အာဆီယံအဖွဲ့ထဲ မြန်မာနိုင်ငံအပြည့်အဝပြန်လည်ဝင်ရောက်နိုင်ရေးအတွက် လုပ်နိုင်သမျှအစွမ်းကုန်လုပ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင်ကို မလေးရှားဝန်ကြီးချုပ်ပြော

ယူဂရင်း/BVJ_အောက်တိုဘာ ၈၊ ၂၀၂၆

စစ်ပွဲဒဏ်ခံနေရတဲ့မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အဝပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မိမိတို့အစိုးရအနေနဲ့ လုပ်ဆောင်နိုင်တာမှန်သမျှဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီနေ့ အောက်တိုဘာ ၈ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံကိုတရားဝင်ခရီးစဉ်ရောက်နေတဲ့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ခရီးစဉ်ဒုတိယရက်မှာ အခုလိုတွေ့ဆုံပြောဆိုလိုက်တာပါ။
အာဆီယံဘုံသဘောထားရပ်တည်ချက် (၅)ရပ်ကို အကောင်အထည်ဖော်မလိုက်နာဘဲ မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့သမ္မတကို တရားဝင်မှုပေးဆက်ဆံနေတဲ့ မလေးရှားအပေါ် ကန့်ကွက်မှုတွေကိုရှိနေချိန်မှာပဲ မလေးရှားဝန်ကြီးချုပ်ကအခုလိုထုတ်ပြောလာတာပါ။
မလေးရှားဝန်ကြီးချုပ် အန်ဝါက မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှုတွေရှိနေဆဲဖြစ်ကြောင်းဝန်ခံခဲ့ပေမယ့် သဘောထားကွဲလွဲမှုတွေကိုလေးစားရမှာဖြစ်ကြောင်းနဲ့ မင်းအောင်လှိုင်အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်လိုတဲ့ဆန္ဒရှိကြောင်းပြသခဲ့တယ်လို့ သူတို့နှစ်ယောက်တွေ့ဆုံပွဲအပြီး ဒီနေ့ အောက်တိုဘာ ၈ရက်က မလေးရှားနိုင်ငံမှာပြုလုပ်တဲ့ နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ပြီးတော့ မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၀,၄၉၃ ဦးကို ပြန်လည်လက်ခံဖို့သဘောတူခဲ့တဲ့အတွက် မင်းအောင်လှိုင်ကိုကျေးဇူးတင်ရှိကြောင်းလည်း မလေးရှားဝန်ကြီးချုပ်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်ကထုတ်ပြန်မှုမှာလည်း မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုစိစစ်အတည်ပြုပြီး အမြန်ဆုံးနေရပ်ပြန်ခေါ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းကောင်းတွေရှိနေတဲ့မြန်မာနိုင်ငံမှာ မလေးရှားကလာရောက်ရင်းနှီးမြုပ်နှံဖို့ဆိုပြီး စစ်ခေါင်းဆောင်ကဖိတ်ခေါ်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မလေးရှားမသွားခင်ရက်ပိုင်းအလို အောက်တိုဘာ ၄ရက်နေ့ကလည်း မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မလေးရှားအစိုးရကနေရပ်ပြန်ပို့ခဲ့တာကြောင့် ဒီအပေါ်မှာ UNအပါအဝင်လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ကန့်ကွက်မှုတွေရှိခဲ့ကြပါတယ်။
Credit-Reuters




Comments