"Taichitoက မေမေ့ရဲ့အဖော်ဆိုတာထက် ပိုပါတယ်။မေမေနဲ့ခွဲခွာခဲ့ရခါနီးခက်ခဲလွန်းတဲ့အချိန်မှာ ကျွန်တော်မေမေ့လက်ထဲထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းပါ"
- BVJ

- 3 days ago
- 1 min read
BVJ_ဇွန် ၂၂၊ ၂၀၂၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အချစ်တော်ခွေးလေး တိုက်ချီတို (Taichito)ဟာ မနေ့ကဇွန်လ ၂၁ ရက်နေ့ညပိုင်းမှာ ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄)နေအိမ်မှာသေဆုံးသွားခဲ့ပါတယ်။
ခွေးလေးတိုက်ချီတိုကို ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကပြန်လည်လွတ်မြောက်လာတဲ့ ၂၀၁၀ခုနှစ်မှာ သားငယ်ကိုထိန်လင်း (ခ)ကင်မ်အဲရစ်က အမေဖြစ်သူကိုလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ခွေးလေးတိုက်ချီတိုသေဆုံးမှုနဲ့ပတ်သက်ပြီး ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဒီနေ့ ဇွန် ၂၂ရက် နေ့လယ်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုရေးသားလာပါတယ်။
"Taichitoက မေမေ့ရဲ့အဖော်ဆိုတာထက် ပိုပါတယ်။

မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ ကျွန်တော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းပါ။
သူလည်း ကျွန်တော်လိုပဲ မေမေကို ဆုံးရှုံးခဲ့ရပါတယ်။
မေမေကို ဘယ်ကိုခေါ်သွားခဲ့တယ်ဆိုတာ သူမသိခဲ့ဘူး။
ကျွန်တော့်လိုပဲ သူ စောင့်နေခဲ့တယ်"
အသက် ၁၆ နှစ်အရွယ်မှာသေဆုံးသွားတဲ့တိုက်ချီတိုလေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဉ်ဘဝမှာအရေးပါတဲ့အဖော်ဖြစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေ၊ မဲဆွယ်စည်းရုံးရေးကာလတွေမှာလည်း သခင်ဖြစ်သူနဲ့အတူမြင်တွေ့မြင်ရတတ်ပါတယ်။
ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က မိခင်ဖြစ်သူကိုသူလည်းစောင့်နေပေမယ့် ပြန်တွေ့ခွင့်ရဖို့မသေချာကြောင်းနဲ့ အသက်ရှင်နေသေးရင်မိသားစုနဲ့ပြန်တွေ့ခွင့်ပေးပြီး လွတ်မြောက်ခွင့်ပေးဖို့ကိုလည်းတပါထဲပြောထားပါတယ်။
"ကျွန်တော်လိုပဲ သူလဲမေမေကို တစ်ခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာပါ။
အခုတော့ Taichitoလည်းမရှိတော့ပါဘူး။
သူ မေမေကို နောက်ဆုံးတစ်ခေါက်တောင်ပြန်မတွေ့လိုက်ရဘူးဆိုတာတွေးမိရင် ကျွန်တော် သိပ်နာကျင်ရပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း မေမေကို ဘယ်အချိန်မှာ ပြန်တွေ့ရမလဲ၊ ပြန်တွေ့ခွင့်တောင် ရပါ့မလားဆိုတာ မသိရသေးပါ။
သူက မေမေကို စောင့်ခဲ့တယ်။
ကျွန်တော်လည်း အခုထိ စောင့်နေတုန်းပါပဲ။
မေမေ အသက်ရှင်နေတယ်ဆိုရင် မိသားစုကို တွေ့ခွင့်ပေးပါ။
မေမေကို လွတ်မြောက်ခွင့်ပေးပါ"
စစ်အုပ်စုဟာ အာဏာသိမ်းညထဲကနေ လက်ရှိအချိန်ထိဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာချုပ်နှောင်ထားလဲဆိုတာထုတ်မပြောသလို မိသားစု၊ရှေ့နေတွေနဲ့အဆက်အသွယ်ဖြတ်တောက်ထားတာဖြစ်ပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အသက်ရှိထင်ရှားရှိနေကြောင်းသက်သေပြဖို့အတွက် Proof of Lifeကမ်ပိန်းလှုပ်ရှားမှုတွေလုပ်ပြီး တောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်။
ဒါပေမယ့်တောင်းဆိုမှုတွေကို လက်ရှိအချိန်ထိစစ်အုပ်စုကလျစ်လျှူရှုမသိကျိုးကျွန်ပြုနေတာကြောင့် ကမ်ပိန်းကိုအရှိန်မြှင့်ဆက်လုပ်သွားမယ်လို့ မနေ့ကညပိုင်းမှာကြေညာထားပါတယ်။
ခွေးလေးတိုက်ချီတိုအသက်ရှိနေတုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုစောင့်နေတဲ့အကြောင်းရုပ်သံကို ဒီလင့် https://tinyurl.com/2sxn2kc6 ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။




Comments