GSCBအဖွဲ့နဲ့ ဒေါက်တာတေဇာဆန်းအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူသုံးဦး Forum 2000 ဆုပူးတွဲရရှိ

သူရ/BVJ_အောက်တိုဘာ ၁၁၊ ၂၀၂၆

ချက်နိုင်ငံအခြေစိုက် forum 2000 အဖွဲ့ကပေးအပ်တဲ့ ၂၀၂၆ ခုနှစ်အတွက် "ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု" ကိုသပိတ်ကော်မတီများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)အဖွဲ့နဲ့အတူ ဒေါက်တာတေဇာဆန်း၊ကိုနန်းလင်းနဲ့ကိုထက်မြတ်အောင်တို့ ပူးတွဲချီးမြှင့်ခံခဲ့ရပါတယ်။
ဒီဆုပေးပွဲကို ချက်သမ္မတနိုင်ငံ၊ ပရာဂ်မြို့မှာရှိတဲ့ Prague Congress Centreမှာ အောက်တိုဘာလ ၁၁ ရက် တနင်္ဂနွေနေ့ညနေပိုင်းကကျင်းပခဲ့တဲ့ Forum 2000ညီလာခံမှာ ထည့်သွင်းကျင်းပခဲ့တာပါ။
ဆုရရှိသူတွေနဲ့ GSCBကိုယ်စား မြန်မာနိုင်ငံကနိုင်ငံရေးတက်ကြွလှုပ်ရှားသူသုံးဦးဖြစ်တဲ့ Women Alliance Burma ကိုပူးတွဲထူထောင်သူ မချမ်း၊ မန္တလေးမြို့ပြတော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (AFCC) အတွင်းရေးမှူး စတန်း နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း ဘုန်းသစ်တို့က တက်ရောက်လက်ခံရယူခဲ့ကြပါတယ်။

ဆုကိုတော့ ချက်သမ္မတနိုင်ငံ စီးနိတ်လွှတ်တော်ဥက္ကဋ္ဌ Miloš Vystrčil ကပေးအပ်ခဲ့တာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို နိုင်ငံပေါင်းများစွာက ဂုဏ်ထူးဆောင်ဧည့်သည်တော် ရာပေါင်းများစွာတက်ရောက်ခဲ့ကြပါတယ်။
ဆုရရှိခဲ့တဲ့ သပိတ်ကော်မတီများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB) ဟာ ကျောင်းသားတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ CDM လှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား သပိတ်ကော်မတီတွေ စတဲ့ အဖွဲ့ပေါင်းများစွာပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး အထွေထွေသပိတ်တွေ၊ သပိတ်မှောက်မှုတွေအပါအဝင် ပြည်သူတွေနဲ့အလုပ်သမားတွေပါဝင်တဲ့ ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဦးဆောင်ကျင်းပနေတဲ့အဖွဲ့ဖြစ်ပါတယ်။
ဆုရရှိသူသုံးဦးထဲက ဒေါက်တာတေဇာဆန်းနဲ့ကိုနန်းလင်းတို့ဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်ပြီး ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုထက်မြတ်အောင်ကတော့ ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလတုန်းကဖမ်းဆီးခံခဲ့ရပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရကာ ထောင်ဒဏ် (၃၇) နှစ် အပြစ်ပေးခံထားရပါတယ်။

"ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုထက်မြတ်အောင်တို့ အပါအဝင် GSCB ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ဆောင်ချက်တွေကို ကျနော်တို့အလေးအနက် တန်ဖိုးထားပါတယ်။ သင်တို့ဟာ တစ်ဦးချင်းစီအနေနဲ့တင်မကဘဲ အပြင်းအထန် နှိပ်ကွပ်ခံနေရတဲ့၊ ဖမ်းဆီးစစ်ဆေးခံရနိုင်ခြေ၊ နှိပ်စက်ခံရနိုင်ခြေနဲ့ ထောင်ကျနိုင်ခြေတွေကြုံတွေ့နေရတဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေကြားထဲမှာတောင် ဆက်လက်လည်ပတ်နိုင်ပြီး စံနမူနာပြနိုင်တဲ့ ကွန်ရက်တစ်ခုကိုတည်ဆောက်သူတွေအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ကြတာဖြစ်ပါတယ်" လို့ Forum 2000 ဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာ Jakub Klepal က ချီးကျူးပြောကြားခဲ့ပါတယ်။
Forum 2000 ဆိုတာ ချက်သမ္မတနိုင်ငံ၊ ပရာဂ်မြို့မှာ ကျင်းပလေ့ရှိတဲ့ ညီလာခံတစ်ခုဖြစ်သလို အဲဒီနာမည်အတိုင်းဖွဲ့စည်းထားတဲ့ ဖောင်ဒေးရှင်း အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းကို ၁၉၉၆ ခုနှစ်တုန်းက ချက်သမ္မတ ဗာဆလက် ဟာဗဲလ် (Václav Havel)၊ ဂျပန်စေတနာရှင် ယိုဟေး ဆာဆာကာဝါ (Yohei Sasakawa) နဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အီလီ ဝီဆဲလ် (Elie Wiesel) တို့ သုံးဦးပူးပေါင်းထူထောင်ခဲ့ကြတာပါ။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ၊ ဒီမိုကရေစီရဲ့ အနာဂတ်၊ ဘာသာရေးဆိုင်ရာသည်းခံညှိနှိုင်းမှုနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်နိုင်မယ့်အခွင့်အလမ်းနဲ့ နေရာတစ်ခု ဖန်တီးပေးဖို့အတွက်ရည်ရွယ်ပြီး ဒီအဖွဲ့အစည်းကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ Forum 2000 ဖောင်ဒေးရှင်းရဲ့ နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့ဝင်အဖြစ် တရားဝင်ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၃ ခုနှစ်မှာတော့ ချက်သမ္မတနိုင်ငံ၊ ပရာဂ်မြို့မှာကျင်းပခဲ့တဲ့ Forum 2000 ညီလာခံကို ပထမဆုံးအကြိမ်ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။




Comments