အိန္ဒိယက ပါကစ္စတန်ကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်
- BVJ
- May 7
- 1 min read
အိန္ဒိယဂျက်ဖိုက်တာလေယာဉ်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန် ပြော
BVJ/Moore _ မေ ၇ ၊ ၂၀၂၅

ပါကစ္စတန်နိုင်ငံအတွင်းက အကြမ်းဖက်သမားတွေရှိတဲ့နေရာ ၉ ခုကို အိန္ဒိယအစိုးရက လက်တုံ့ပြန်တိုက်ခိုက်မှု ဒီနေ့မနက်အစောပိုင်းမှာ လုပ်ဆောင်ခဲ့ချိန် ပါကစ္စတန်ကလည်း ပြန်လည်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဒါဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံနှစ်ခုကြား စစ်ရေးတင်းမာမှုမြင့်တက်လာနေချိန် နှစ်ဖက်အပြန်အလှန် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
ပါကစ္စတန်ထိန်းချုပ်ထားတဲ့ဘက်ခြမ်း ကက်ရှ်မီးယားနယ်မြေထဲက အကြမ်းဖက်စခန်း ၉ နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယအစိုးရက ထုတ်ဖော်ပြောကြားထားပြီး ဒါဟာ ပါကစ္စတန်ကထောက်ပံ့ထားတဲ့အကြမ်းဖက်သမားတွေ အိန္ဒိယထိန်းချုပ်ထားတဲ့ဘက်ခြမ်း ကက်ရှ်မီးယားနယ်မြေကို တိုက်ခိုက်ခဲ့တဲ့အတွက် လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က အိန္ဒိယထိန်းချုပ်ထားတဲ့ဘက်ခြမ်း ကက်ရှ်မီးယားဒေသအတွင်းမှာ ဒေသတွင်း ခရီးသွားအဖွဲ့တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံသား ၂၆ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိစစ်ဆင်ရေးနဲ့ပတ်သက်ပြီး အိန္ဒိယက ဆင်ဒူး (Sindoor) စစ်ဆင်ရေးလို့ အမည်ပေးထားပြီး ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အိန္ဒိယနိုင်ငံသားတွေရဲ့ အတွက် လက်တုံ့ပြန်စစ်ဆင်ရေးတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဆင်ဒူး(Sindoor) ဟာ ဟိန္ဒူအိမ်ထောင်ရှင်အမျိုးသမီးတွေရဲ့ ဦးခေါင်းမှာ လိမ်းထားတဲ့ တောက်ပတဲ့အနီရောင်အမှုန့်ကို ခေါ်ဆိုတာဖြစ်ပြီး ဧပြီလအတွင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ခင်ပွန်းသည်တွေကို ဆုံးရှုံးလိုက်ရတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကို ရည်ညွှန်းတာဖြစ်တယ်လို့ AP သတင်းဌာနကလည်း ဖော်ပြထားပါတယ်။
အိန္ဒိယရဲ့တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် ပြည်သူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါကစ္စတန်က ပြောကြားထားပြီး ဒါဟာ စစ်ပွဲတစ်ခုပုံစံဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ပါကစ္စတန်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်မှုကြောင့် အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားနယ်မြေအတွင်းက ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့နဲ့ ဆေးအဖွဲ့က ပြောဆိုထားပြီး တိုက်ခိုက်မှုအတွင်း နှစ်ဖက် အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေ လုပ်ဆောင်နေကြပါတယ်။
ဒါ့ပြင် ဒီနေ့မနက်ပိုင်း နှစ်ဖက်တိုက်ခိုက်မှုအတွင်း အိန္ဒိယဂျက်ဖိုက်တာလေယာဉ်တွေကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ပြောကြားထားပြီး ၂ စင်းဟာ အိန္ဒိယထိန်းချုပ်နယ်မြေဘက်ခြမ်း ကက်ရှ်မီးယားဒေသထဲမှာ ပျက်ကျခဲ့တယ်လို့ ဆိုပါတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ စစ်ရေးတင်းမာမှုကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကလည်း စိုးရိမ်နေကြပြီး နှစ်ဖက်တင်းမာမှုကို လျှော့ချဖို့နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။
Ref: AP, Bangkok Post, CNN
コメント