top of page

PLAစခန်းဝင်စီးချိန် မိုင်းထိပြီး PDFရဲဘော် ၄ ယောက်ကျဆုံး

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

တော်လှန်ရေးတပ်ဖွဲ့ချင်းဆွေးနွေးညှိနှိုင်းအဖြေရှာလိုဟု PLAထုတ်ပြန်

မိုနာ/BVJ_ဇွန် ၂၃၊ ၂၀၂၆

ပုံဟောင်းဖြစ်ပါသည်။
ပုံဟောင်းဖြစ်ပါသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့ တပ်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ PDFတပ်ဖွဲ့တွေက မနေ့က ဇွန် ၂၂ရက်ကဝင်ရောက်စီးနင်းချိန်မှာ PLAထောင်ထားတဲ့မိုင်းတွေထိပြီး ရဲဘော် ၄ယောက်ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFက မနေ့ကညသန်းခေါင်အချိန်မှာ သတင်းထုတ်ပြန်ပါတယ်။


PLAဟာ ပြီးခဲ့တဲ့မေလ (၂၆) ရက်နေ့၊ ည (၁၁:၀၅)နာရီအချိန်မှာ မြင်းခြံခရိုင်၊ ဝဲလောင်းကျေးရွာအုပ်စု၊ ဝဲလောင်းကျေးရွာနေ ပြည်သူတစ်ဦးဖြစ်တဲ့ ဦးသန်းကိုဖမ်းဆီးသွားပြီး ဦးသန်းနဲ့အတူ ကားတစီး၊ ယိုးဒယား 110 ဆိုင်ကယ် တစ်စီး၊ လော်ဂျား 110 ဆိုင်ကယ် တစ်စီး၊ အိမ်ဝိုင်းစာချုပ်၊ အိမ်ထောင်စုဇယား၊ ဘွဲ့လတ်မှတ်တွေနဲ့ ငွေသား ကျပ်(၁၀)သိန်းကိုပါယူဆောင်သွားခဲ့တာကြောင်းနဲ့ ဇွန်လ (၁၈) ရက်နေ့၊ နေ့လယ်(၃:၂၁) အချိန်မှာတော့ ဦးသန်းရဲ့ဇနီးဖြစ်သူကို ဇွန်လ (၁၉) ရက်နေ့မှာ သိန်းနှစ်ထောင်မပေးရင်ဦးသန်းကိုသတ်ပစ်မယ်လို့ PLAကချိန်းခြောက်လာတာကြောင့် ဇနီးဖြစ်သူကတောင်သာမြို့နယ် ပလဖရုံးကိုဆက်သွယ်အကူအညီတောင်းလာခဲ့တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFကထုတ်ပြန်ပါတယ်။


အဲ့ဒီနောက် ဦးသန်းကို ၇ ရက်အတွင်းပြန်လွှတ်ပေးဖို့၊ သိမ်းဆည်းထားတဲ့ပစ္စည်းတွေကို ကာယကံရှင်ဆီကို ပြန်လည်ပေးအပ်ဖို့ဆိုပြီး တောင်သာမြို့နယ် ပကဖကနေ PLA ဆီကို ဇွန် ၁၈ရက်မှာ လူကိုယ်တိုင်သွားရောက်စာပေးပို့ခဲ့ပေမယ့် ဇွန် ၁၉ရက်မှာတော့ PLAကပြန်မလွှတ်ပေးနိုင်ကြောင်းနဲ့ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်နိုင်ကြောင်းဆိုပြီး စာနဲ့အကြောင်းပြန်ခဲ့တယ်လို့ဆိုပါတယ်။


NUGခရိုင်တွင်းနေထိုင်မယ်ဆိုပါက တည်ဆဲဥပဒေတွေကိုလေးစားလိုက်နာဖို့နဲ့ ဦးသန်းကို ပြန်လည်အပ်နှံဖို့ဆိုပြီး ထပ်တောင်းဆိုခဲ့တာကြောင့် PLAက ဗဟိုကိုတင်ပြပြီးပြန်လည်အကြောင်းပြန်မယ်လို့သာပြောခဲ့ပြီး မနေ့ကဇွန်(၂၂) ရက်နေ့၊ နေ့လယ်၁၂နာရီမှာတော့ PLA ကိုထပ်မံဆက်သွယ်ခဲ့ရာ ဦးသန်းကိုပြန်လွှတ်ပေးလိုက်ပြီလို့အကြောင်းပြန်ခဲ့တယ်လို့ PDF

ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


"ဖမ်းဆီးခံရသည့် ဦးသန်းကို တောင်သာမြို့နယ်၊ ဝဲလောင်းရွာနှင့်ရွာသစ်ရွာကြားတွင် ရိုက်နှက်ထားသော ဒဏ်ရာများဖြင့် သတိလစ်လျက်ပြန်လည်တွေ့ရှိခဲ့ရပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ယခုသတင်းထုတ်ပြန်ချိန်အထိ အပ်နှံခြင်းမရှိသေးပါ"လို့ PDFကထုတ်ပြန်ပါတယ်။

ဒါကြောင့်မို့ ရဲဘော်တွေက ဦးသန်းကိုလိုအပ်တဲ့ကယ်ဆယ်ကုသမှုတွေပြုလုပ်ပြီး မြို့နယ် ပလဖနဲ့ပကဖတွေဆီကိုအပ်နှံပြီးနောက် သဘောတူညီမှုအရ ခရိုင်တွင်းမှာနေထိုင်ခြင်းမရှိတော့တဲ့PLA စခန်းတွေကိုဝင်ရောက်ခဲ့ရာမှာတော့ ရဲဘော်တွေအိပ်တဲ့အိပ်ဆောင်နေရာတွေမှာ ရည်ရွယ်ချက်ရှိရှိ မိုင်းတွေထောင်ထားခဲ့တာကြောင့် ရဲဘော် (၄)ဦး မိုင်းဒဏ်ရာနဲ့ကျဆုံးပြီးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


PLAပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကတော့ စခန်းလုံခြုံ​ရေးအတွက် မိုင်းတွေထောင်ထားတာဖြစ်ကြောင်းနဲ့ PDFတွေဝင်​ရောက်စီးနင်းမှုအတွင်း ထိပ်တိုက်ပစ်ခတ်မှုမဖြစ်အောင် အချိန်မီ​​ရှောင်​တိမ်းရတာ​ကြောင့် မိုင်းရှင်းလင်း​ရေး​သေချာမလုပ်နိုင်ခဲ့ဘူးလို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ပုံဟောင်းဖြစ်ပါသည်။
ပုံဟောင်းဖြစ်ပါသည်။

ဒါ့အပြင် တောင်သာကိစ္စနဲ့ပတ်သက်ပြီး PLAက ဒီနေ့ ဇွန် ၂၃ရက်မနက်မှာ နောက်ဆက်တွဲထုတ်ပြန်လာပါတယ်။

အဲ့ဒီထဲမှာ PLAကဖမ်းမိထားတဲ့ ရဲတပ်သားချစ်ကိုဦးနဲ့သူ့အမျိုးသမီးတို့ထွက်ဆိုချက်အရ လက်ရှိရန်ကုန်မြို့မှာနေထိုင်နေတဲ့ တောင်သာပြည်သူ့စစ်အငြိမ်းစားစစ်မှုထမ်းဟောင်း ဦးအောင်ထွန်းဦးရဲ့စေခိုင်းချက်နဲ့ ဒေသခံပြည်သူ့စစ်(ပျူစောထီး)ဖွဲ့ဖို့ လျို့ဝှက်ရောက်နေပြီး သေနတ်ငါးလက်ဖွက်ထားကြောင်းနဲ့ ဝဲလောင်မြို့နယ်မှာ ရန်သူ့သတင်းပေးဒလန်ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ဒါကြောင့် အဲ့ဒီဆက်စပ်တရားခံကို မေ ၂၆ရက်မှာဖမ်းခဲ့ပြီး သူဟာဝဲလောင်တဝိုက်မှာ PLAနဲ့PDFတွေရဲ့လှုပ်ရှားမှုသတင်းတွေကို ဝဲလောင်စခန်းမှူးကိုပေးပို့နေသူဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့ဆိုပါတယ်။


သူ့ကိုဖမ်းထားချိန်မှာ သူ့အမျိုးသမီးဖြစ်သူက PLAတောင်သာမြို့နယ်ဆီကိုဆက်သွယ်လာပြီး ငွေကျပ်သိန်းနှစ်ရာ၊ သိန်းငါးရာ၊ သိန်းတစ်ထောင်တို့ပေးပြီး တရားခံကိုပြန်လွှတ်ပေးဖို့ အဆင့်ဆင့်ညှိနှိုင်းလာကြောင်းနဲ့ PLAကလက်မခံဘဲငြင်းခဲ့တာကြောင့် တခြားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလုပ်ဆောင်မယ်ပြောပြီး ထပ်မဆက်သွယ်လာတော့ဘူးလို့ PLAကထုတ်ပြန်ပါတယ်။

NUGရဲ့ထုတ်ပြန်ချက်မှာတော့ "ဦးသန်းသည် ကားသမားတဦးဖြစ်ပြီး သတင်းပေး ဒလန်မဟုတ်ပဲ ပြည်သူတဦးသာဖြစ်ပါသည်"လို့ ဖော်ပြပါတယ်။

PLAကဖမ်းမိထားတဲ့ ရဲတပ်သားချစ်ကိုဦးနဲ့သူ့အမျိုးသမီးကို တောင်သာပကဖဆီလွှဲပြောင်းဖို့ အခုလ ဇွန် ၁၂ရက်မှာအကြောင်းကြားခဲ့ပေမယ့် လက်ခံဖို့အဆင်သင့်မဖြစ်သေးဘူးလို့အကြောင်းပြန်ခဲ့တာကြောင့် ၁၈ရက်နေ့မှာမှ လွှဲပြောင်းပေးခဲ့တယ်လို့ PLAဆိုပါတယ်။


ပြီးတော့ ဆက်စပ်တရားခံရန်သူ့သတင်းပေးကိုလွှဲပြောင်းဖို့ဆောင်ရွက်နေချိန်မှာ ၃၆နာရီအတွင်းလွှဲပေးဖို့နဲ့မလိုက်နာရင် နောက်ဆက်တွဲကိစ္စတွေတာဝန်မယူဘူးဆိုပြီး တောင်သာပကဖကခြိမ်းခြောက်စာပေးပို့လာတယ်လို့ပြောထားပါတယ်။


ဇွန် ၂၁ရက်မှာတော့ NUGလက်အောက်က မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က အင်အား ၅၀၀ခန့်နဲ့ တောင်သာမြို့နယ်PLAအထိုင်စခန်းတွေကိုပိတ်ဆို့၊ တာဝန်နဲ့သွားလာနေတဲ့ ထောက်ပို့ရဲ‌ဘော် ၂ယောက်ကို ဖမ်းဖို့ကြိုးစားခဲ့ကြောင်းနဲ့ မနေ့က ၂၂ရက်မှာတော့ မြင်းခြံခရိုင်ကွပ်ကဲရေးက တရားခံကိုလွှဲပြောင်းပေးဖို့နဲ့PLAအနေနဲ့ခရိုင်အတွင်းကထွက်သွားဖို့ဆိုပြီး ဖိအားပေးလာတယ်လို့ PLAကထုတ်ပြန်ပါတယ်။


အဲ့ဒီနောက် ၂၂ရက်နေ့လယ်မှာ သတင်းပေးတရားခံကိုပြင်းပြင်းထန်ထန်သတိပေးပြီးပြန်လွှတ်ခဲ့ကြောင်းနဲ့ တရားခံဆီကငွေကြေးလက်ခံတာမရှိဘူးလို့ PLAကပြောထားပါတယ်။


နေ့လယ်တစ်နာရီခန့်မှာတော့ PDFတွေအင်အားအလုံးအရင်းနဲ့PLAစခန်းတွေကိုဝင်စီးပြီး ရွာထဲကPLAကိုကူညီနေတဲ့ပြည်သူတွေရဲ့အိမ်ကိုဝင်စစ်မေးခြင်း၊ PLAရဲဘော်တစ်ဦးရဲ့အမကို သေနတ်နဲ့ထောက်ဖမ်းခေါ်သွားတယ်လို့ PLAဘက်ကထုတ်ပြန်ပါတယ်။


PLAအနေနဲ့ NUGရဲ့ကာကွယ်ရေး၊အုပ်ချုပ်ရေး ယန္တရားတွေမှာအကောင်းဆုံးပူးပေါင်းဖို့ကြိုးစားနေပြီး အခုလိုဖိအားပေးခြိမ်းခြောက်၊တပ်စခန်းတွေအင်အားသုံးစီးနင်းမှုကို ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ချင်းဆွေးနွေးညှိနှိုင်းအဖြေရှာလိုတဲ့မူကိုသာ ဆက်လက်ကိုင်စွဲထားတယ်ဆိုပြီး ပြည်သူကိုအသိပေးလာပါတယ်။


NUG PDFရဲ့ထုတ်ပြန်ချက်မှာတော့ PLA နဲ့ပတ်သက်ပြီး ပြည်သူတွေတိုင်ကြားထားတာရှိတာကြောင့် နောက်ဆက်တွဲထုတ်ပြန်မယ်လို့ပြောထားပါတယ်။


လက်ရှိမှာတော့ နှစ်ဘက်တပ်ဖွဲ့တွေအနေနဲ့ပြေလည်မှုမရသေးဘဲ ညှိနှိုင်းဆွေးနွေးနိုင်တာမျိုးလည်းမရှိသေးဘူးလို့ အခြေအနေတွေကိုသိရှိတဲ့ဒေသခံက Burma VJကိုပြောပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page