သေဒဏ်ပေးမှုကနေအသက်ရှင်လွတ်မြောက်လာတဲ့ အမေရိကန်အကျဉ်းသူပြန်သတိရလာပြီး စကားပြောနိုင်ပြီ

နီသွင်/ BVJ_အောက်တိုဘာ ၇၊ ၂၀၂၆

အမေရိကန်ပြည်ထောင်စု၊ တန်နက်ဆီပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က အဆိပ်ဆေးထိုးသေဒဏ်ပေးခံရမှုကနေ မသေဘဲပြန်လည်လွတ်မြောက်လာတဲ့အကျဉ်းသူ ခရစ္စတာ ပိုက် (Christa Pike)ဟာ သတိပြန်ရလာပြီး စကားပြောနိုင်နေပြီလို့ သူ့ရဲ့ရှေ့နေတွေကပြောပါတယ်။
အသက် ၅၀ အရွယ်ပိုက်ဟာ ဆေးရုံမှာလက်ထိပ်ခတ်ခံထားရပြီး အရေးပေါ် ဆေးကုသမှုတွေကို ဆက်လက်ခံယူနေရဆဲဖြစ်တယ်လို့ ရှေ့နေတွေက အင်္ဂါနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။
၁၉၉၅ ခုနှစ်တုန်းက အဲဒီအချိန်ကရည်းစားဖြစ်သူနဲ့အတူ ကိုလင်း စလက်မာ (Colleen Slemmer)ဆိုတဲ့ မိန်းကလေးကိုသတ်ဖြတ်ခဲ့တာကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ပိုက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တန်နက်ဆီပြည်နယ်မှာအဆိပ်ဆေးထိုးပြီး သေဒဏ်ပေးဖို့နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့မှုကို အသက်ရှင်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
သူ့ကိုဆေးရုံခေါ်ဆောင်သွားပြီး ထိုးသွင်းလိုက်တဲ့ဓာတုပစ္စည်းတွေ ခန္ဓာကိုယ်ထဲကထွက်သွားတဲ့အထိ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ရက်ပေါင်းများစွာကြာအောင်သတိလစ်နေတဲ့သူ့ကို စောင့်ရှောက်ခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေနဲ့ သူ့ရဲ့ ရှေ့နေအဖွဲ့တို့ကတော့ အခုလို ပြန်လည်သက်သာလာတာဟာ သမိုင်းတလျှောက် တခါမှမကြုံဖူးသေးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ဆိုကြပါတယ်။
ပိုက်ဟာအဆိပ်ဆေးထိုးပြီး သေဒဏ်ပေးမှုကနေအသက်ရှင်လွတ်မြောက်ခဲ့တဲ့တစ်ဦးတည်းသောသူဖြစ်မယ်လို့ ယူဆရပါတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကတော့ သေသေချာချာမသိရသေးပေမဲ့ "အနည်းဆုံးတော့ သက်သာလာဖို့ အချိန်အများကြီးယူရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်"လို့ ရှေ့နေတွေကပြောပါတယ်။
ဖိုဒမ် ဥပဒေကျောင်းက ရာဇဝတ်မှုဆိုင်ရာပညာရှင်နဲ့ ပါမောက္ခဖြစ်သူ ဒီဘိုရာ ဒီနို (Deborah Denno)ကတော့ ပိုက်သတိရလာပြီးစကားပြောနိုင်နေပြီဆိုတာကိုကြားရတဲ့အခါ "လုံးဝကို အံ့သြသွားမိပါတယ်" လို့ ပြောပါတယ်။
အကျဉ်းသားတွေသေဒဏ်ပေးတာကို အသက်ရှင်လွတ်မြောက်ခဲ့တဲ့ ဖြစ်ရပ်တွေ ၇ ခုအထိရှိခဲ့ဖူးပေမဲ့ အဲဒီဖြစ်ရပ်တွေမှာတော့ သေဒဏ်ပေးခံရတဲ့အကျဉ်းသားရဲ့သွေးကြောထဲကို အဆိပ်ဆေးထိုးသွင်းနိုင်ခဲ့တာမျိုး မဟုတ်ဘူးလို့ ဒီနိုက ဘီဘီစီကိုပြောပြပါတယ်။
"သူဟာ အဆိပ်တမျိုးမျိုးကို ကိုယ်ထဲထိုးသွင်းခံခဲ့ရပြီးမှအသက်ရှင်လွတ်မြောက်လာတဲ့ တစ်ဦးတည်းသောသူဖြစ်ပါတယ်။ သူတို့အနေနဲ့ သေဒဏ်ပေးတဲ့လုပ်ငန်းစဉ်မှာ လုပ်ရမယ့်အရာမှန်သမျှကိုအကုန်လုပ်ခဲ့ကြပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။ ဒါမျိုးအရင်ကဘယ်တုန်းကမှ မဖြစ်ဖူးပါဘူး" လို့ ဒီနိုကပြောပါတယ်။
ပိုက်ကိုသေဒဏ်ပေးဖို့ထပ်ကြိုးစားဦးမလားဆိုတာကို အာဏာပိုင်တွေက အခုချိန်အထိမပြောရသေးပါဘူး။ ပန်တိုဘာဘစ်တဲလ် (pentobarbital) အဆိပ်ဆေးရည်ကိုနှစ်ကြိမ်တိုင်တိုင်ထိုးသွင်းပြီးနောက် ဘာတွေမှားယွင်းသွားလဲဆိုတဲ့ရှင်းလင်းချက်ကိုလည်း သူတို့ဘက်ကမပေးသေးပါဘူး။
တန်နက်ဆီပြည်နယ် အုပ်ချုပ်ရေးမှူး ဘီလ် လီ (Bill Lee)ကတော့ အခုနှစ် ကျန်ရှိတဲ့အချိန်တွေအတွင်း သေဒဏ်ပေးမှုအားလုံးကိုရပ်ဆိုင်းထားလိုက်ပြီး ပြည်နယ်ရဲ့အကျဉ်းထောင်များဌာနချုပ် တာဝန်ရှိသူကလည်း ရာထူးကနေနုတ်ထွက်ဖို့စီစဉ်ထားကြောင်း စနေ၊ တနင်္ဂနွေပိတ်ရက်တွေအတွင်းမှာ ပြောကြားခဲ့ပါတယ်။
ပိုက် ဟာ အသက် ၁၉ နှစ်အရွယ် ကိုလင်းစလက်မာကို ရည်းစားဖြစ်သူ တာဒါရီလ် ရှစ်ပ် (Tadaryl Shipp)နဲ့အတူ ရိုက်နှက်ညှဉ်းပန်းကာ သတ်ဖြတ်ခဲ့စဉ်က အသက် ၁၈ နှစ်သာရှိပါသေးတယ်။ ရှစ်ပ် ကတော့ အဲဒီအချိန်က အသက် ၁၇ နှစ်သာရှိသေးတဲ့အတွက် ဥပဒေအရ အရွယ်မရောက်သေးသူဖြစ်တာကြောင့် အဆိုပါတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှုအတွက် သေဒဏ်ကနေကင်းလွတ်ခွင့်ရရှိခဲ့ပြီး ထောင်ထဲမှာဆက်လက်ကျခံနေဆဲဖြစ်ပါတယ်။
ပိုက် ရဲ့ ရှေ့နေတွေဟာ နာ့ရှ်ဗီးလ်မြို့ တရားရုံးမှာ အင်္ဂါနေ့က တရားရုံးထိုင်ဖို့ရှိသလို တရားရုံးပြင်ပမှာလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။ နောက်ဆုံးရရှိတဲ့အချက်အလက်တွေအရ ပိုက် ရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲလျှော့ပေါ့ပေးဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး လီ ကို ရှေ့နေအဖွဲ့က တိုက်တွန်းတောင်းဆိုထားပါတယ်။
ပိုက် ရဲ့ ရှေ့နေအဖွဲ့ကိုအကြံပေးနေတဲ့ မေ့ဆေးဆရာဝန် ဒေါက်တာ ဂျိုဝဲလ် ဇီဗော့ (Dr Joel Zivot)ကတော့ အဆိပ်ဆေးထိုးခံရမှုကနေ ပြန်လည်သက်သာလာဖို့ အလားအလာအလွန်နည်းပါးကြောင်း အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ပိုက် ရဲ့ ခန္ဓာကိုယ်ထဲကို ပန်တိုဘာဘစ်တဲလ် အဆိပ်တွေ ဘယ်လောက်ရောက်သွားလဲ ဆေးထိုးပြီးနောက် သွေးတွင်းပမာဏ ဘယ်လောက်ရှိလဲနဲ့ သူ့ရဲ့ ပြန်လည်သက်သာလာမှုက ဘယ်လိုပုံစံဖြစ်မလဲဆိုတဲ့ မရေရာမှုတွေနဲ့ မသိရသေးတာတွေ အများကြီးကျန်ရှိနေသေးတယ်လို့ ဇီဗော့က ဆိုပါတယ်။
ခရက်ဒစ်-BBC




Comments