top of page

အီရန်စစ်ပွဲအတွင်း တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် အမေရိကန် စစ်ဘက်သုံးလေယာဉ် အစင်း ၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့

Writer: BVJ
BVJ
3 days ago
2 min read

နီသွင်/BVJ- ၈အောက်တိုဘာ၊၂၀၂၆


 အစ္စရေးနိုင်ငံ၊ ဘင်ဂူရီယွန်လေဆိပ်မှာ ရပ်ထားတဲ့ အမေရိကန်လေတပ် KC-135 Stratotanker ဝေဟင်လောင်စာဖြည့်လေယာဉ်နှစ်စင်း ကို စက်တင်ဘာ၃၀ရက်က တွေ့ရစဥ်
 အစ္စရေးနိုင်ငံ၊ ဘင်ဂူရီယွန်လေဆိပ်မှာ ရပ်ထားတဲ့ အမေရိကန်လေတပ် KC-135 Stratotanker ဝေဟင်လောင်စာဖြည့်လေယာဉ်နှစ်စင်း ကို စက်တင်ဘာ၃၀ရက်က တွေ့ရစဥ်

ဒီနှစ်အစောပိုင်းက ဝါရှင်တန်အစိုးရ စတင်ခဲ့တဲ့ အီရန်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူမှု "Operation Epic Fury" လှုပ်ရှားမှုအတွင်း တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေအပါအဝင် အမေရိကန် စစ်ဘက်သုံးလေယာဉ် အနည်းဆုံး ၈၁ စင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။


ဒီစာရင်းအင်းတွေကို တရားဥပဒေပြုလွှတ်တော်အတွက် ဘတ်ဂျက်ဆိုင်ရာ သုတေသနတွေကို လုပ်ဆောင်ပေးနေတဲ့ လွှတ်တော်ဘတ်ဂျက်ရုံး (CBO) က တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့အထိ စာရင်းတွေအရ အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်စစ်ပွဲကြောင့် အမေရိကန်လေယာဉ်တွေ ဆုံးရှုံးရမှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကနေ ၃ ဒသမ ၃ ဘီလီယံကြား ရှိတယ်လို့ ခန့်မှန်းထားပါတယ်။


ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ ဒီစစ်ပွဲရဲ့ ကုန်ကျစရိတ်တွေ တဖြည်းဖြည်း မြင့်မားလာနေကြောင်း ဒီတစ်ပတ် အစီရင်ခံစာက မီးမောင်းထိုးပြနေပါတယ်။စစ်ပွဲဖြစ်ပွားတဲ့ ပဋိပက္ခကာလဟာလည်း ရှစ်လထဲကို ရောက်ရှိလာပြီဖြစ်ပြီး ရေရှည်တည်တံ့မယ့် အပစ်အခတ်ရပ်စဲရေးရအောင် အခုထိ မလုပ်ဆောင်နိုင်သေးပါဘူး။


"စစ်ပွဲရဲ့ သဘောသဘာဝအရ စစ်တပ်အသေးစားလေးတွေရှိတဲ့ နိုင်ငံငယ်လေးတွေတောင်မှ ကမ္ဘာ့အကောင်းဆုံး စစ်တပ်တွေကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေနိုင်တယ်ဆိုတာကို ပြသနေပါတယ်" လို့ အစိုးရ အကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Killowen Group ရဲ့ ဥက္ကဋ္ဌနဲ့ ရေတပ်အရာရှိဟောင်း Harlan Ullman က ပြောပါတယ်။

အီရန်နိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ စခန်းတွေကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ရာမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့တယ်လို့ သူက အယ်လ်ဂျာဇီးယားကို ပြောကြားခဲ့ပါတယ်။

"အီရန်အတွက် တိုက်ခိုက်လို့ရမယ့် အမေရိကန် ပစ်မှတ်တွေ အများကြီးရှိပါတယ်။ ဒရုန်းအသေးစားလေးတစ်စင်းက အဓိကကျတဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတစ်ခုအပေါ် ဘာတွေလုပ်နိုင်တယ်ဆိုတာကို ခင်ဗျားတို့ စဉ်းစားကြည့်လို့ရပါတယ်။ ဒီပဋိက္ခအတွင်း ပင်လယ်ကွေ့နိုင်ငံတွေမှာ အဲဒီလို ဖြစ်ပျက်ခဲ့တာတွေကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်" လို့ Ullman က ရှင်းပြခဲ့ပါတယ်။


တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထိခိုက်ပျက်စီးခဲ့တဲ့ လေယာဉ်တွေထဲမှာ F-15E Strike Eagle တိုက်လေယာဉ် ၁၂ စင်း၊ F-35A Lightning II လေယာဉ် ၁ စင်းနဲ့ KC-135 Stratotanker လောင်စာဆီဖြည့်လေယာဉ် ၇ စင်းတို့ ပါဝင်ပါတယ်။ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ လေယာဉ် ၈၁ စင်းထဲမှာ ၄၅ စင်းကတော့ MQ-9 Reaper ဒရုန်းတွေ ဖြစ်ပါတယ်။


ပြောင်းလဲလာတဲ့ စစ်ပွဲရဲ့ သဘောသဘာဝ


Ullman လိုမျိုး ကျွမ်းကျင်သူတွေက အမေရိကန်ရဲ့ အားနည်းချက်အချို့ဟာ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပြီး ကုန်ကျစရိတ် သက်သာတဲ့ ဒရုန်းတွေကို ပိုမိုအားကိုးလာကြတဲ့ ခေတ်သစ်စစ်ပွဲတွေရဲ့ ပြောင်းလဲလာတဲ့ သဘောသဘာဝနဲ့ သက်ဆိုင်နေတယ်လို့ သုံးသပ်ကြပါတယ်။


ယူကရိန်းကို ရုရှားက တိုက်ခိုက်နေတဲ့ စစ်ပွဲကို ထောက်ပြကြပြီး၊ ယူကရိန်း နိုင်ငံလိုမျိုး အင်အားငယ်တဲ့ စစ်တပ်က အင်အားကြီးတဲ့ ရန်သူကို ဒရုန်းစစ်ဆင်ရေးတွေသုံးပြီး ဘယ်လိုနည်းနဲ့ ခုခံကာကွယ်နေလဲဆိုတဲ့ ဥပမာကို လူအများက ထောက်ပြကြပါတယ်။


အီရန်စစ်ပွဲကာလအတွင်း အမေရိကန် ပစ္စည်းကိရိယာတွေကို လက်ခံထားရှိခဲ့တဲ့ ဗြိတိသျှလေတပ်စခန်း RAF Fairford စခန်း ကို ဒရုန်းနဲ့ တိုက်ခိုက်လာနိုင်ခြေရှိတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် တနင်္ဂနွေနေ့က အမေရိကန်လေယာဉ် တစ်ဒါဇင်လောက် ရုတ်တရက် ထွက်ခွာသွားခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

အဲဒီလို ဖြစ်ရပ်တွေဟာ ဒရုန်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် အင်အားကြီးတဲ့ စစ်တပ်တွေအနေနဲ့ ခုခံကာကွယ်ရမယ့် အနေအထားကို ဘယ်လိုရောက်သွားစေလဲဆိုတဲ့ ဥပမာတွေပါပဲလို့ Ullman က ထောက်ပြခဲ့ပါတယ်။


"အီရန်တို့ရဲ့ တိုက်ခိုက်မှုကို စိုးရိမ်လို့ ဗြိတိန်ကနေ B-1 ဗုံးကြဲလေယာဉ်တွေကို အမေရိကန်က အခြားနေရာကို ရွှေ့ပြောင်းခဲ့ရတာကို ကျနော်တို့ မြင်ခဲ့ရပါတယ်။ ပြီးတော့ ရုရှားနိုင်ငံထဲကနေ ဒရုန်းအသေးစားတွေ လွှတ်ပြီး ရုရှားစစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို ပစ်မှတ်ထား ဖျက်ဆီးခဲ့တဲ့ ယူကရိန်းရဲ့ Operation Spiderweb စစ်ဆင်ရေးက ဘယ်လိုလုပ်ဆောင်ခဲ့တယ်ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်" လို့ Ullman က ဆိုပါတယ်။


စစ်ပွဲရဲ့ ကုန်ကျစရိတ်


အီရန်နဲ့စစ်ပွဲကြောင့် မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့အပေါ် နိုင်ငံရေးအရ ဖိအားတွေလည်း ရှိလာနေပါတယ်။


ဒီနှစ်အစောပိုင်းက သူ့ရဲ့အစိုးရအဖွဲ့ဟာ စစ်ပွဲရဲ့ လိုအပ်ချက်တွေကို အကြောင်းပြပြီး ၂၀၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် စံချိန်တင် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ တောင်းခံခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို ကုန်ကျစရိတ်တွေ မြင့်တက်လာတာက ကွန်ဂရက်လွှတ်တော်မှာ၊ အထူးသဖြင့် ဒီမိုကရက်တစ်ပါတီဝင်တွေဘက်က သံသယဝင်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။


ပြီးခဲ့တဲ့လက ဆီးနိတ်ဒီမိုကရက် ၄၅ ဦးနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ ဦးတို့ဟာ စစ်ပွဲရဲ့ ကုန်ကျစရိတ်တွေကို ပွင့်လင်းမြင်သာစွာ စာရင်းရှင်းပြဖို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth ဆီ ကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြပါတယ်။


ကွန်ဂရက်လွှတ်တော်အနေနဲ့ နောက်ထပ် ဖြည့်စွက်ရန်ပုံငွေတွေ မချပေးခင်မှာ ကုန်ကျစရိတ်တွေနဲ့ပတ်သက်တဲ့ "အသေးစိတ် အချက်အလက်တွေ" လိုအပ်တယ်လို့ သူတို့က တင်ပြခဲ့ကြပါတယ်။

"စစ်ပွဲရဲ့ ရလဒ်အနေနဲ့ အမေရိကန် ပြည်သူတွေဟာ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးတွေ မြင့်တက်မှုအတွက်တင် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ကို အိတ်စိုက် ပေးဆောင်ခဲ့ရပြီး၊ ကုန်စုံဆိုင်ကပစ္စည်းတွေ၊ အိမ်ချေးငွေတွေနဲ့ လေယာဉ်လက်မှတ်တွေလို အရာတွေအတွက်လည်း အနည်းဆုံး ဒေါ်လာ ဘီလီယံ ၆၀ ကျော် ထပ်ပြီး ပေးဆောင်နေရပါတယ်" လို့ ဆီးနိတ်အမတ်တွေက ရေးသားခဲ့ကြပါတယ်။


"အခုတော့ ကွန်ဂရက်လွှတ်တော်ကလည်း ခွင့်ပြုမပေးခဲ့ဘဲနဲ့ သမ္မတက မည်သည့် မဟာဗျူဟာအစီအစဉ်မှ မရှိဘဲ စတင်ခဲ့တဲ့ ဒီစစ်ပွဲအတွက် ပြည်သူတွေကို ထပ်ပြီး ငွေကြေးပေးဆောင်ခိုင်းဖို့ တောင်းဆိုနေပါပြီ" လို့ ဆိုပါတယ်။စက်တင်ဘာလက ထုတ်ပြန်ခဲ့တဲ့ သီးခြားအစီရင်ခံစာတစ်ခုမှာတော့ လွှတ်တော်ဘတ်ဂျက်ရုံးက အီရန်စစ်ပွဲအတွက် ဩဂုတ်လ ၁ ရက်နေ့အထိ ခန့်မှန်းခြေ ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၈ ဘီလီယံဝန်းကျင် ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။


အဲဒီပမာဏမှာ ကျည်ဆန်နဲ့ စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးခဲ့တဲ့ ပစ္စည်းကိရိယာတွေကို အစားထိုးရတဲ့ ကုန်ကျစရိတ်တွေအပြင် လောင်စာဆီဈေးနှုန်း မြင့်တက်မှုနဲ့ အခြား လုပ်ငန်းလည်ပတ်စရိတ်တွေ ပါဝင်ပါတယ်။"ပဋိပက္ခက နောက်ထပ်တစ်လ ထပ်ကြာသွားမယ်ဆိုရင် ဒေါ်လာ ၂ ဘီလီယံ ကုန်ကျမှာပါ" လို့ အဆိုပါရုံးက ဖော်ပြခဲ့ပါတယ်။


ဒါပေမဲ့လည်း "အကယ်၍ ပဋိပက္ခရဲ့ ပြင်းထန်မှုဟာ ဇူလိုင်လတုန်းက အခြေအနေအထိ မြင့်တက်လာမယ်ဆိုရင် တစ်လကို ကုန်ကျစရိတ်က ဒေါ်လာ ၃ ဘီလီယံအထိ တက်လာနိုင်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီတစ်ပတ်မှာ ဖော်ပြခဲ့တဲ့ ဆုံးရှုံးမှုတွေဟာ မျှော်မှန်းထားပြီးသားလား၊ ဒါနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနရဲ့ ဘတ်ဂျက်အပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတဲ့ အယ်လ်ဂျာဇီးယားရဲ့ မေးမြန်းမှုကို ပင်တဂွန်စစ်ဌာနချုပ်ကတော့ "ထပ်ပြီး ဖြည့်စွက်ပြောစရာ မရှိပါဘူး" လို့ တုံ့ပြန်ခဲ့ပါတယ်။


အများပြည်သူ့ သဘောထားစစ်တမ်းတွေအရ ဒီစစ်ပွဲဟာ အမေရိကန် မဲဆန္ဒရှင်တွေကြားမှာ ရေပန်းစားခြင်း မရှိဘူးဆိုတာကို ပြသနေပြီး၊ ကုန်ကျစရိတ်တွေ မြင့်တက်လာမှုအကြောင်း သတင်းတွေ ထွက်ပေါ်နေတာဟာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ကွန်ဂရက်လွှတ်တော်အပေါ် ထိန်းချုပ်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်မလားဆိုတာကို ဆုံးဖြတ်ပေးမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိမရှိဆိုတာကို လေ့လာသုံးသပ်သူတွေက စဉ်းစားနေကြပါတယ်။


ဒါပေမဲ့လည်း တနင်္လာနေ့ကလို အစီရင်ခံစာမျိုးတွေဟာ ရွေးကောက်ပွဲရဲ့ ရလဒ်အပေါ် အဆုံးအဖြတ်ပေးမယ့် အဓိကအချက် ဖြစ်လာမယ်လို့တော့ Ullman က မယုံကြည်ပါဘူး။


"ဒီအစီရင်ခံစာက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ သွားရာလမ်းကြောင်းကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်အများစုက၊ စစ်ပွဲကို ဆန့်ကျင်သူတွေတောင်မှ ဒါဟာ စစ်ဆင်ရေးတစ်ခုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထိခိုက်ပျက်စီးမှုတွေလို့ မြင်ကြလို့ပါပဲ" လို့ Ullman က ပြောကြားခဲ့ပါတယ်။


ခရက်ဒစ် - Al Jazeera


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page