“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ လေလား ဓါးခုတ်ရာလက်လျှို ၊ ဓါးထိုးရာ ဗိုက်ခံပေးမယ့် အဖွဲ့လား”
- BVJ

- 22 hours ago
- 2 min read

နိုင်ငံရေးအရ ထိရောက်တဲ့ အကြံအဥာဏ်ပေးနိုင်တဲ့ အခွင့်အလမ်း ဦးကိုကိုကြီးဆီမှာ မရှိပါဘူး။ ဦးကိုကိုကြီးဆီမှာ မရှိသလို ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ တစ်ဖွဲ့လုံးမှာလည်း မရှိပါဘူး။
ပြည်ထောင်စုအတိုင်ပင်ကောင်စီရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုတာဟာ ရွေးကောက်တင်မြှောက်ခံသမ္မတပုံစံ ဖမ်းထားတဲ့ မအလ အပေါ်မူတည်နေပါတယ်။ မအလက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ တင်ပြချက်တွေအပေါ် အာရုံပြုနားထောင်စဥ်းစားပေးတယ်ဆိုရင်တော့ ဒီအဖွဲ့အစည်းက တစ်စုံတစ်ရာအဓိပ္ပယ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ မအလက အတိုင်ပင်ခံ ကောင်စီရဲ့ တင်ပြချက်တွေကို လျစ်လျှူရူချောင်ထိုးထားခဲ့ရင်တော့ “ဓါးခုတ်ရာလက်လျှို၊ ဓါးထိုးရာဗိုက်ခံ” ပေးရတဲ့ အဖွဲ့အစည်းပဲ ဖြစ်မှာပါ။
ဒီတော့ မအလဟာ” ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ”ရဲ့ တင်ပြချက်တွေအပေါ် အမှန်တကယ် လေ့လာသုံးသပ်ချင်စိတ်ရှိတဲ့ ပုဂ္ဂိုလ်လား။ ဒီအဖြေရဖို့ ရှည်ရှည်ဝေးဝေး အတိတ်သမိုင်းကို ပြန်ကြည့်စရာမလိုပါဘူး။ပူပူနွေးနွေးဖြစ်ရပ်ကလေးတစ်ခုကို ကြည့်လိုက်ရင်ကို ငြင်းစရာမလိုအောင် ပီသတဲ့ အဖြေကထွက်နေပါပြီ။
လွှတ်တော်နာယကဆိုတာ လွှတ်တော်ရဲ့ အကြီးအကဲပါ။ ကမ္ဘာမှာပဲဖြစ်ဖြစ် မြန်မာမှာပဲဖြစ်ဖြစ် သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ လွှတ်တော်မှာ တင်ပြရှင်းလင်းမှုတွေ ဆောင်ရွက်တဲ့အခါ လွှတ်တော်နာယက ကို အရိုအ သေပေးပြီး ဆောင်ရွက်ကြရတာပါ။ အမေရိကန်သမ္မတွေ ကွန်ဂရက်မှာ တိုင်းပြည်ရဲ့ အခြေပြမိန့်ခွန်းတက်ရောက် ပြောကြားတဲ့အခါ လွှတ်တော်နာယက အပါအဝင် လွှတ်တော်တာဝန်ရှိတဲ့သူတွေက “လွှတ်တော်ကိုယ်စားပြုမှုသင်္ကေတ” ကို ဖော်ဆောင်တဲ့ အမြင့်မားဆုံးသော ထိုင်ခုံနေရာမှာထိုင်ကြပြီး၊ အခမ်းအနားရဲ့ အကြီးအကဲတာဝန်ကို ယူကြရပါတယ်။ သမ္မတက သတ်မှတ်မိန့်ခွန်းပြောစင်မှာပဲ မတ်တတ်ရပ်ပြီးပြောကြရတာပါ။၂၀၁၀နောက်ပိုင်း ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ မြန်မာ့လွှတ်တော်တွေမှာလည်း ဒီလုပ်ထုံးလုပ်နည်း သဘောကိုပဲ ကျင့်သုံးခဲ့ကြတာပါ။
မလုပ်ရဲတာမရှိဘူးလို့ ကြွေးကြော်ထားတဲ့ မအလက လွှတ်တော်မှာ သူစကားပြောနေစဥ် ၊ လွှတ်တော်နာယကို သူ့ထက်နိမ့်တဲ့နေရာမှာ ကျန်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ တစ်ထန်းထဲ ထိုင်ခိုင်းလိုက်တာကတော့ အံ့သြစရာမဟုတ်ပေမယ့် သူရဲ့အတ္တမာနက ဘယ်လောက်အထိ အောက်ခြေလွတ် အဓိပ္ပယ်မဲ့နေတာကို “ရှင်းရှင်းကြီး”ဖေါ် ပြနေပါတယ်။ မအလက သူ့ရဲ့ အတ္တမာနကိုသာ ရှေ့တန်းတင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အနှစ်သာရ သဘောအရ အစဥ်အလာ သတ်မှတ်ကျင့်သုံးခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေကို စွန့်ပစ်ချောင်ထိုးလိုက်တာပါ။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လုပ်ပိုင်ခွင့်တွေ တိတိကျကျ သတ်မှတ်ပြဌာန်းထားခြင်း မရှိတဲ့ “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ”ရဲ့ အကြံပြုချက်တွေအပေါ် မအလက တစ်လေး တစ်စားနား ထောင်မယ်လို့ တွေးထင်နေရင်တော့ ဦးနှောက်ပါမလာလို့ပဲ ဖြစ်မှာပါ။

ဒီဖြစ်ရပ်အပေါ် အတွင်းသဘောအထိ နက်နက်ရှိုင်ရှိုင်းတွေးကြည့်လိုက်ရင် မအလရဲ့ အကျင့် စရိုက်ကို မြင်ရမှာပါ။ မအလဟာ သူ့ကိုယ်သူသာ ဗဟိုပြုစဥ်းစားပြီး ကျန်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း တွေအပေါ် လေးစားအသိအမှတ်ပြုမှုမရှိဘူးဆိုတာကို ဒီဖြစ်ရပ်က ပြတ်ပြတ်သားသား ဖေါ် ပြနေပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးအပေါ် အကြံပြုရမယ့် တာဝန်ကိုလက်ခံပြီး ပြည်ထောင်စု အတိုင်ပင်ခံကောင်စီမှာ ပါဝင်ကြတဲ့ လူပုဂ္ဂိုလ်အပေါ် ဘယ်လိုနားလည်မှုပေးရမလဲ မသိတော့ပါဘူး။ ဥက္ကဌအပါအဝင် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီမှာ ပါဝင်ကြတဲ့ ပုဂ္ဂိုလ်(၁၁)ဦးမှာ စစ်တပ်အင်အားစုက လာတဲ့ပုဂ္ဂိုလ်တွေကိုတော့ ရှင်းနေပြီးသားကိစ္စဖြစ်လို့ ထူးထွေပြောမနေတော့ပါဘူး။ဒီမိုကရေစီလှုပ်ရှားမှုထဲက လာတဲ့ ဦးကိုကိုကြီးနဲ့ ဒေါ်ချိုချိုကျော်ငြိမ်း ကိုတော့ ပြောဖို့လိုပါလိမ့်မယ်။ ဒီမိုကရေစီကို အလေးအမြတ်ပြုပါတယ်ဆိုတဲ့ ဒီပုဂ္ဂိုလ်တွေက ဘာလို့များပါဝင်ကြပါလိမ့်။
မအလက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ သတ်မှတ်ပြဌာန်းချက်ကို ချိုးဖောက်ပြီး အာဏာသိမ်း ခဲ့တယ်ဆိုတာ ဒီပုဂ္ဂိုလ်နှစ်ဦး မသိစရာတော့မရှိပါဘူး။ အထူးသဖြင့် ဦးကိုကိုကြီးပါ။ ဒေါ်ချိုချိုကျော်ငြိမ်းကတော့ နိုင်ငံရေးနယ်ပယ်ထဲမှာ ထဲထဲဝင်ဝင်လှုပ်လှုပ်ရှားရှား လုပ်နေတဲ့သူတော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဖက် ဦးကျော်ငြိမ်းရဲ့ သမီးဆိုတာလောက်ပဲ ရှိတာပါ။ တိုင်းပြည်လွတ်လပ်ရေးကို ဦးဆောင် ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ မျိုးဆက်တွေဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ချိုချိုကျော်ငြိမ်း ကြားက နိုင်ငံရေးအဆင့်ကွာဟချက်က မိုးနဲ့မြေလို့ပဲ ပြောရမှာပါ။ ဒီတော့ သူ့ကိုယ်သူ နိုင်ငံရေးသတ္တဝါလို့ ခံယူထားတဲ့ ဦးကိုကိုကြီးကိုပဲ သုံးသပ်ရတော့မှာပါ။
ပုဂ္ဂိုလ်ရေးသဘောအရ သုံးသပ်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးရပ်တည်မှုအရ သုံးသပ်မှာပါ။ ရွေးကောက်တင် မြှောက်ခံ သမ္မတဆိုပြီး မအလက တိုင်းပြည်အကျိုးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်လိုစိတ် ၊ ဆောင် ရွက်နိုင်စွမ်း ရှိတယ်လို့ ဦးကိုကိုကြီး ယုံကြည်မျှော်လင့်နေပါသလား။ ဒီလိုတော့ ဘယ်မျှော်လင့်ပါ့မလဲ။ နိုင်ငံရေးဘောင်ကို တိုးချဲ့သင့်သလောက် တိုးချဲ့နိုင်မှာပေါ့”လို့ ပဲ ပြောမှာပါ။ ဒါက မီဒီယာတွေမှာ ဦးကိုကိုကြီး အစဥ်အဆက်ပြောလာတဲ့ ရပ်တည်ချက်ပါ။

လက်တွေ့သဘောမှာ ဦးကိုကိုကြီးအနေနဲ့ ဒီလိုလုပ်ပိုင်ခွင့် ဘယ်လောက်အတိုင်းအတာ လောက်အထိရှိနိုင်သလဲ ။ ဥက္ကဌအပါအဝင် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်(၁၁)ဦးမှာ နိုင်ငံရေးနယ်ပယ်က လာတာဆိုလို့ ဦးကိုကိုကြီးနဲ့ ဒေါ်ချိုချိုကျော်ငြိမ်းပဲ ရှိတာပါ။ မန်းငြိမ်းမောင်ကတော့ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်လို့ မသတ်မှတ်နိုင်တာ ကြာလှပါပြီ။ ဒေါ်ချိုချိုကျော်ငြိမ်းဆိုတာကလည်း စောစောကပြောသလို ဦးကျော်ငြိမ်းသမီး ဆိုတာထက်မပိုတော့ ဦးကိုကိုကြီးအနေနဲ့ သမ္မတဆိုတဲ့ မအလကို ခဏဖယ်ထားလိုက်ဦး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ထဲမှာတောင် တင်ပြမယ့် သူ့အကြံဥာဏ်တွေနဲ့ပတ်သက်ပြီး ဥက္ကဌအပါအဝင် ကျန်အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုရဖို့က “ခါချဥ်ကောင်ကြီး မာန်ကြီး”ဆိုတဲ့ အနေအထားလောက်ပဲ ရှိတာပါ။
နိုင်ငံရေးအရ ဦးကိုကိုကြီး အမှန်တကယ်အကြံပြုနိုင်တဲ့ အခွင့်အလမ်းဘယ်လောက်ရှိသလဲ။ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုရာမှာ မအလပြောခဲ့တဲ့ မိန့်ခွန်းထဲက အချက်နှစ်ချက်ကိုပဲ ကိုးကားသုံးသပ်ပါ့မယ်။ မအလက အာဆီယံအဖွဲ့နဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုထားပါတယ်။ အာဆီယံ ဘုံသဘောတူချက်ငါးရပ်ကို ကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ မအလက “အင်အားစုအားလုံးပါဝင်ရေး” ဆိုတဲ့ အခြေခံမှုအပေါ် ခါးခါးတူးတူး ငြင်းပယ်နေချိန်မှာ အာဆီယံနဲ့ဆက်ဆံရေးကောင်းနိုင်မယ့် အခွင့်အလမ်းဘယ်လို လုပ်ရှိနိုင်ပါမလဲ။ တစ်ဆက်တည်းပြောရရင် မအလက မိန့်ခွန်းမှာ “ထိုက်သင့်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်” ကို စဥ်းစားဆောင်ရွက်ပေးသွားမယ် ဆိုတဲ့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဦးတည်စေမယ့် “တိုင်းပြည်ရဲ့ နိုင်ငံရေးအင်အားစုအားလုံး အပြန်အလှန် လေစားယုံကြည်မှုနဲ့ လွတ်လွတ်လပ်လပ် ၊ တန်းတူရည်တူဆွေးနွေးပွဲ”မျိုးနဲ့ အဝေးကြီးဝေး ၊ အကွာကြီးကွာ နေတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး။ ဒီလိုအခြေအနေမှာ ဦးကိုကိုကြီးအနေနဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ အခုလိုလားချက်ကို ကိုယ်စားပြုပြီး ပြောဆိုအကြံဥာဏ်ပေးဖို့ဆိုတာကတော့ အိပ်မက်ထဲမှာပဲ လုပ်လို့ရမှာပါ။

အဲ့ဒီမိန့်ခွန်းမှာ မအလပြောတဲ့ “နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာအကွယ်ကို ရဖို့ ၊ မှားယွင်း အပြစ်စီရင်တာ မခံရဖို့၊ ပြစ်မှုနဲ့ ပြစ်ဒဏ်မျှတဖို့ “ ... ဆိုပြီး ပြောသွားပါတယ်။ လူငယ်တွေကို တွေ့ရာနေရာမှာဖမ်းပြီး ဥပဒေမဲ့ အတင်းအကျပ် စစ်မှုထမ်းခိုင်းနေတဲ့ အခြေအနေမှာ ဥပဒေရဲ့ အကာအကွယ်ဆိုတာ ဘယ်မှာရှိပါ့မလဲ။ စျေးကွက်သဘောအရ တက်ချင်လို့ တက်နေတဲ့ ရွှေစျေးကို ယမယ်ရှာပြီး ရွှေအသင်းတာဝန်ရှိသူတွေ ဖမ်းခံနေရတဲ့အချိန်မှာ ဘယ်လိုလုပ် ဥပဒေရဲ့ အကာအကွယ်ဆိုတာ ရှိနိုင်ပါ့မလဲ။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်ခဲ့တာတွေ၊ ဒါတွေကိုပါ ထည့်စဥ်းစားလိုက်ရင် သမ္မတဆိုတဲ့ ‘မအလ’ ရဲ့ အုပ်ချုပ်မှုအောက်မှာ ဥပဒေအကြောင်းပြောတာက ရေမရှိတဲ့အရပ်မှာ ငါးဖမ်းဖို့ ကြိုးပမ်းတာနဲ့ အတူတူပါပဲ။
ဒီတော့ နိုင်ငံရေးအရ ထိရောက်တဲ့ အကြံအဥာဏ်ပေးနိုင်တဲ့ အခွင့်အလမ်း ဦးကိုကိုကြီးဆီမှာ မရှိပါဘူး။ ဦးကိုကိုကြီးဆီမှာ မရှိသလို ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ တစ်ဖွဲ့လုံးမှာလည်း မရှိပါဘူး။ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥက္ကဌ ဖြစ်တဲ့ ဦးစိုးဝင်း ကိုယ်တိုင်က မအလခိုင်းသလို လူပုံအလယ်မှာ မတ်တတ်ရပ်ခဲ့ရတာကိုကြည့်ရင် ပုံစပေါ်လာတော့မယ့် အနာဂတ်မြင်ကွင်းကို ခက်ခက်ခဲခဲ မှန်းဆကြည့်စရာမလိုတော့ပါဘူး။ပြည်ထောင်စု အတိုင်ပင်ခံကောင်စီအနေနဲ့ ရလာမယ့် ခံစားခွင့်တွေ ထိုင်ခံစားတာထက် မပိုနိုင်ပါဘူး။ ဒါတောင် မအလနဲ့ အဆင်ချောအောင် အကြံဥာဏ်ပေးနိုင်ဦးမှပါ။ အဆင်မချောဘူးဆိုရင် ဒေါ်သက်သက်ခိုင် လမ်းစဥ်ကို လိုက်ရမှာပါ။
နိုင်ငံနဲ့လူထုအတွက် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီက ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး ဆိုတာကို ပြည်သူလူထုက ဘဝဖြတ်သန်းမှုအရ သိနေပြီးသားပါ။ ဒါဆိုရင် ဦးကိုကိုကြီးက မသိနိုင်စရာ အကြောင်း ဘာမှမရှိပါဘူး။ ဒါဆိုရင် ဘာလို့များ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီမှာ ဦးကိုကိုကြီး ပါဝင်ရတာပါလိမ့်။ အဖြေကြိုထွက်ပြီးသား မေးခွန်းလို့ပဲ ပြောပါရစေ။ ဦးကိုကိုကြီး ဘယ်လိုသုံးသပ်မလဲဆိုတာ မသိနိုင်ပေမယ့် ပြည်သူလူထုပြောမယ့် စကားကိုတော့ သိနေပြီးသားပါ။
“ ဓါးခုတ်ရာလက်လျို၊ ဓါးထိုးရာဗိုက်ခံအဖွဲ့ “မှာ ဘာကြောင့် ပါဝင်ကြတယ်ဆိုတာကို ပြည်သူလူထုက သုံးသပ်ဆုံဖြတ်ပြီးသွားကြပါပြီ ။ ။
လင်းယုန်နက်




Comments