆိုတာ ကြည့်ရအောင် ပါ။ရှေ့ကိုရောက်နေတဲ့ စစ်ရေးမျက်နှာစာ ကို အရင်ကြည့်ကြရအောင် ။ မန္တလေး မတ္တရာနဲ့ တကောင်းထီးချိုင့်ဘက်တွေမှာ ထိုးစစ်ဆင်ပြီး အောင်ပွဲတစ်ချို့ ရတာကလွဲရင် မအလစစ်အုပ်စုမှာ ပြစရာအောင်ပွဲ ကြီးကြီးမားမားမရှိပါဘူး။တစ်ချို့က ရုရှ၊တရုတ်တို့ရဲ့ ထောက်ခံမှုနဲ့ မအလစစ်အုပ်စု ဟာ သာလွန်စစ်အင်အား၊အနိုင်ကျင့်ဆင့်ခေါ်ထားတဲ့ လူငယ်တွေ ရဲ့အသက်တွေကို ကျည်ဆံလုပ်၊ အနိုင်ယူတော့မလို ပြောနေရေးနေကြပါတယ်။ သာလွန်စစ်အင်အားရှိတိုင်း နိုင်ကြေးဆိုရင် အမေရိ ကန်ဟာ ဗီယက်နမ်မှာစစ်ရှုံးမှာမဟုတ်သလို အာဖဂန်နစ္စတန်မှာလည်း စစ်ရှုံးမှာမဟုတ်ပါဘူး။

 

လူထုရဲ့ရွံရှာစက်ဆုပ်မှုခံနေရသလို စိတ်ဓါတ်၊ စည်းကမ်း၊ကျင့်ဝတ်၊ခံယူချက် သွက်ချာပါဒ လိုက် နေတဲ့ မအလစစ်တပ်က အောင်ပွဲခံမယ်လို့ ပြောနေတာက ရေမရှိပဲ ငါးမွေးဖို့ ကြံနေတာနဲ့ အတူ တူပါပဲ။စစ်ရေးမျက်နှာစာက ရှေ့ရောက်နေပေမယ့် မအလ သမ္မတလုပ်မယ့် အစိုးရ တက်လာရင် အဓိက စောင့်ကြည့်ရမှာက စီးပွားရေးမျက်နှာစာပါ။တိုင်းပြည်စီးပွားရေးက ပွက်ပွက်ဆူမယ့် ရေဆူမှတ်နား ရောက်နေပါပြီ။တစ်ချို့နေရာတွေမှာ ပလုံစီကလေးတွေ စတက်နေတာတောင်မြင်လာနေရပါပြီ။

 

ကျားဖြန့်ကိစ္စက မအလစစ်အုပ်စု ကို နိုင်ငံရေးအရကိုင်လှုပ်လိုက်သလို အီရန်စစ်ပွဲရဲ့ လောင်စာဆီ အကျပ် အတည်းဟာ မအလစစ်အုပ်စုကို စီးပွားရေးအရ ကိုင်လှုပ်ခဲ့ပါတယ်။ကြိုးပဲပြတ်ကျမလား ကြမ်းပဲကျွံကျမလား စိုးရိမ်နေရတဲ့ ကြိုးတံတားလို ဖြစ်‌နေတဲ့ တိုင်းပြည်စီးပွားရေးဟာ မုန်တိုင်းထဲ ရောက်နေပါပြီ။စီးပွားရေး ဖိစီးမှုအောက်မှာ နှာခေါင်းပေါ်ရုံအသက်မနည်းလုရှုနေရတဲ့ တောင်သူတွေ လယ်သမားတွေဟာ လုံးဝနစ်မြှပ်တော့ မလိုခံစားနေရပြီး ခံပြင်းဒေါသနဲ့ ပေါက်ကွဲနေကြပါပြီ။


အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စုလွှတ်တော်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ဧပြီ ၃ ရက်မှာ မဲပေးရွေးချယ်ခဲ့ပါတယ်။
အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စုလွှတ်တော်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ဧပြီ ၃ ရက်မှာ မဲပေးရွေးချယ်ခဲ့ပါတယ်။

တိုင်းပြည်ထဲ ဝင်လာသမျှ ဒေါ်လာတွေကို မတရားစျေးနှိမ်သတ်မှတ် အညွှန့်ခူးစစ်စရိတ်လုပ်နေမှ တော့ တိုင်းပြည်ရဲ့ ပြည်ပပို့ကုန်တိုးတက်ရေးဆိုတာ ရေမှာ အရုပ်ရေးတာနဲ့ အတူတူပါပဲ။စျေးတက်တယ်ဆိုတာ မူဝါဒလွဲချော်၊စီမံခန့်ခွဲမှုညံ့ဖျင်းလို့ဖြစ်တာကို ရွှေလုပ်ငန်းရှင်တွေ ဒေါ်လာအရောင်း အဝယ်သမားတွေ လိုက် ဖမ်းရုံနဲ့တော့ အကျပ်အတည်း ပိုနက်ရှိုင်း လာရုံကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ဒီလိုစရိုက်ဆန်တဲ့ သမ္မတ မအလ အုပ်ချုပ်မှု အောက်မှာ နိုင်ငံခြားရင်းနှီး မြှပ်နှံမှု ဝင်လာလေမလား မျှော်လင့်ခိုင်းတာက ကလေးတွေကို လပေါ်ကအဖိုးအိုဆီက ထမင်းဆီဆမ်း တောင်းပေးမယ်လို့ ပြောတာနဲ့အတူတူပါပဲ။

 

တစ်ချို့ကျတော့လည်း လူထုခေါင်းဆောင် ၊ တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်တို့ ကိုလွှတ်လေမလား မဝင့်မရဲ မျှော်လင့်နေကြပါတယ်။ သစ္စာတော်ခံ ဒေါ် သက်သက်ခိုင်ကိုတောင် နိုင်ငံရေးအရ နင်းခြေခဲ့တာ ကြည့်လိုက်ရင် ဒီလိုလုပ်နိုင်ဖို့ မရှိဘူး ဆိုတာ အရှင်းကြီးပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ NCA ကိုအပြင်ပမ်း ခမ်းခမ်းနားနား ၊အတွင်း အနှစ်သာရ မရှိကျင်းပပြီး ဟန်ပြစတိ သဘောကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် တွေတိုင့်းရင်းသားတွေ အတွက်ပေး လေမလားမျှော်လင့်ကြတာရှိပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးချုပ် တွေကို မအလတစ် ယောက်တည့်း သဘောနဲ့ရွေးခဲ့တာကို ကြည့်ရင် ဒါကလည်းမဖြစ်နိုင်တဲ့အိပ်မက် ဆိုတာ ပေါ်လွင်ပါတယ်။

 

တစ်ချို့ကလည်း စစ်အုပ်စုက အပေးအယူညှိ့နှိုင်းဖို့ ကြိုးစားပါလျက် ဒေါ်အောင်ဆန်းစုကြည်က တစ်ဖက်သတ်ခေါင်းမာလို့ တိုင်းပြည်ဟာ လမ်းပျောက်ခဲ့ရသလိုလို စစ်အုပ်စုဘက် ကနေကာကွယ်၊ ရပ်တည်ပြောကြပါသေးတယ်။ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု၊ကုက္ကိုင်းယာဥ်တန်း ရိုက်နှက်အကြမ်း ဖက်မှု၊ နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှအခြေတည်မခံ၊ အမြစ်နှုတ်ချေမှုန်းနေတာ ကို မြင်တွေ့ သိနေ ပါလျက်တရားခံရှာရာမှာ စစ်အုပ်စုကိုမမြင်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပဲမြင်တယ်ဆိုတော့ ဆရာတို့ရေ သိက္ခာလေး ဘာလေး တို့လည်း ထားကြပါဦး။

 

တည်ဆဲဥပဒေဆိုတာကို  ရေမန်းရွတ်သလို တဖွဖွရွတ်နေတဲ့ စစ်အုပ်စုဟာ ၂၀၀၈ခြေဥအရ" ရွေး ကောက်ပွဲနဲ့ ပက်သက်ရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်" ဆိုတာ သိပါလျက် လွတ်လပ်မျှတမှုမရှိဘူးလို့ လုပ်ပိုင်ခွင့်မရှိ၊ဥပဒေမဲ့ ပြောဆို အာဏာသိမ်းမှုက နိုင်ငံတော် ပုန်ကန်မှူမြောက်တာကို မသိမမြင်ချင်ယောင်ဆောင်နေတာက လူထုရဲ့အချုပ်အခြာအာဏာ ပိုင်ခွင့်အပေါ် မထေမဲ့မြင်ပြုစော်ကားတာပါ။သမ္မတကို လွှတ်တော်မှာစွပ်စွဲပြစ်တင် လုပ်ငန်းစဥ်နည်းလမ်း နဲ့ ပဲဖြုတ်ချနိုင်တာကို သိသိကြီးနဲ့ဖမ်းဆီး၊ဒုသမ္မတကို သမ္မတတက်လုပ်ခိုင်းတယ်ဆိုတာက ပေါ်တင်ကြီးအာဏါလုတာပါ။

 

အာဏာသိမ်းတဲ့အပေါ်  ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြတဲ့ လူထုကြီးကို ရက်ရက်စက်စက် ဖြိုခွဲ သတ်ဖြတ်တဲ့အတွက် လူထုလက်နက်ကိုင် တော်လှမ်းရေးကြီး ထွက်ပေါ်လာတော့ အကြမ်းဖက်သမားတွေတဲ့။ဒီနေ့ဖမ်းနောက်နေ့ အလောင်းပို့၊ နောက်ပိုင်းရုပ် အလောင်းလိုချင် ငွေပေးရွေးဆိုတာတွေ က မေတ္တာကမဌာန်းစီးဖြန်းနေသလို ပုံဖမ်းနေသေးတယ်။ NUG နဲ့ PDF တွေကပဲလက်နက်ကိုင် တော်လှန်ရေးမှတပါးအခြားမရှိလို့ပဲ ခံယူနေသလိုလို။


သမ္မတလုပ်ဖို့ ကြံရွယ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံ မတ်လ၃၀ရက်နေ့မှာ တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။
သမ္မတလုပ်ဖို့ ကြံရွယ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ ကာကွယ်ရေးဦးစီးချုပ် ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံ မတ်လ၃၀ရက်နေ့မှာ တရားဝင်လွှဲပြောင်းပေးခဲ့ပါတယ်။

 တစ်ချို့ကလည်း စစ်ပွဲဆက်ရှည်ကြာနေရင် တိုင်းပြည်နဲ့လူထုပဲ နစ်နာဆုံးရှုံးလိမ့်မယ်လို့ စိုးရိမ် သောကရောက်ကြပါတယ်။မှန်ပါတယ် တိုင်းပြည်ရဲ့ အကျပ်အတည်းကို နိုင်ငံရေးအရ ဆွေးနွေး ဖြေရှင်းနိုင်ရင် အကောင်းဆုံးပါ။ဒါပေမဲ့ အကောင်းဆုံးနည်းလမ်းဆိုတာကလည်း လက်တွေ့ ဖြစ်နိုင်ဖို့လဲ လိုပါသေးတယ်။ မအလကိုယ်တိုင် လက်မှတ်ထိုးခဲ့တဲ့ အာဆီယံဘုံ သဘောတူချက် ငါးချက်မှာပါတဲ့ အင်အားစုအားလုံးပါဝင်ရေးဆိုတဲ့မူဟာ အခြေခံကျပေမယ့် လိုသလို အတိုး အဆုတ်လုပ်နိုင်လို့  နိုင်ငံရေးနည်းလမ်းကို ကျင့်သုံးနိုင်မယ့် အကောင်းဆုံးချဥ်းကပ်ပုံပါ။ အာဆီယံရဲ့ ထောက်ခံမှုရခဲ့ရင် တစ်ကမ္ဘာလုံးရဲ့ ထောက်ခံမှုကိုရမှာ သိသိကြီးနဲ့ မလုပ်တာကိုကြည့်ရင် စစ်အုပ်စုက စစ်မှန်တဲ့နိုင်ငံရေးအရဆွေးနွေးမှု ကို မလိုလားဘူး ဆိုတာ နောက်ထပ် သက်သေပြစ ရာမလိုတော့ပါဘူး။

 

လက်ရှိမှာ NUGအပေါ်ထိုးနှက်မှု ပြင်းထန်လာတဲ့ကိစ္စကိုလည်း ဆွေးနွေးချင်ပါတယ်။ကိုယ်တိုင် လည်း NUG အပေါ်အားမလို အားမရဖြစ်ရတာတွေရှိပါတယ်။ NUG မှာအားနည်းချက်တွေ ရှိ နေတာကလည့်း အမှန်ပါ။ ဒါပေမယ့် NUG ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လူထုလွှဲအပ်လိုက်တဲ့ အချုပ်အခြာအာဏါကို ကိုယ်စားပြုပြီး ခေါင်းဆောင်မှုနေရာရလာတယ်ဆိုတာ သတိပြုဖို့လိုအပ် ပါတယ်။ ဒီလိုပြောလို့ NUG ဟာ လူထုတော်လှန်းရေးအောင်ပွဲခံတဲ့အထိ တစ်ဖွဲ့တည်း ဆက်ဦးဆောင်ရမယ်လို့ မဆိုလိုပါဘူး။

 

မကြာခင်ကဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကော်မတီ ( SCEF)ကလည်းသူတို့တပ်ပေါင်းစုက ကျန်တော်လှန်ရေး အင်အားစုများနဲ့ ပါညှိ့နှိုင်းပြီး အသွင် ကူးပြောင်းရေးကာလအစိုးရတစ်ရပ်ဖွဲ့စည်းရေးကိုကြိုးပမ်းမယ် ဆိုထားတဲ့ အတွက်NUG ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ဆန္ဒလိုလားချက်တွေအပေါ်လေးစားလိုက်နာမှာ ကကတိက ဝတ်ဖြစ်နေပါပြီ ။ လွှတ်တော်ကိုယ်စားပြုကော်မ တီ( CRPH) အနေနဲ့လည်း ကျန်တော်လှန်ရေး အင်အားစုတွေနဲ့အတူ အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ဖွဲ့စည်းရေးမှာ ပူးပေါင်း ပါဝင်မယ်ဆိုတာကို တိတိကျကျကတိပြုရမယ့် အချိန်ရောက်နေပါပြီ။

 

စစ်အုပ်စုက အာဏာသိမ်းလိုက်တဲ့ အပေါ်တိုင်းပြည်အနှံ့ အပြားမှာ လူထုက ရရာလက်နက်စွဲ ကိုင်တော်လှန်ရတဲ့အတွက် NUG အစိုးရလက်အောက်က တော်လှန်ရေးတပ်ဖွဲ့တွေဟာ တကွဲတပြားနယ်ပယ်တွေမှာ အလျဥ်းသင့်သလိုစီမံရတဲ့အတွက် ဗိုလ်နဂါးလိုပြဿနာတွေဟာ ရှောင်လွှဲလို့မရပါဘူး။ အနည်းအများပဲရှိမှာပါ။ ဒီလိုပြောလို့ NUG မှာအားနည်းချက် မရှိဘူး မဟုတ်ပါဘူး၊ ရှိပါတယ်။ဒါပေမယ့်မျှော့်လင့်ချက်မရှိတော့တဲ့ အဖွဲ့အစည်းလို ဝေဖန်ထှိးနှက်နေတာကတော့ အပြုသဘောဆောင်တဲ့ ကိစ္စမဟုတ်ပါဘူး။

 

လုထုတော်လှန်ရေးရဲ့လိုအပ်ချက်ဟာ မတူကွဲပြားမှုတွေကို စိတ်ရှည်သီးခံ ဆွေးနွေးပြီးကျစ်လစ် ခိုင်မာမှုကို ဖေါ်ဆောင်ဖို့ပါ။မတူကွဲပြားမှုကိုထိုးနှက်စရာအဖြစ်အသုံးချပြီး ထင်ရာစိုင်း အဖွဲ့ငယ် တွေ ဖွဲ့စည်းဖို့မဟုတ်ပါဘူး။ NUG အနေနဲ့လည်း ကျန်တော်လှန်ရေးအင်အားစုတွေနဲ့တန်းတူရည်တူ ဆွေးနွေးပြီး ကျယ်ပြန့်တဲ့မဟာမိတ်အင်အားစုကို ထူထောင်နိုင်ဖို့ကြိုးပမ်းရမှာပါ။

 

မြင်ကွင်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်ရအောင်ပါ။သမ္မတ အတု မအလ အစိုးရတာဝန်လွှဲယူ အပြီး ဘာတွေဖြစ်လာမလဲ။ သူတို့သေမတတ် တောင့်တနေတဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို ရလာစရာ အကြောင်းမရှိပါဘူး။အာဆီယံနဲ့ကုလသမဂ္ဂတို့ကအသိအမှတ်မပြုတာက ဒီအလား အလာ ကို ပေါ်လွင်စေပါတယ်။ဆုံရှုံးနယ်မြေတွေ ပြန်လည်စိုးမိုးရေးခေါင်းစဥ် အောက်မှာ မအောင် မြင်တဲ့ စစ်ဆင် ရေးတွေကို လူအင်အား၊လေကြောင်းအင်အားနဲ့ ဆောင်ရွက်ပါလိမ့်မယ်။ အပေါ်ယံ ငြိမ်းချမ်းရေး လုပ်ငန်း တွေကိုတော်လှန်ရေးအင်အားစုတွေကြားသပ်လျှို သွေးခွဲဖို့ ကြိုးစားပါ လိမ့်မယ်၊မွေးလျှော ကြိုးပမ်းမှုပဲဖြစ်လာမှာ ပါ။တရုတ်နဲ့ရုရှကိုအားပြုပြီး နိုင်ငံတကာ ရဲ့အသိ အမှတ်ပြုမှုရရှိရေးကိုကြိုးစားပါလိမ့်မယ်။အရွေ့သုညဖြစ်မယ့်ကြိုးပမ်းမှုပါ။


 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  ၂၀ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ ကလူတွေကို ဖမ်းဆီး အာဏာလုယူခဲ့ပြီးနောက် ၅နှစ်အကြာမှာ သူလိုချင်နေတဲ့ သမ္မတရာထူး ကို အကွက်ကျကျရယူခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအဖွဲ့ ကလူတွေကို ဖမ်းဆီး အာဏာလုယူခဲ့ပြီးနောက် ၅နှစ်အကြာမှာ သူလိုချင်နေတဲ့ သမ္မတရာထူး ကို အကွက်ကျကျရယူခဲ့ပါတယ်။

 သမ္မတ အတု မအလအစိုးရ ကို မုန်တိုင်ကြားရောက်သွားသလို အလူးလူး အလိမ့်လိမ့် ဖြစ်စေမှာ က တော့ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေပါ။ လက်ရှိအကျပ်အတည်းက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုဖြစ်နေတာမိုလို့ လက်ပူတိုက် တစ်ပွဲထိုးနည်းလမ်းတွေက ဘယ်လိုမှ အလုပ် မဖြစ်နိုင်ပါဘူး။တိုင်းပြည်စီးပွားရေး ပုံမှန်လည်ပတ်နိုင်ဖို့ သွင်းကုန်လိုင်စင်ထုတ် မပေးလို့ မရတော့ တဲ့ အချိန်မှာတစ်ဖက်မှာလည်း ဒီလိုထုတ်ပေးခဲ့ရင် ဒေါ်လာစျေးမြောက်ပြီး ငွေကြေးဖောင်းပွနှုန်းက ပိုဆိုးလာမှာပါ။ လောင်စာဆီစျေး နှုန်းကြောင့်ပြည်သူတွေရဲ့သက်ရှင်ရပ်တည်ရေးဟာပို ခက်ခဲလာ ပြီး မကျေလည်မှုတွေတိုးပွားလာမှာပါ။သမ္မတ အတု မအလအစိုးရက ပိုပြင်းထန်တဲ့ဖိနှိပ်မှုတွေ ကျင့် သုံးပြီး အာဏာဆက်လက်ဆုပ်ကိုင်နိုင်ဖို့ကြိုးပမ်းမှာပါ။ ဒီကြိုးပမ်းမှု ကလည်းအောင်မြင်မှာ မဟုတ်ပါဘူး။ ရုန်းကန်တိုးထွက်လာတဲ့လူထုခံပြင်း ဒေါသကို ပြေငြိမ်း စေမယ့် အတွေးအခေါ် လုပ် ရည်ကိုင်ရည် က မအလ ဆီမှာ မရှိပါဘူး၊လုံးဝမရှိပါဘူး။ 

 

ရိုးရိုးသားသား ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်း လမ်းမျှော်လင့်နေတဲ့ အင်အားစုတွေကို ပြောပါရစေ။ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေကို နေ့စဥ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲသတ်ဖြတ်နေတဲ့ မအလက ဘယ်လိုလုပ် နိုင်ငံရေးနည်းလမ်းကို ယုံကြည်မှာလဲ။ တိုင်းပြည် ရဲ့စီးပွားရေးအခွင့် အလမ်းတွေကိုသူ့သားသမီးတွေနဲ့ သူ့လက်ဝေခံတွေလက်ထဲထိုးအပ်နေတဲ့ မအလ က လူထုအကျိုးစီးပွားကိုဘယ်လိုလုပ် ခေါင်းထဲရှိမှာလဲ။

 

တိုင်းပြည်အနာဂတ်အတွက် 'သမ္မတ အတု မအလ အစိုးရပြုတ်ကျပြီး စစ်အာဏာရှင် စနစ်ချုပ် ငြိမ်းရေး' မှတပါး အခြားမရှိပါ။

 

လင်းယုန်နက်

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page