top of page

အိုးဘိုထောင်က အကျဉ်းသား ၆၀ ကျော် ဝမ်းရောဂါဖြစ်ပွားနေ

  • Writer: BVJ
    BVJ
  • Jan 24, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇန်နဝါရီ ၂၄ ၊ ၂၀၂၅

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် အကျဉ်းထောင်အတွင်း အစားအသောက် ချက်ပြုတ်မှုကို ၂၀၂၃ ဇန်နဝါရီလအတွင်းက ကြည့်ရှုစစ်ဆေးနေစဉ် (Photo: CINCDS)
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် အကျဉ်းထောင်အတွင်း အစားအသောက် ချက်ပြုတ်မှုကို ၂၀၂၃ ဇန်နဝါရီလအတွင်းက ကြည့်ရှုစစ်ဆေးနေစဉ် (Photo: CINCDS)

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား၊ အကျဉ်းသူ (၆၅)ဦး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ဆီက သိရပါတယ်။


အကျဉ်းထောင်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုဟာ အခု ဇန်နဝါရီ ဒုတိယပတ်မှာ စတင်ဖြစ်ပွားခဲ့ကာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ဝမ်းပိတ်ဆေးနဲ့ ဓာတ်ဆားတစ်ထုပ်စီသာ ပေးထားပြီး ကျန်းမာရေးစောင့်ရှောက် အပြည့်အဝမပေးထားဘူးလို့ သိရပါတယ်။ ဝမ်းရောဂါဖြစ်ပွားသူ ထောင်တွင်း အကျဉ်းသား (၄၀)ဦးနဲ့ အကျဉ်းသူ (၂၅)ဦးအထိရှိခဲ့ပြီး ဝမ်းရောဂါ ဆက်ဖြစ်နေဆဲလို့ သိရပါတယ်။


လက်ရှိ အိုးဘိုထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူတွေကိုကျွေးတဲ့ ထမင်းဟာ စားသောက်ဖို့ အဆင်မပြေဖြစ်တာကြောင့် အကျဉ်းသား၊ အကျဉ်းသူတွေနဲ့ ထောင်အာဏာပိုင်တွေကြား တင်းမာမှု အခုလ ဇန်နဝါရီ ၁၄ ရက်နောက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါသေးတယ်။


“အဓိကက ထမင်းတွေက စားလို့မရအောင် ပျော့နေတာမျိုး၊ စားလို့မရအောင် မာနေတာမျိုးဖြစ်တာရှိတယ်။ အထူးသဖြင့် ပဲဟင်းတွေက တစ်ခါတခါမှာ သိုးနံ့ထွက်တာမျိုးတွေရှိတယ်။ အဲသလို အနံ့ထွက်တဲ့အခါ ပြုပြင်ပြောင်းလဲပေးဖို့ပြောတဲ့အခါမှာလည်း အများနဲ့မို့ မရဘူးဆိုတဲ့ပုံစံမျိုးတွေလည်း ပြောတယ်။ စားဖို့ရှိတဲ့သူတွေအတွက် သိပ်ပြဿနာမရှိပေမဲ့ စားဖို့မရှိတဲ့သူတွေအတွက်က ဒီဟာကိုပဲ ဦးတည်စားရတာမျိုးကျတော့ ဒီလိုဝမ်းပျက်ဝမ်းလျှောရောဂါမျိုး ဖြစ်တယ်လို့ ပြောလို့ရပါတယ်” လို့ PPNM တာဝန်ခံ ကိုသိုက်ထွန်းကလည်း ပြောပါတယ်။


ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူတွေထဲက အချို့ဟာ သက်သာမှုရှိပေမဲ့ ကိုယ်ခန္ဓာမှာ အနီရောင်အစက်အပြောက်တွေ ဖြစ်ပေါ်နေတာလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့် နောက်ဆက်တွဲ အနီစက်အပြောက်တွေ ပေါ်တတ်ပြီး ဖြစ်ပွားတဲ့ လူနာအပေါ် မူတည်ပြီး ကွဲပြားနိုင်တယ်လို့လည်း CDM ဆရာဝန်တစ်ဦးက Burma VJ ကို ပြောပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာ ကျန်းမာရေးလုံလောက်စွာ စောင့်ရှောက်မှု မရရှိခဲ့တာကြောင့် သေဆုံးခဲ့သူ (၂၂)ဦးထက်မနည်းရှိခဲ့တယ်လို့ PPNM ကလည်း ထုတ်ပြန်ထားပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီးမှာ သေဆုံးခဲ့ရသူ နိုင်ငံရေးအကျဉ်းသား (၁၀၃)ဦးထက်မနည်းရှိခဲ့ပြီး ဆေးဝါးကုသမှု အလုံအလောက်မရရှိခဲ့တာကြောင့် သေဆုံးသူ (၆၃)ဦးပါဝင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါသေးတယ်။


စစ်ကောင်စီ မတရားဖမ်းဆီးမှုကြောင့် အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရစဉ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရှိခဲ့တာကြောင့် သေဆုံးခဲ့ရသူတွေထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဦးဇော်မြင့်မောင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ ကွယ်လွန်ခဲ့သလို NLD အစိုးရလက်ထက် လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းခိုင်လည်း နိုဝင်ဘာ ၈ ရက်မှာ ကွန်လွန်ခဲ့ရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page